ဘုရားသခင်တပ်မတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၉၉၉၊ အောက်တိုဘာ (၁) ရက်က ဘန်ကောက်သံရုံးစီးနင်းမှုသည် KNU ၏ လက်တံတခုဖြစ်သည့် ဘုရားသခင်တပ်မတော် ချုပ်ငြိမ်း သွားရခြင်း၏နိဒါန်းပင် ဖြစ်ပေတော့သည်။ အကြားအမြင်ရထားသည်ဆိုသော အမွှာညီအစ်ကို လူမမယ်တို့အပေါ်အခြေပြုပြီး ထိုအဖွဲ့မှာ ကျော်ကြားလာရခြင်းဖြစ်သည်။

၁၉၉၇ ၊ ဖေဖေါ်ဝါရီလက မြန်မာပြည်၊ ထားဝယ်ဒေသ၌ နေထိုင်နေသည့် ဘာသာရေးကို နှစ်နှစ်ကာကာယုံကြည်ကြသည့် ကရင် ခရိယာန်မိသားစု (၂၀ဝ) ခန့်သည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ၎င်းတို့၏ရွာများမှ စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည်။ ထို့နောက် ၁၉၉၇၊ မတ်လ (၇) ရက်နေ့တွင် ကရင်တရားဟောဆရာ သာပီး က ဘုရားသခင်တပ်မတော်ကို မြန်မာပြည်နယ်စပ်၌ တည်ထောင်ခဲ့သည်။ “သူတို့ထွက်ပြေးလာခဲ့တဲ့အကြောင်းကတော့ ဗမာပြည်မှာအုပ်ချုပ်နေတဲ့ နအဖ က ညှင်းပမ်း နှိပ်စက်လို့ပဲ” ဟု အသက် (၅၅) နှစ်ရွယ် ပဒိုကွယ်ထူးဝင်း ကပြောပြသည်။ ပဒိုကွယ်ထူးဝင်းမှာ အစိုးရအားဆန့်ကျင်တော်လှန်နေသည့် KNU ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၉၁ မှစ၍ ဘိတ်-ထားဝယ် ခရိုင်၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်သည်။

“ထိုင်းနယ်စပ်ကို ခရီးတခေါက်ထွက်တုန်းက အသက် (၈) နှစ်ရွယ်ရှိ အမွှာညီအစ်ကို၊ ဂျော်နီနှင့် လူသာထူးတို့ နှစ်ဦးစလုံးက ၎င်းတို့၏ လူငယ်မျိုးချစ်များအားဦးဆောင်ပြီး နအဖကို တိုက်ခိုက်ဖို့ ဘုရားသခင်ဆီ က အကြားအမြင် ရထားတယ်လို့ ပြောတယ်” နောက်ပြီး “နအဖ ကို တိုက်ခိုက်ဖို့ ကျနော့်ဆီကခွင့်ပြုချက်တောင်းတယ်၊ ကျနော်က ဒါ နောက်နေတယ်လို့ ထင်နေတာ၊ နအဖကို လူတိုင်းတိုက်နိုင်တာပဲ လို့ သူတို့ကို ပြန်ပြောခဲ့တယ်” ဟု ပဒိုကွယ်ထူးက သတိတရ ပြန်ပြောင်း ပြောပြသည်။

ပဒိုကွယ်ထူးပြောပြချက်အရဆိုလျှင် ဤအုပ်စု၏နာမည်အပြည့်အစုံမှာ “ကစဲဒိုးဘုရားသခင်တပ်မတော်” ဖြစ်သည်။ ထိုအဖွဲ့၏အဖွဲ့ဝင်အချို့ ကလည်း သူတို့ကိုယ်သူတို့ “ယေရှု၏စစ်သည်များ” သို့မဟုတ် “ယေရှု၏ကွန်မန်ဒိုများ”ဟုလည်း ခေါ်ဝေါ်ကြသည်။ ဂျော်နီနှင့်လူသာ တို့သည် ဘုရားသခင်တပ်မတော်၏ ဘာသာရေးခေါင်းဆောင် သက်သက်မျှသာ ဖြစ်ပြီး အဖွဲ့၏စီမံကိန်းများနှင့် စစ်ဆင်ရေးများတွင် ဝင် ရောက်ပြောဆိုခြင်းမရှိကြချေ။ ဤကိစ္စများကို ဘုရားသခင် တပ်မတော်၏ တပ်မှူးဖြစ်သည့် ရွှေဗျား ကသာလုပ်ကိုင်ပေသည်။ ၎င်းသည် အမွှာညီအစ်ကိုနှစ်ဦးအား ချုပ်ကိုင်ထားသူ ဖြစ်သည်။

၁၉၉၇ခုနှစ်နှင့် ၂၀ဝ၀ခုနှစ် အကြားတွင် ဘုရားသခင်တပ်မတော်၌ စစ်သည်ဦးရေ (၂၀ဝ) ခန့်ရှိသည်။ နအဖအား တိုက်ခိုက်သည့် တိုက်ပွဲများတွင် ထူးထူးခြားခြားအောင်ပွဲများရရှိခဲ့ပြီး အမွှာညီအစ်ကို၏ တန်ခိုးဩဇာလည်း တက်လာခဲ့သည်။ ရန်သူအများအပြား သေကျေပျက်စီးစေခဲ့ပြီး ၎င်းတို့မှာ သေကျေဒဏ်ရာရရှိခြင်း မရှိသလောက် ဖြစ်သည်ဟု လူအများက ပြောဆိုကြသည်။ ဤဖြစ်ရပ်များက အမွှာညီအစ်ကို၌ တန်ခိုးဣဒ္ဓိပါဒ် ရနေကြောင်း ကရင်လူထုအကြား ယုံကြည်စေခဲ့ပေသည်။ သို့သော် ဤအောင်ပွဲများမှာ ငယ်ရွယ် သန်စွမ်းသည့် စစ်သည်များ၏ မြေအနေအထားကျွမ်းကျင်မှု။ သတ္တိရှိမှုနှင့် ပိုင်းဖြတ်ချက် မှန်ကန်မှုတို့ကြောင့်သာ ဖြစ်ဖို့များပေသည်။

