ဘုရားကြီးတိုက် ရွှေဘုန်းရှိန်ဆရာတော်
မန္တလေးတောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက်၏ ဒသမမြောက် သံဃာ့နာယက ရွှေဘုန်းရှိန်ဆရာတော် ဦးကြယ်အမည်ဖြင့် ထင်ရှားသည်။ ပရိယတ္တိစာပေပို့ချမှု၌ ဇွဲလုံ့လကြီးမား၍ မန္တလေး ပရိယတ္တိသာသနဟိတ သကျသီဟအသင်း နှစ်ငါးဆယ် ရွှေရတုသဘင် (၁၉၄၈) တွင် ဓမ္မာစရိယ မူလစာချဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ ဤရွှေရတုသဘင်တွင် နိုင်ငံတွင်း ပရိယတ္တိစာပေ ကျွမ်းကျင်လိမ္မာ၍ ထင်ရှားသော ပရိယတ္တိစာသင်တိုက် ကြီးများ၏ အဓိပတိ အင်္ဂပူဆရာတော်၊ ပခုက္ကူ၊ အရှေ့တိုက်ဆရာတော်၊ ပခုက္ကူ၊ အလယ်တိုက် ညောင်ဦးဆရာတော်၊ မော်လမြိုင် တောင်ပေါက် ဆရာတော်၊ ညောင်လေးပင် တောရဆရာတော်တို့နှင့်အတူ ဘွဲ့တံဆိပ် ဆက်ကပ်ခံရခြင်းဖြစ်သည်။ ၁၉၅၄ ခု ဆဋ္ဌသံဂါယနာတင်ပွဲတွင် ဆဋ္ဌ သင်္ဂါယနာဝန်ဆောင် သံဃာ့အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော် ဝိနည်းဓိုရ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကျောင်းထိုင်ဆရာတော် များအဖွဲ့ ဥက္ကဋ္ဌ၊ ပါဠိတက္ကသိုလ်ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပါဠိပညာရေး အဖွဲ့ နာယက၊ မန္တလေး ပရိယတ္တိသာသနဟိတအသင်း ဩဝါဒါစရိယ၊ မဟာမုနိရုပ်ရှင်တော်မြတ် ဘဏ္ဍာဂါရိက ဩဝါဒါစရိယဝန်ဆောင်အဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့ပါသည်။ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် ဟံသာဝတီဆရာတော်၊ သာသနာ့ဇောတိကာရုံ အုတ်ကျောင်းဆရာတော် တို့နှင့်အတူ ဘုရားကြီးဂိုဏ်း ရှေ့ဆောင်ဆရာတော်အဖြစ် ထင်ရှားသည်။
ဥက္ကံသာဘိဝံသ၊ ရှင်၊ ရွှေဘုန်းရှိန်ဆရာတော်
[ပြင်ဆင်ရန်]၁၈၈၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့တွင် မိတ္ထီလာ ခရိုင် မိတ္ထီလာမြို့နယ် ကွက်ငယ်ရွာ၌ ဖွားသည်။ အဖ ဦးဖုန်း၊ အမိ ဒေါ်ပွားလေး ဖြစ်သည်။ ဒုတိယမြောက်သားဖြစ်၍ အမည် မောင်ကြယ် ဖြစ်သည်။ ငါးနှစ်အရွယ်တွင် ဘဝဟောင်းကို ပြောပြနိုင်သည်။
