ဘွိုင်လာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရွေ့လျားနိုင်သော ဘွိုင်လာ
(ပိုလန်နိုင်ငံတွင် ထိန်းသိမ်းထားသည်။)
အသေတပ်ဆင်ထားသော ဘွိုင်လာ
(အမေရိကန် ပြည်ထောင်စု)

ဘွိုင်လာအိုးဆိုသည်မှာ အပူတိုက်ပေးခြင်း ဖြင့် အရည်တစ်ခုခုကို အငွေ့အဖြစ်သို့ပြောင်းလဲ ပေးသည့် သတ္တုကျိုအိုးဖြစ်သည်။ ကျိုအိုးထဲ၌ ထည့်ထားသည့် အရည် သည် အငွေ့ဖြစ်သွားသောအခါ ကန်ထွက်လာသည်။ ကျိုအိုးမှာ အလုံပိတ်ထားသဖြင့် အဆိုပါ အငွေ့တွင် တွန်းကပ်ဖိနှိပ်နိုင် သည့် အားရှိသည်။ ထိုအငွေ့ကို ခုတ်မောင်း လည်ပတ်စေလို သော စက်သို့ပြွန်များဖြင့် သွယ်ယူပို့ဆောင်ပေးသောအခါ အငွေ့၏ ဖိအားဖြင့်စက် လည်လေသည်။ ပြဒါးစသော အခြား အရည်များကို အသုံးပြုသည့် ဘွိုင်လာမျိုးလည်း ရှိ၏။ သို့သော် ကမ္ဘာတွင် မီးရထား မီးသင်္ဘောမှစ၍ စက်ရုံအလုပ်ရုံ များ၌ ရေနွေးငွေ့စက်များကို အသုံးများရကား ဘွိုင်လာဟု ဆိုလျှင် ရေနွေး ငွေ့ကို ဖန်တီးပေးသည့် ရေနွေးငွေ့ဘွိုင်လာ ကိုသာ ယေဘုယျအားဖြင့် နားလည်ကြ ဆိုလိုကြပေသည်။

ဘွိုင်လာပြုလုပ်ထားပုံ သဘောမှာ အလုံပိတ်ထားသော အိုးတွင် ရေထည့်ထားပြီးနောက် အိုးအောက်ဘက်မှထင်းမီးသွေး စသည်ဖြင့် အပူတိုက်ပေးသည်။ ရေဆူရာမှ ဖြစ်ပေါ်လာသော ရေနွေးငွေ့တို့သည် အိုးအတွင်း၌ ရေမျက်နှာအထက်တွင် တွန်းကန်နိုင် ဖိနှိပ်နိုင်သောအားဖြင့် စုဝေး၍နေသည်။ ရေနွေး ငွေ့စက်ကို ခုတ်မောင်းရာ တွင် အထက်၌ ဖော်ပြခဲ့သည့် အတိုင်း အဆိုပါ ဖိအားရှိသော ရေနွေးငွေ့တို့ကို ပြွန်များဖြင့် စက်သို့ဆက်သွယ် ပို့ဆောင်ပေးရလေသည်။ ရေနွေးငွေ့၏ ဖိအားကြောင့် ဘွိုင်လာပေါက်ကွဲတတ်၏။ ထို့ကြောင့်ဘွိုင်လာ အိုးများကို သေချာခိုင်ခံ့စွာ ပြုလုပ်ပြီးနောက် အသုံးမပြုမီ အကြိမ်ကြိမ် စမ်းသပ်ရန် လိုပေသည်။ ဘွိုင်လာ၏ ဖိအားကို မျက်နှာပြင် စတုရန်း တစ်လက်မပေါ်တွင် ဖိနှိပ်နိုင်သော ပေါင်ချိန်အားဖြင့် တိုင်းတာရ၍ ဘွိုင်လာတိုင်း၌ ခံနိုင်ရည် ရှိသည့် ဖိအားကို ရေးမှတ် ဖော်ပြထားရသည်။ ဘွိုင်လာတွင် ဖိအားကို ပြသောကရိယာ တပ်ဆင်ထား၍ ဘွိုင်လာထဲ၌ ဘေးအန္တရာယ် ဖြစ်လောက်အောင် ဖိအားကြီးမားလာခဲ့သော်၊ ရေနွေးငွေ့သည် သူ့အလိုအလျောက် လွတ်မြောက် ထွက်သွား နိုင်စေရန်အတွက် ဘေးကင်းအဆို့ရှင် ခေါ် ရေနွေးငွေ့ ထွက်ပေါက် တစ်ခုခုကိုလည်း တပ်ဆင်ထားရလေသည်။