ဘုရားသခင်တပ်မတော်၏စွန့်စားခန်းများက နိုင်ငံခြားအဖွဲ့အစည်းအများအပြားအား အာရုံစူးစိုက်လာစေခဲ့ပြီး ဤအဖွဲ့များက ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့သည်။ အကြီးမားဆုံးအလှူရှင်မှာ တောင်ကိုရီးယားမှ ဘာသာရေးအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် ရတ်ချ်ဘူရီပြည်နယ်အတွင်းရှိ ဆွမ်ဖုံခရိုင်အနီး တကိုးလန်း ရွာကလေး၌ ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရေးအတွက် ဘဏ္ဌာငွေထောက်ပံ့ခဲ့သည်။ ဂျော်နီနှင့်လူသာတို့မိသားစု အပါအဝင် ဘုရားသခင်တပ်မတော်သားအများအပြားနှင့် ၎င်းတို့၏မိသားစုများမှာ ထိုရွာကလေးတွင် နေထိုင်ကြသည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်၍ မြန်မာပြည်တွင်းရှိ ၎င်းတို့၏ဌာနချုပ်သို့ မကြာခဏ သွားရောက် ကြသည်။

ဘုရားသခင်တပ်မတော်၏စစ်ရေးအောင်ပွဲများ အထွပ်အထိပ်ရောက်နေသည့် ၁၉၉၉ခုနှစ် အစောပိုင်း၌ ဘုရားသခင် တပ်မတော်နှင့် ကရင် သွေးစည်းရေးအဖွဲ့ချုပ် (KSO) အတွင်းမှ အချောင်သမားများက ဤအဖွဲ့ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချိန်မှစပြီး ဘုရားသခင် တပ်မတော်၏ ကံကြမ္မာမှာ စတင် ကျဆင်းလာခဲ့တော့သည်။ အဖွဲ့တွင်း စကားများမှုများက အဖွဲ့၏တိုက်စွမ်းရည်နှင့်စစ်ရေးနိုးကြားမှုကို အားနည်းလာစေခဲ့သည်။ ဤစကားများမှုများမှာ အဓိကအားဖြင့် နိုင်ငံခြားအလှူရှင်များထံမှ ရရှိသည့် ငွေကြေးနှင့်အခြားခံစားခွင့်များနှင့် ပတ်သက်၍သာဖြစ်သည်။ ၎င်းတို့သည် သာနာပြုများဖြစ်သည်ဟု ပြောကြသည့် ကိုရီးယားလူငယ်အချို့သည် ဆွမ်ဖုံသို့ မကြာခဏ လာလည်ကြသည်။ ၎င်းတို့ကို ကရင်တရားဟော ဆရာတဦးက စောင့်ရှောက်သည်။ ဤတရားဟောဆရာသည်လည်း ဘုရားသခင် တပ်မတော်အား ချုပ်ကိုင်ရန် ကြိုးစားသည်။ သို့သော် အမွှာညီအစ်ကိုက ၎င်းအားမနှစ်မြို့သဖြင့် မအောင်မြင်ချေ။

၁၉၉၉၊ စက်တင်ဘာလက ဤသာသနာပြုများကို ကျနော်တွေ့ဆုံခဲ့ရာ ၎င်းတို့သည် ယခင်က တောင်ကိုရီးယား အစိုးရ၏လုံခြုံရေးလုပ်ငန်း ကိစ္စများ လုပ်ခဲ့ဘူးသည်ဟု အချို့က ပြောပြသည်။

၁၉၉၉၊ ဇွန်လ အစောပိုင်းက နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတခုနှင့်အဆက်အသွယ်ရှိသည့် KSO ခေါင်းဆောင် တဦးသည် စွမ်းအားမြှင့်ကျောင်းသားစစ်သည်များ (VBSW) ဟုခေါ်သည့် တက်ကြွသည့်အဖွဲ့၏အဖွဲ့ဝင် (၁၂) ဦးကို တကိုးလန်းရွာသို့ ခေါ်ဆောင် လာခဲ့သည်။ ၎င်းတို့အား ဘုရားသခင်တပ်မတော်တည်ထောင်သူတဦးဖြစ်သူ အတွင်းရေးမှူးချုပ် စောတိုးတိုးနှင့် မိတ်ဆက်ပေးခဲ့သည်။ ၁၉၉၉၊ စက်တင်ဘာလ အစောပိုင်းက စောတိုးတိုးက မြန်မာပြည်တွင်းရှိ ဘုရားသခင်တပ်မတော်စခန်းသို့ စွမ်းအားမြှင့်အဖွဲ့ဝင်များအား ဦးဆောင်ခေါ်ခဲ့သည်။