၇ နှစ်အရွယ်တွင် ကွက်ငယ်ရွာအရှေ့ဘက်၊ မင်းကျောင်းဆရာတော် ရှင်စန္ဒာသီရိထံ စတင်ပညာသင်သည်။ အခြေခံစာငယ်များနှင့် ဇနက္ကဇာတ်၊ မဟော်သဓာဇာတ်တို့ လက်ရေးလေ့ကျင့်ရသည်။ ၁၁ နှစ်တွင် ဆရာတော် ရှင်စန္ဒာသီရိကို ဥပဇ္ဈာယ်ပြု သာမဏေဖြစ်သည်။ သာမဏေ ဒါယကာမှာ ဦးချစ်ဖူး ဒေါ်လှဘုံ (မိခင်ညီမ) ဖြစ်သည်။ ဝါကျွတ်တွင် လူဝတ်လဲသည်။ နောင်နှစ်ဝါတွင်း၌ သာမဏေပြန်ဝတ်၍ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ သာမဏေ ၂ ဝါရတွင် ဥပဇ္ဈာယ်ဆရာ ပျံလွန်၍ ရှင်ကဝိန္ဒထံ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဋီကာကျော်၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၊ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ညဝါဆိုင်ရာ မာတိကာ ဓာတုကထာ တို့ သင်ယူ သည်။ သာမဏေ ၄ ဝါတွင် မန္တလေးမြို့ တောင်ပြင် ဒုက္ခိဏာရာမဘုရားကြီး တိုက် စာချရှင်နန္ဒိယထံရောက်၍ ကစ္စည်းသဒ္ဒါကြီး၊ ဝါစ္စဝါစက၊ ဝိဘတျတ္ထ၊ ကစ္စာယနသာရ၊ နျာသကျမ်းတို့ကို ဆိုဝါဖြင့် သင်ယူသည်။ စာချ ရှင်နန္ဒိယ (၁၈၆၅-၁၉၃၆) မှာ ကဗျာနန် အမည်ဖြင့် ထင်ရှားသည်။ ရှင်နန္ဒိယက သာမဏေဘွဲ့မခေါ်ဘဲ လူမည် ‘ဘိုးကြယ်’ကို ခေါ်ရာမှ နောင်အခါ ဆရာတော် ဦးကြယ်ဟု အမည်တွင်ခဲ့သည်။
သာမဏေ ၈ ဝါရ အသက်ပြည့်ချိန် ၁၉၀၈ ခု ဒီဇင်ဘာလ ၁ ရက် ခု အင်္ဂါနေ့တွင် ဇာတိကွက်ငယ်ရွာ အရှေ့ကျောင်း ခဏ္ဍသိမ်၌ ရဟန်း ဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ အရှင်ဝိဇယ၊ ရဟန်းဒါယကာမှာ ကွက်ငယ်ရွာ ဇရပ်ဒါယကာ ဦးလူတုပ် ဒေါမြိုင် ဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဥက္ကံသ ဖြစ်သည်။ ရဟန်းဖြစ်ပြီး ဒက္ခိဏာရာမ ဘုရားကြီးတိုက် စာချ ရှင်နန္ဒိယထံ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ ဒက္ခိဏာရာမ ဘုရားကြီးတိုက် စတုတ္ထ သံဃာ့နာယက ရှင်အာစာရာဘိဝံသ (၁၈၄၄ -၁၉၂၅) ထံ သဒ္ဒါကြီး ၈ စောင်၊ သင်္ဂြိုဟ်၊ ဋီကာကျော်၊ ပါရာဇိကဏ် အဋ္ဌကထာ။ စာချ ပင်းသာဆရာတော် ရှင်ခန္တီဓမ္မ (၁၈၆၀-၁၉၄၇) ထံ နျာသကျမ်း ထပ်မံသင်ယူသည်။ ပင်းသာဆရာတော်၏ ချီးမြှောက်မှုဖြင့် ညောင်ကန် ဆရာတော် ရှင်ဣန္ဒက၊ ကဗျာနန်ခေါ် ရှင်နန္ဒိယ၊ ဆရာတော်ဦးဝိုင်း ခေါ် ရှင်အဂ္ဂမဟာပဏ္ဍိတ၊ သုဓမ္မာချုပ် ရှင်ဝါသဝါဘိဝံသ၊ ဆရာတော် ရှင်ဝိမလတို့၏ စာပေပရိယတ္တိ သာသနာရေးဆွေးနွေးမှုများတွင် နာယူ မှတ်သားခွင့်ရသည်။