ရှေးဦး ရေနွေးငွေ့စက်များနှင့်အတူ ပေါ်ပေါက်လာခဲ့ သော ကနဦး ဘွိုလင်လာများတွင် ဘွိုင်လာ၏ ပုံမှာ လေးထောင့်သေတ္တာပုံဖြစ်၍၊ ဖိအားမှာ စတုရန်း တစ်လက်မ လျှင် ၂ ပေါင်မှ ၄ ပေါင်အထိသာ ရှိသဖြင့် အလွန် ပင်နည်း ၏။ ထိုနောက် ဂျိမ်းစဝပ်ဆိုသူ ( ၁၇၃၆-၁၈၁၉ ခုနှစ် ) တီထွင်သော ဘွိုင်လာမှာ ဖိအား ၁ဝ ပေါင်ခန့်ရှိလာသည်။ ရစ်ချတ်ထရက်ဗီလစ် ( ၁၇၇၁-၁၈၈၃ ခုနှစ် ) ဆိုသူ တီထွင် သော ဘွိုင်လာမှာ ပြောင်းလုံးပုံဖြစ်၍ အလျားလိုက် လှဲထား သည်။ ထိုဘွိုင်လာတွင် မီးဖိုကို ဘွိုင်လာအတွင်းဘက်၌ တပ်ဆင်ထား၍ ဝပ်တီထွင်သော ဘွိုင် လာထက် ဖိအား ၁ဝ ဆခန့်ပိုလာသည်။ ထိုမှတစ်ဆင့် တစ်မျိုးထက်တစ်မျိုး သာလွန်ကောင်းမွန်သော ဘွိုင်လာ များကို ပုဂ္ဂိုလ်အသီးအသီး က တစ်ခေတ်ပြီးတစ်ခေတ် ကြံစည်တီထွင်လာခဲ့ကြရာ ယခု သော် စတုရန်း တစ်လက် မလျှင် ဖိအား ပေါင်ချိန် ၁၂ဝဝ ရှိသော ဘွိုင်လာကြီးများပင် ပေါ်ပေါက်၍ နေပေပြီ။

ဘွိုင်လာသည် ယင်းကိုယ်တိုင် အလုပ်ကို တိုက်ရိုက် လုပ်ကိုင်ခြင်း မဟုတ်ဘဲ၊ ယင်းမှရရှိသော ရေနွေးငွေ့က စက် ကို ခုတ်မောင်းစေ၍၊ စက်ကသာ အလုပ်လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘွိုင်လာ၏ စွမ်းရည်ကို ဘွိုင်လာ-မြင်းအား နှင့် တိုင်းတာကြ၍ ဘွိုင်လာမြင်း တစ်ကောင်အားမှာ ဖာရင် ဟိုက် ဒီဂရီ ၂၁၂ အပူချိန်၌ အလေးချိန် ၃၄ ၁/၂ ပေါင်ရှိ သော ရေကို တစ်နာရီအတွင်း ခြောက်သွေ့သော ရေနွေးငွေ့ အဖြစ်သို့ပြောင်းလဲ ပေးနိုင်သည့် စွမ်းရည်ဖြစ်သည်။ ယခု ခေတ်ရှိ အလွန်ကြီးမားသော ဘွိုင်လာကြီးများမှာ တစ်နာရီ လျှင် ပေါင်ချိန် တစ်သန်းရှိသော ရေနွေးငွေ့ကို ထုတ်ပေးနိုင်၍ ဤစွမ်းရည်သည် ဘွိုင်လာမြင်းအား ၃၅ဝဝဝ ခန့်နှင့် ညီမျှ လေသည်။

ပြုလုပ်စီစဉ်ထားပုံနှင့် ပြုလုပ်ထားသည့် ပုံစံကို လိုက်၍လည်းကောင်း၊ အသုံးပြုပုံကိုလိုက်၍ လည်းကောင်း ဘွိုင်လာများကို အမျိုးမျိုး အစားစား ခွဲခြားခေါ်ဝေါ်ကြသည်။ သို့သော် ရေကိုအမြန်ဆုံး ဆူစေရန်အတွက် အပူ တိုက်ပေးရ မည့် ရေမျက်နှာပြင်ကို အကျယ်ပြန့်ဆုံးဖြစ်အောင် ဖန်တီးပေး ထားကြသည့် သဘောမှာမူ အတူတူပင် ဖြစ်လေသည်။ အချို့တွင် ဘွိုင်လာထဲသို့သွင်းပေးမည့် ရေကို ဘွိုင်လာရှိ မီးဖိုနှင့်ပင် ကြိုတင် အပူတိုက်ပေး၍၊ အချို့တွင်လည်း ထိုမီးဖို နှင့်ပင် ထွက်လာသည့် ရေနွေးငွေ့ကို ထပ်မံအကူတိုက်ပေးကြ ပေသေးသည်။ ဗွိုင်လာ အမျိုးမျိုးအနက် မီးပြွန်ဘွိုင်လာ နှင့် ရေပြွန်ဘွိုင်လာမှာ ပြုလုပ်စီစဉ်ထားပုံချင်း ခြားနားလေ သည်။