“ ဘုရားသခင်တပ်မတော်ရဲ့မသိနားမလည်မှုကိုအခွင့်ကောင်းယူပြီး သူတို့ကို စွမ်းအားမြှင့်အဖွဲ့ရဲ့ နောက်လုပ်မယ့်စစ်ဆင်ရေးတွေမှာ ပါဝင်ရင်ပိုကောင်းမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းခဲ့တယ် ” လို့ ပဒိုကွယ်ထူးက ရှင်းပြသည်။ “သူတို့က ဘုရားသခင်တပ်မတော်ရဲ့ တိုက်ခိုက် ရေး သမားတွေကို စီးကရက်တွေ၊ မုန့်ပဲသရေစာတွေနဲ့ လာဘ်ထိုးခဲ့တယ်။ အဲဒီ အချိန်ကတည်းက အမွှာညီအစ်ကိုဟာ ဆေးလိပ်ကို မပြတ်သောက်တော့တာပဲ”

ထိုင်းနိုင်ငံတွင်းပစ်မှတ်များ[ပြင်ဆင်ရန်]

လွန်ခဲ့သည့် (၉) နှစ်က အတိအကျပြောရလျှင်ယနေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးအား (၂၅) နာရီကြာဝင်ရောက် စီးနင်းမှုကို စွမ်းအား မြှင့် စစ်သည်များက စည်းရုံးလုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် လက်ပစ်ဗုံးများနှင့်သေနတ်များကို ဘုရားသခင်တပ်မတော်စခန်းမှ ရရှိခဲ့ သည်။ သံရုံးဝန်ထမ်းများ၊ နိုင်ငံခြားသားများ အပါအဝင် လူ(၈၉) ဦးအား ဓားစာခံ အဖြစ်ဖမ်းဆီးခဲ့သည်။

ထိုင်းအရာရှိများနှင့်စေ့စပ်ဆွေးနွေးပြီးနောက် စွမ်းအားမြှင့်စစ်သည်များနှင့်ဓားစာခံအချို့ကို ဘန်ကောက်မှ မြန်မာပြည်တွင်းရှိ ဘုရားသခင် တပ်မတော်စခန်းသို့ လေယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်။ ထိုစခန်း၌ ရွှေဗျားခေါင်းဆောင်သည့် ဘုရားသခင်စစ်သည်များအဖွဲ့က စောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။ ပဒိုကွယ်ထူးပြောပြချက်အရဆိုလျှင် သံရုံစီးနင်းမှုမစခင် ထိုင်းနယ်စပ်မှ မီတာ (၃၀ဝ-၄၀ဝ) ခန့်ဝေးသည့်နေရာ၌ ဟယ်လီကော်တာဆင်းရန်ကွင်းအတွက် ဘုရားသခင် တပ်မတော်က သစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့ရသည်။

၁၉၉၉၊ ဇွန်လအစောပိုင်းက ပဒိုကွယ်ထူးသည် စွမ်းအားမြှင့်အဖွဲ့၏တပ်မှူး ရဲသီဟထံမှ မြန်မာပြည်တွင်းဝင်ပြီးလှုပ်ရှားမှုလုပ်ရန် ခရီးသွား ခွင့်တောင်းခံသည့် စာတစောင် လက်ခံရရှိခဲ့သည်။ “ကျနော်စာမပြန်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျနော် သူ့ကို မသိဘူးလေ၊ နောက်ပိုင်း ကျနော်ကြားတာက တကိုးလန်းရွာမှာ စွမ်းအားမြှင့်အဖွဲ့သားတွေ ရောက်တယ်၊ နောက်ပြီး ဘုရားသခင်တပ် မတော်ဌာနချုပ်ကို ရွှေ့လာ တယ် ဆိုတာပဲ” “ကျနော်ထင်တာ က သူတို့ မြန်မာပြည်တွင်းမှာ တခုခုလုပ်ချင်တယ်။ ထိုင်းထဲမှာတော့ စစ်ဆင်ရေးတခုလုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ဘူး” ဟု ကွယ်ထူးက ပြောပြသည်။

သံရုံးစီးနင်းမှုနောက်ပိုင်း၊ ၂၀ဝ၀ခု၊ ဇန်နဝါရီလ၊ (၂၄) ရက်နေ့တွင် နောက်ထပ်အဖြစ်အပျက်တခု ဖြစ်ပွားခဲ့သည်။ ဤ အခါ၌ စွမ်းအားမြှင့် အဖွဲ့ဝင် (၃)ဦးနှင့်အတူ ဘုရားသခင်တပ်မတော်သား (၇)ဦး ပါဝင်ခဲ့ပြီး ထိုင်းနယ်စပ်အနီး ဘတ်စ် ကားတစီးကို ပြန်ပေးဆွဲပြီး ဒရိုင်ဘာအား ရတ်ချ်ဘူရီသို့ အတင်းမောင်းစေသည်။ ထို့နောက် ရတ်ချ်ဘူရီဆေးရုံအား ထိမ်းချုပ်လိုက်ကြသည်။ လူနာများ၊ ဝန်ထမ်းများအပါအဝင် လူပေါင်းရာအချို့ကို (၂၂)နာရီခန့်ကြာ ဓားစာခံအဖြစ် ထိန်းသိမ်းခဲ့သည်။ သူပုန်များက အချက်အချို့ တောင်းဆိုကြသည်။ ၎င်းတို့အနက် တခုမှာ ၎င်းတို့၏လူနာများနှင့် ဒဏ်ရာရသူများကို ပြုစုကုသရန်အတွက် ထိုင်းဆရာဝန်များနှင့်သူနာပြုများကို ၎င်းတို့ဒေသသို့ စေလွှတ် ပေးရန်ဖြစ်သည်။ ထိုအချိန်က ထိုင်းနယ်စပ်အနီးရှိ ၎င်းတို့၏တောင်ပေါ်စခန်းသည် မြန်မာစစ်သားများ၏ တပတ်ကြာ အဆက်မပြတ် တိုက်ခိုက်မှုခံနေရသည်။ ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေနှင့် နယ်စပ်ကို ဖွင့်ပေးရန်နှင့် ၎င်းတို့၏ဘုရား သခင်တပ်မတော်သား (၂၀ဝ) ခန့်ကို ထိုင်းနိုင်ငံတွင်ခိုလှုံခွင့်ပြုရန် ထိုအုပ်စုက တောင်းခံခဲ့သည်ဟု ၎င်းတို့ကအခိုင်အမာပြောဆိုသည်။ လက်နက်ချရန်သဘောတူ ပြီးနောက် ထိုင်းကွန်မန်ဒိုများက ဆေးရုံကိုဝင်စီးပြီး ပြန်ပေးသမားအား လုံး (၁၀) ဦးကို ပစ်သတ်လိုက်သည်။

မြန်မာသံရုံးနှင့်ရတ်ချ်ဘူရီဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခြင်းသည် ဘုရားသခင်တပ်မတော်နှင့် စွမ်းအားမြှင့်အဖွဲ့များအတွက် ကြီးမားလှ သည့် နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံသည် နအဖ ပြီးလျှင် ထိုအဖွဲ့များသည် သူတို့၏ ဒုတိယရန်သူ ဖြစ်လာတော့သည်။ ဟု ကွယ်ထူးက ပြောဆိုသည်။ “ဆေးရုံဝင်စီးအပြီးမှာ ဘုရာသခင်တပ်မတော်ရဲ့ကံကြမ္မာဟာ လမ်းဆုံး သွားပြီ။ အလှူရှင်တွေကလည်း မပေးတော့ဘူး” “ သံရုံးမစီးခင်နဲ့စီးအပြီးမှာ သူတို့ရဲ့ အမိမြေလွတ်မြောက်ရေးတိုက်ပွဲမှာ စွမ်းအားမြှင့် အဖွဲ့နဲ့ ပေါင်းခဲ့တာဟာ လမ်းမှားကို ရွေးလိုက်တာပဲ ဆိုတာကို ဘုရားသခင်တပ်မတော်ရဲ့ခေါင်းဆောင်တွေနဲ့ အမွှာညီအစ်ကိုတွေ သဘော ပေါက်နားလည်စေဖို့ KNU က အပြင်းအထန်ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ သူတို့ကတိတွေကို မယုံဖို့နဲ့ KNU ထဲက သူတို့ရဲ့ ညီအစ်ကိုတော်တွေစကားကိုသာ နားထောင်ဖို့ ပြောပြတယ်။ စွမ်းအားမြှင့်အဖွဲ့က ဘုရားသခင်တပ်မတော်ကို အသုံးချနေတာ။ လှည့်စား နေတာ။ ယူနီဖောင်းသစ်တွေ၊ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေ ပေးမယ်လို့ ကတိတွေပေးခဲ့ကြတယ်။ ဒါအတွက် ပြန်ပြီး သူတို့ကိုထောက်ခံဖို့ ပြောတယ်။ သူတို့ကတိတွေ ဘာတခုမှ ဖြစ်မလာဘူး” ဟု ကွယ်ထူးက ပြောပြသည်။

အဖြေရှာကြည့်ခြင်း[ပြင်ဆင်ရန်]

မြန်မာသံရုံးတိုက်ခိုက်မှုကို စွမ်းအားမြှင့်အဖွဲ့မှ ကျော်နီ (သို့မဟုတ်) ဂျော်နီကြီးကဦးဆောင်ခဲ့သည်။

ရတ်ချ်ဘူရီအရေးအခင်အပြီးနောက်ပိုင်းတွင် ဘုရားသခင်တပ်မတော်မှ စစ်သည်များသည် ဂျော်နီ(ကြီး)အပေါ် စိတ်ပျက်လာကြသည်။ နောက်ဆုံး၌ အမွှာညီအစ်ကိုသည် စွမ်းအားမြှင့်အား ထောက်ခံနေမှုကို ရုပ်သိမ်းလိုက်တော့သည်။ ဂျော်နီ(ကြီး)နှင့်အမြဲတွဲနေသည့် ဂျော်နီထူးသည်ပင်လျှင် ဂျော်နီ(ကြီး)အား ဆန့်ကျင်လာသည်။ ဘုရားသခင် တပ်မတော်သည် KNU စကားကို နားထောင်စပြုလာသည်။ သို့သော်အလွန်နောက်ကျနေပေပြီ။ အမှားများလုပ်ပြီးကုန်ပေပြီ။ အမွှာညီအစ်ကိုက ထိုင်းသတင်းစာခေါင်းကြီးပိုင်းတွင် ၎င်းတို့အား မည်သူမျှမကူညီကြဟု ပြောဆိုနေပေပြီ။ သတင်းစာက “သူတို့ကို ဘာသာရေးတယူသန်အုပ်စုအနေနဲ့ လူတွေသိအောင် ဖေါ်ပြတာ ဖြစ်တယ်” ဟု ကွယ်ထူး က ပြောပြသည်။