မီးပြွန် ဘွိုင်လာတွင် ရေကို ဖိအားဖြင့် ထည့်ထား ပြီးနောက် မီးဖိုမှ မီးခိုးခေါင်းတိုင်သို့ဘွိုင်လာ အတွင်း ဖြတ်သန်း၍ ပြွန်ပေါင်းများစွာ တပ်ဆင်ထားသည်။ မီးဖိုမှ လေပူနှင့်ပူသော အခိုးအငွေ့တို့သည် ထိုပြွန်များမှ ဖြတ်သန်း၍ သွားခြင်းဖြင့် ရေကို အပူတိုက်ပေးကြသည်။ မီးရထားစက် ခေါင်း၌ တပ်ဆင်ရန်အတွက် ပထမ မီးပြွန် ဗွိုင်လာကို ဂျော့စတီဖင်ဆန် ဆိုသူက ၁၈၂၉ ခုနှစ်တွင် စတင်တီထွင် ခဲ့သည်။

ရေပြွန်ဘွိုင်လာ ပြုလုပ်ထားပုံ သဘောမှာ မီးပြွန် ဘွိုင်လာနှင့် ပြောင်းပြန်ဖြစ်၏။ ဤဘွိုင်လာတွင် ရေကို ပြွန်ကလေးများအတွင်းမှ စီးဖြတ်သွားလာစေ၍ မီးဖိုက ထိုပြွန်ကလေးများကို အပူတိုက်ပေးသည်။ ရေကို ပြွန် ကလေးများအတွင်း၌ ဆူစေသည့်အတွက် ရေပြွန်ဘွိုင်လာသည် အခြားဘွိုင်လာမျိုးတို့ထက် စိတ်ချရသည်ဟု ယူဆ ကြသည်။ ဤဘွိုင်လာမျိုးကို ဆာဂိုးဇွာသီ ဂါနီဆိုသူက ၁၈၂၆ ခုနှစ်တွင် အောင်မြင်စွာ တီထွင်အသုံးချခဲ့လေ သည်။ ပြဒါးငွေ့ဗွိုင်လာ သည် ရေပြွန်ဘွိုင်လာနှင့် အတူတူလိုပင် ဖြစ်သည်။ ရေမှ ရေငွေ့ဖြစ်အောင် အပူတိုက်ပေး သကဲ့သို့ဤဘွိုင်လာတွင် ပြဒါးကို အငွေ့ဖြစ်အောင် ပြုလုပ်ပေးသည်။ ပြဒါးငွေ့သည် တပ်ဆင်ထားသော ပြွန်ကို လျှောက်၍ လျှပ်စစ်လုပ်စက်များကို မောင်းသည့် ပြဒါးငွေ့ရဟက်စက်ကို လည်စေသည်။ ထို့နောက် ပြဒါးငွေ့သည် ရေဖြတ်သန်းသွားနေသည့် ကွန်ဒင်ဆာသို့ ရောက်သောအခါ ထိုရေများသည် ဆူ၍ အခြားပြွန် တစ်ခု ထဲသို့ရေခိုးရေငွေ့အဖြစ် ဖြတ်သွားပြီးလျှင် ရေနွေးငွေ့ ရဟတ်စက်ကို လည်စေသည်။ ယင်းရဟတ်စက်က လှျပ်စစ် လုပ်စက်ကို လည်စေပြန်သည်။ ပြဒါးငွေ့သည် ရေကိုဆူစေပြီး နောက် အငွေ့အေးကာ ပြဒါးရည် ပြန်ဖြစ်လာပြီးလျှင် ဘွိုင်လာဘက်သို့ပြန်စီးသည်။ ယင်းသို့ဖြင့် ပြဒါးသစ် ထပ်ဖြည့်ရန် မလိုဘဲ အငွေ့ဖြစ်လိုက် အရည်ပြန်ဖြစ်လိုက်နှင့် စက်များကို အဆက်မပြတ် လည်စေသည်။ [၁]


ဘွိုင်လာဆိုသည်မှာ အဖုံးပိတ်ထားသော အိုးတစ်ခု ပမာပင်ဖြစ်ပြီး ထိုအတွင်းတွင် ရေ သို့မဟုတ် အခြားသော အရည်များကို အပူပေးရန် ပြုလုပ်ထားသော ကိရိယာ ဖြစ်သည်။ အပူပေးထားသော သို့မဟုတ် အငွေ့ပျံနေသော အရည်တို့သည် ဘွိုင်လာအတွင်းမှ ထွက်လာသည့် အခါတွင် လုပ်ဆောင်ချက် အမျိုးမျိုး အတွက် အသုံးချနိုင်သည့် အပြင် အပူပေးရန် အတွက်လည်း သုံးနိုင်သည်။[၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. Frederick M. Steingress (2001). Low Pressure Boilers, 4th Edition, American Technical Publishers. ISBN 0-8269-4417-5. 
  3. Frederick M. Steingress, Harold J. Frost and Darryl R. Walker (2003). High Pressure Boilers, 3rd Edition, American Technical Publishers. ISBN 0-8269-4300-4.