နအဖ အား (၄) ရက်နီးပါးကြာ လက်နက်ကိုင်ခုခံဆန့်ကျင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များကလည်း အဆက်မပြတ် လိုက်နေမှုကြောင့် ဆာလောင်မွတ်သိပ်ပြီး အားပြတ်ကာ မျှော်လင့်ချက်မဲ့နေသည့် ဂျော်နီထူးနှင့်လူသာထူးအပါအဝင် ဘုရား သခင်တပ်မတော်သား (၂၀) ခန့် သည် ၂၀ဝ၁၊ ဇန်နဝါရီလတွင် ထိုင်းအာဏာပိုင်မျာထံ လက်နက်ချခဲ့ကြသည်။ ဆွမ်ဖုန်တွင် ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်က အမွှာ ညီအစ်ကိုအား တွေ့ဆုံပြီး စကားပြန်မှတဆင့် သူတို့နှင့်စကားပြောခဲ့ကြသည်။

၂၀ဝ၃၊ ဇွန်လ၊ ၁၂ရက်က ကန်ချနဘူရီတွင်ရှိသည့် တုံယန်း ဒုက္ခသည်စခန်း၌ အမွှာညီအစ်ကို ကို ကျနော်တွေ့ခဲ့သည့်အချိန်၌ နှစ်ယောက်စလုံးက မည်သည့်အခါမှ လက်နက်ကိုင်တော့မည် မဟုတ်ကြောင်းပြောခဲ့သည်။ “ကျနော်တို့အိမ် ပြန်ချင်တယ်၊ မိတ်ဆွေတွေ ကို တွေ့ချင်တယ်” ဟု ထိုအချိန်က လူသာ က ပြောပြသည်။

ဘုရားသခင်တပ်မတော်တွင်ပါဝင်ခဲ့ကြသူများသည် မတူသည့်လမ်းအသီးသီးဆီသို့ ထွက်ခွာသွားကြပေပြီ။ ယခင် အတွင်းရေးမှူချုပ်ဖြစ်သူ စောတိုးတိုးနှင့်အခြားသူများသည် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရခဲ့ကြသည်။ သို့သော် ကရင်ဒေသခံအများစုမှာတော့ ကံမကောင်းချေ။ နအဖ ထိုးစစ်များ ပြင်းထန်လာပြီးနောက်ပိုင်း ၂၀ဝ၀ခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နှင့် ၃ရက်နေ့တွင် ဘုရားသခင် တပ်မတော်မှ စစ်သည်များ နှင့်ဆွေမျိုးများသည် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိလာကာ ဒုက္ခသည်စခန်းများတွင် လမ်းဆုံးခဲ့ကြပေတော့သည်။ ထိုင်း အာဏာပိုင်များကလည်း ၎င်းတို့၏ ဆွေမျိုးများကို တကိုးလန်းရွာမှ နှင်ထုတ်လိုက်ကြပြီး ဒုက္ခသည်စခန်းများသို့ပို့ပစ်ကာ ဘုရားသခင် တပ်မတော်အား လက်စားချေကြသည်။

စွမ်းအားမြှင့်တပ်မှူး ရဲသီဟ ကား ပို၍ ကံကောင်းသည်။ ၎င်းအားဖမ်းဆီးရန် ၎င်းနေထိုင်သည့် ဘန်ကောက်ရှိ တိုက်ခန်းအပြင်ဖက်၌ ရဲတပ်ဖွဲ့ကစောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ထံသို့ဖုန်းဖြင့် အမိန့်တခု ဝင်ရောက်လာသည်။ ၎င်းမှာ ရဲသီဟသည် နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတခုအတွက် အလုပ်လုပ်နေသူဖြစ်ကြောင်း ဤအကြံပြုချက်အား ယုံကြည်လက်ခံပြီး ၎င်းအားဖမ်းဆီးမည့် စစ်ဆင်ရေးကို ဖျက် သိမ်းရန်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကမ်းလှမ်းခံရပြီးနောက်ပိုင်း ၊ ၂၀ဝ၃ ဩဂုတ်လ၌ ရွှေဗျား သည် နအဖ ထံသို့ လက်နက်ချခဲ့သည်။ နောက်ပိုင်းတွင် လုပ်ဖော်ကိုင်ဖက်တဦးမှတဆင့် အမွှာညီအစ်ကိုဆီသို့ ဆက်သွယ်ခဲ့ပြီး နအဖ ထံ လက်နက်ချပါက အထူးအခွင့်အရေးများပေးမည် ဖြစ်ကြောင်းဆွဲဆောင်စည်းရုံးခဲ့သည်။ နောက်ဆုံး ၂၀ဝ၆ ဇူလိုင်လတွင် ဂျော်နီသည် သူ၏ဖခင်နှင့် အခြား အဖွဲ့ဝင်အချို့နှင့်အတူလက်နက်ချခဲ့သည်။ ၂၀ဝ၆၊ ဇူလိုင် ၂၆ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ယူနီဖောင်းများဝင်ဆင်ထား သည့် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာများဖြင့် လူ(၁၀) ဦး၏ ဓာတ်ပုံနှင့်တကွ ၎င်းတို့၏လက်နက်ချသတင်းကို ဖော်ပြခဲ့သည်။ ဓာတ်ပုံထဲတွင် ဂျော်နီထူးသည် လက်နက်ခဲယမ်းများစီထားသည့်အတန်း၏နောက်တွင် ရပ်နေသည်။ တဖက်နိုင်ငံတွင်အခြေစိုက်ထားသည့် ဘုရားသခင်တပ်မတော်မှ ဂျော်နီထူးခေါင်းဆောင်သည့် လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင် (၉) ဦး၊ တရားဥပေဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီဟု သတင်းကဖေါ်ပြထားသည်။

ဂျော်နီလက်နက်ချပြီးနောက် လူသာထူးသည် ၎င်း၏ အကိုနှင့်ပတ်သက်ပြီးအခြေအနေသိရန် ကြိုးစားနေသည့်ကွယ်ထူးနှင့် ဆက်သွယ်ခဲ့ သည်။ ဂျော်နီနှင့်ဆက်သွယ်ရန် ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရကြောင်း ကွယ်ထူးက ပြောပြသည်။ မကြာသေး မီက လူသာသည် ၎င်းအစ်ကိုထံမှ သတင်းတခုရခဲ့သည်မှာ “တကယ်လို့ တယောက်ယောက်က မင်းဆီကို လက်နက်ချဖို့လာပြီး စည်းရုံး တယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်ပါ။ ဘယ်တော့မှ မယုံပါနဲ့” ဟု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခိုင်လုံသောသတင်းရပ်ကွက်အဆိုအရ ဂျော်နီသည် ထားဝယ်အရှေ့ဘက်ရှိ မေတ္တာမြို့တွင် ၎င်း၏ဇနီးနှင့်အတူ နေထိုင်လျှက်ရှိသည်။

ဇာခန်းဆီး နောက်ကွယ်က သစ္စာဖောက်မှုလေလား?[ပြင်ဆင်ရန်]

ဂျော်နီနှင့်လူသာထူးတို့အား ကြိုးကိုင်အမြတ်ထုတ်နေသည့် လူများသည် ထိုင်းပြည်သူများအား အကြီးအကျယ်ဒုက္ခရောက်စေသည်။ အထင်ရှားဆုံးဥပမာပြရလျှင် ၁၉၉၉၊ နိုဝင်ဘာ ၄ ရက်နေ့က ဖြစ်ပွားသည့်ကိစ္စက အမွှာညီအစ်ကိုအား အမြတ်ထုတ် အသုံးချခဲ့မှုပင် ဖြစ်သည်။ မိုးသဲနေသော ထိုညနေခင်း၌ ဂျော်နီနှင့်ဗေဒါအား လက်နက်ချရေး စည်းရုံးရန်လွှတ်လိုက်သည့် ထိုင်းစစ်တပ်နှင့် ရဲအရာရှိများ ပါဝင်သည့် အဖွဲ့တဖွဲ့သည် ထိုင်းမြန်မာနယ်စပ်တောတွင်း တနေရာတွင် ဘုရားသခင်တပ်မတော်၏ လက်နက်ကိုင်စစ်သည်များနှင့် ရင်ဆိုင် နေရသည်။ ထိုင်းအရာရှိများက ၎င်းတို့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်ဟု ကတိပေးကြသည်။ မနီလွိုင်းဒုက္ခသည်စခန်းမှ ရောက်ရှိလာကြသည့် စွမ်းအားမြှင့်စစ်သည်အချို့ကလည်း ဂျော်နီနှင့်ဗေဒါတို့အား လက်နက်စွန့်ရန် ပန်ကြားခဲ့ကြသည်။ သို့သော် နှစ်ဦး စလုံးက ငြင်းပယ်ကြသည်။ စိတ်အပြောင်းအလဲမြန်သော ဂျော်နီက သူ၏ AK47 မောင်ပြန်ရိုင်ဖယ်ဖြင့် ထိုင်းအရာရှိများအား ထိုးချိန် လိုက်သည်။ အဆုံးတွင် ဂျော်နီက သူနှင့်ဗေဒါတို့၏ကံကြမ္မာကို ဆုံးဖြတ်ရန် အမွှာညီအစ်ကိုအား အပ်နှံလိုက်သည်။ ဂျော်နီအား အလွန် လေးစားအားကျသည့် ရွှေဗျားက ဘာလုပ်ရမည်ဆိုသည်ကို သေချာပေါက်သိသည်။

“မင်းတို့အနေနဲ့ဂျော်နီကြီးနဲ့ဗေဒါကို ဒီကနေ (ဘုရားသခင်တပ်မတော်)ထွက်သွားစေချင်လား၊ ထိုင်းအရာရှိတွေနဲ့ အတူလိုက်သွားစေချင် သလား။” ဟု ကရင်စကားပြန်က အမွှာ ညီအစ်ကိုအားမေးလိုက်သည့် အချိန်၌-- ”ဟုတ်ကဲ့။ သွားစေချင်ပါတယ်“ ဟု နှစ်ယောက်စလုံးက ဖြေလိုက်သည်။ သို့သော် စကားပြန်က ရွှေဗျား၏အမိန့်အတိုင်း ပြောင်းပြန်ပြန်ပြောလိုက်သည်။ ဤအချက်မှာ မကြာသေးမီက စာရေးသူ နှင့်လူသာထူးတို့ ပြန်လည်တွေ့ဆုံသောအခါက သိလိုက်ရခြင်းဖြစ်သည်။ ၎င်းအချက်ကို ထိုအချိန်ကအတူရှိနေသည့် အခြားတယောက် ကလည်း ထပ်မံထောက်ခံအတည်ပြုခဲ့သည်။ စကားပြန်က အမွှာညီအစ်ကိုနှစ်ယောက်၏စကားအား လိမ်လည်လှည့်ဖျားမပြောခဲ့လျှင် ရတ်ချ်ဘူရီဆေးရုံကြေကွဲစရာ အဖြစ် အပျက်လည်း ဖြစ်လိမ့်မည်မဟုတ်ပေ။

ဂျော်နီနှင့်ဗေဒါတို့အား လက်နက်ချရေးစည်းရုံးရန် သွားရောက်ခဲ့သည့် ထိုင်းအရာရှိတို့၏ ခရီးစဉ်မတိုင်မီက ဝန်ကြီးချုပ် ချွန်လိပိုင်ထံသို့ ၎င်းတို့နှစ်ဦးက စာတစောင်ရေးသားပေးပို့ခဲ့သေးသည်။ ၁၉၉၉၊ အောက်တိုဘာ၊ (၁၂) ရက်နေ့၊ နေ့စွဲပါ ၎င်းစာထဲ၌ စွမ်းအားမြှင့် အဖွဲ့ခေါင်းဆောင်များသည် ၎င်းတို့၏ လုပ်ရပ်များအား တောင်းပန်ထားပြီး မြန်မာသံရုံး စီးနင်းမှု၏ နောက်ကွယ်မှ ရည်ရွယ်ချက်များအား ရှင်းပြထားသည်။ ထိုင်းအစိုးရနှင့်ပြန်လည်သင့်မြတ်စေရေး နောက်ထပ်ဖော်ပြမှုတခုတွင် သံရုံးသိမ်းသည့်နေ့က သံရုံးစောင့်ရှောက်နေ သည့် ထိုင်းအထူးရဲတပ်ဖွဲ့အရာရှိတဦးထံမှ သိမ်းထားသည့် ပစ္စတိုတလက်ကို စွမ်းအားမြှင့်အဖွဲ့က ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ၁၉၉၉၊ အောက်တိုဘာ၊ ၂ ရက်က တကိုးလန်းရွာတွင် ရွှေဗျားကိုယ်တိုင် ထိုင်းအရာရှိများအား ပြန်လည်လွှဲပေးခဲ့ကြောင်း စသည်တို့ ဖော်ပြထား သည်။ စွမ်းအားမြှင့်အဖွဲ့က ဤကမ်းလှမ်းချက်များလုပ်ပြီးနောက်ပိုင်း၌ ဂျော်နီနှင့်ဗေဒါတို့ လက်နက်မချခဲ့ခြင်းသည် စိတ်ရှုတ်စရာ ခေါင်းခြောက်စရာ ဖြစ်ရသည်ဟု ထိုင်းလုံခြုံရေးအရာရှိ တဦးက မကြာသေးမီက မှတ်ချက်ချပြောဆိုခဲ့သည်။

၁၉၉၉၊ နိုဝင်ဘာ၊ ၄ ရက်က ဂျော်နီနှင့်ဗေဒါသည် ထိုင်းများထံသို့ လက်နက်ချရန်မရည်ရွယ်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ သဘောထားကို လေ့လာပြီးနောက် ၎င်းတို့အနေဖြင့် ဤကဲ့သိုလုပ်ခဲ့လျှင် ထိုင်းထောင်ထဲတွင် နှစ်ပေါင်းများစွာ အကျဉ်းကျခံရမည် သို့မဟုတ် နအဖထံသို့ လွှဲပြောင်းပေးခြင်းခံရပြီး အဆုံးစီရင်ခြင်းခံရမည်ဟု ကြားခံအဖွဲ့တခုက ၎င်းတို့အား သတိပေးခဲ့သည်ဟု စွမ်းအားမြှင့်စစ်သည်တဦးက ထုတ်ဖော်ပြောဆိုသည်။ “ထူးခြားတာက သူတို့တွေ လျှို့ဝှက်ချက်တွေကို ထိုင်းစုံစမ်းစစ်ဆေးသူတွေဆီ ဒါမှမဟုတ် မီဒီယာတွေဆီကို ဖော်များဖော်လိုက်မလား၊ မီဒီယာက တချို့လူတွေပါနေတာကို ဖော်လိုက်နိုင်တယ်ဆိုပြီး တယောက်ယောက်က ကြောက်နေတယ်” ဟု စွမ်းအားမြှင့် သတင်းရပ်ကွက်က ပြောဆိုသည်။ ဗေဒါသည် ရတ်ချ်ဘူရီဆေးရုံ ဝင်စီးစဉ်က အသတ်ခံလိုက်ရပြီး၊ ဂျော်နီမှာ ပြည်ပရောက် နေသူအချို့က ၎င်း၏ရှေ့ရေးအတွက် ဆွေးနွေးရန် တောစခန်းတခုတွင် တွေ့ဆုံခဲ့အပြီးမကြာခင်၊ လွန်ခဲ့သည့် နှစ်အချို့က လျှို့ဝှက် ဆန်းကျယ်သည့်အခြေအနေများအောက်၌ အဖြောင်ခံလိုက်ရသည်။

၁၉၉၇၊ မတ်လ စတင်ဖွဲ့စည်းချိန်မှ ၂၀ဝ၁၊ ဇန်နဝါရီလ၊ ပြည်ဖုံးကားချသည်အထိ ဘုရားသခင်တပ်မတော်၏ ဆုံးရှုံးမှုမှာ တန်ဖိုးကြီးမား လှပေသည်။ ကရင်ပြည်သူများအတွက်ရော၊ ဒီမိုကရေစီလှုပ်ရှားမှုအတွက်ပါ အကျိုးမရှိခဲ့ချေ။ အကျိုးရှိသူတစုကတော့ ပြည်ပရောက် အချောင်သမား အနည်းငယ်၊ ၎င်းတို့၏ပင်မအဖွဲ့အစည်းများ၊ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အချို့နှင့် နအဖတို့ပင် ဖြစ်သည်။

သံရုံးနှင့်ဆေးရုံစီးနင်းမှုသည် ဒီမိုကရေစီလှုပ်ရှားမှုကို အပေါ်ယံအားဖြင့် အာရုံစိုက်လာစေခဲ့ပြီး ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများ၏ ရပ် တည်ချက်သဘောထားက ၎င်းတို့အား ဘက်ပြန်သွားစေသည့်အတွက်ကြောင့် အကယ်စင်စစ်အားဖြင့် အဓိကအနှောက်အယှက်ပင် ဖြစ် သည်ဟု မြန်မာအတိုက်အခံခေါင်းဆောင်အများစုက မြင်ကြသည်။

သို့သော် လုံခြုံရေးသတင်းရပ်ကွက်အဆိုအရဆိုလျှင် ဘန်ကောက်ရှိ အထူးလုပ်ငန်းဆောင်ရွက်သည့် နိုင်ငံခြားအဖွဲ့တခုက မြန်မာသံရုံး စီနင်းမှုမှ အတော်ပင်အကျိုးအမြတ်ရရှိခဲ့သည်။ သံရုံး စတင်စီးနင်းပြီးနောက်မကြာမီအတွင်းမှာပင် ဆာ့ထုံးလမ်းမကြီးပေါ်ရှိမြန်မာသံရုံးမှ ထွက်ခွာလာသည့် ဗင်ကား (၃) စီးအနက်မှ (၁) စီးသည် အနီးရှိအခြားသံရုံးဝင်းအတွင်းသို့ ဝင်သွားခဲ့သည်။ ထိုကားပေါ်တွင် အမှိုက်ထည့် သည့် အိတ်ကြီးများဖြင့်ထုပ်ပိုးထားသည့်စာရွက်စာတမ်း အမြောက်အများ ပါသွားခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောဆိုသည်။ မြန်မာ သံအမတ်ကြီးရုံးခန်းအတွင်းရှိ စာရွက်စာတန်းများထားသည့်အလုံခန်းမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုနှင့် ပတ်သက်သည့် သတင်းပေးများ၏ကိုယ်ရေးမှတ်တမ်း အထောက်အထားများအပါအဝင် လျှို့ဝှက်စာရွက်စာတန်းအမြောက်အများကို သယ်ထုတ်ရန် စွမ်းအားမြှင့်အဖွဲ့က တနည်းနည်းဖြင့် တာဝန်ယူစီမံလုပ်ဆောင်ခဲ့သည်ဟု ထိုသတင်းရပ်ကွက်ကပင် ပြောဆိုသည်။

အောက်တိုဘာ ၂ ရက်နေ့တွင် အကူအညီပေးရန်ခေါ်ထားသည့် ပြည်ပရောက်ထင်ရှားသည့် မြန်မာအတိုက်အခံတဦး က စာရွက်စာတမ်း များကို အရေးကြီးမှုအလိုက်ရွေးချယ်ပေးသည်။ ထိုလူကို ရက်အချို့ကြာ အိမ်ပြန်ခွင့်မပေးချေ။ နောက်ပိုင်း ၂ လ ခန့်အကြာ၊ ၁၉၉၉၊ ဒီဇင်ဘာ၊ (၁) ရက်နေ့တွင် နှလုံးရောဂါဖြင့် သေသွားသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်စကားများအရ နိုင်ငံခြားထောက်လှမ်းရေးအရာရှိ အချို့နှင့်တွေ့ဆုံပြီးနောက်ပိုင်း နိုဝင်ဘာလကုန်၌ သူသည် ထိတ်လန့်တုန်လှုပ်နေပုံပေါ်ပြီး နှုတ်မှလည်းရှည်ရှည်ဝေးဝေးမဟုတ်ဘဲ “သူ ဒါမျိုးလုပ်မှာမဟုတ်ပါဘူး” ဟု စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်ဟု သိရှိရသည်။

နောက်ပိုင်း ရက်အနည်းငယ်အကြာ၌ ပိုမိုလုံခြုံစိတ်ချရသောနေရာသို့ရုံးပြောင်းရန် ၎င်းအား အမိန့်ပေးခဲ့သည်။ သူ့ အနေဖြင့် ထိုသို့လုပ်ရန် ဝန်လေးနေသည်။ ရွှေ့ပြောင်းနေစဉ်အတွင်းမှာပင် ကွန်ပြူတာသယ်နေစဉ် ရုတ်တရက်လဲကျသွားသည်။ ဘန်ကောက်တွင်ပြုလုပ်သည့် သူ၏အသုဘအခမ်းအနား၌ လာရောက်ပို့ဆောင်သည့် လွမ်းသူ့ပန်းခွေများထားရာနေရာသို့ မော်တော်ဆိုင်ကယ်ဖြင့် လူတယောက် ပန်းခွေ တခွေ လာချသွားပြီး၊ ရုတ်ချည်းပျောက်ကွယ်သွားသည်။ ပန်းခွေပေါ်တွင် “VBSW” ဟု အတိုကောက်ရေးထားသည်။ ထိုစာတန်းကို အသုဘပို့သူရာနှင့်ချီသည့် လူအုပ်ထဲမှ ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နိုင်ပေသည်။ ထိုအထဲတွင် အသုဘပို့ဆောင်သည့် လူအုပ်ကြီးအား ဓာတ်ပုံရိုက်ခြင်းဖြင့်အလုပ်ရှုပ်နေသည့် မြန်မာစကားမတောက်တခေါက်ပြောဆိုနေသည့် ထောက်လှမ်းရေးများပါဝင်ပေသည်။

မူရင်း[ပြင်ဆင်ရန်]

  • (Reference: God's Army: The reason for the Burmese Embassy siege By Maxmilian Wechsler: Bangkokpost ,Sunday, 29 September 2008)
  • [၁]