ဉာဏ်ထက်၍ စာပေအရအမိများရာ ဆရာသမားများ၊ သီတင်း သုံးဖော်များ တိုက်တွန်း၍ အစိုးရ ပထမပြန်နှင့် အခြားစာမေးပွဲများ ဝင်ရောက်ဖြေဆိုသည်။ ၁၉၁၂ ခုတွင် အစိုးရပထမငယ်။ ၁၉၁၃ ခုနှစ်တွင် ပထမလတ်။ ၁၉၁၄ ခုနှစ်တွင် မန္တလေး ပရိယတ္တိသာသနဟိတ (သကျသီဟ) စာသင်တန်း။ ၁၉၁၆ ခုတွင် ပထမကြီး။ ၁၉၁၈ ခုတွင် သကျသီဟ စာချတန်းများ အောင်မြင်ခဲ့သည်။ ရဟန်း ၉ ဝါရတွင် စာမေးပွဲဖြေဆိုမှု များ ပြီးဆုံး၍ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (သီးခြားစာချ) ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။
ရဟန်း ၆ ဝါရ ၁၉၁၄ မှ ၁၉၁၅ ခုထိ ပခုက္ကူ မဟာဝိသုတာရာမတိုက် (အလယ်တိုက်) ဆရာတော် ရှင်ပညာ (၁၈၇၈-၁၉၄၆)၊ စာချ ရှင်ဇဝန (နောင် ပခုက္ကူ မဟာဝိဇယာရာမဆရာတော် ၁၈၇၇-၁၉၅၉)၊ ရှင်နန္ဒဝံသ (၁၈၈၂-၁၉၅၇) တို့ထံ နိကာယ်စာဝါများ သင်ယူသည်။ ထိုစဉ် ပခုက္ကူအလယ်တိုက် စာချ ရှင်ဇဝနထံ မြောင်းမြ တာဝတိံသာကျောင်း ဆရာတော် ရှင်ဝိစယ က စာသင်တိုက်ဖွင့်ရန် စာချတောင်းသည်။ ရှင်ဇဝန က နောက်ပါ ပဉ္စင်း ၁၅ ပါးနှင့်အတူ ရှင်ဥက္ကံသအား စာချတာဝန် ပေးအပ် သည်။ ၁၉၁၆ ခုနှစ် မတ်လ ၁၈ ရက် စနေနေ့တွင် မြစ်ဝကျွန်းပေါ် မြောင်းမြ တာဝတိံသာကျောင်းရောက်သည်။
မြောင်းမြတွင် စာချနေစဉ် တာဝတိံသာကျောင်းဆရာတော်၏ ချီးမြှောက်မှုဖြင့် ထင်ရှားခဲ့သည်။ အိမ်မဲရွာကလေးကျောင်းဘုန်းကြီး ရှင်အရိယာဝံသနှင့် ခလောက်သိုက်အရှေ့ကျောင်း ရှင်ပညာဝံသတို့၏ အာပတ္တာအဓိကရဏတွင် အဆုံးအဖြတ်ပေးရန် တာဝန်ပေးအပ်ခံရသည်။ ထို့နောက် မန္တလေး သကျသီဟစာချတန်း စာမေးပွဲဖြေရန် မန္တလေးတောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက်၌ ပြန်၍ စာဝါလိုက်သည်။ ညောင်ကန်ဆရာတော် ရှင်ဣန္ဒကထံ ပါရာဇိကဏ်အဋ္ဌကထာ၊ သမ္မောဟ ဝိနောဒနီအဋ္ဌကထာ၊ မူလဋီကာ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ မဟာဋီကာ။ ရွှေရေးဆောင် ဦးကြည်ခေါ် ရှင်အာဒိစ္စရံသီ (၁၈၅၇–၁၉၃၅) ထံ ပါရာဇိကဏ်အဋ္ဌကထာ သင်ယူသည်။ ရဟန်း ၉ ဝါရတွင် သကျသီဟ စာချတန်း အောင်မြင်သည်။ ထိုအချိန်မှစ၍ စာပေပို့ချမှုကို ဇွဲလုံ့လ ကြီးမားစွာ ဆောင်ရွက်သည်။ ဥပုသ်အဖိတ်နေ့များမှာပင် စာဝါမပျက် ပို့ချသည်။ ဂျပန်ခေတ်အတွင်း ရဟန်းရှင်လူများ စာဝါ ဆက်လက် ပို့ချသည်။ စစ်ပြီး မဟာမိတ်တပ်များ ဝင်လာပြီးနောက် ဒေါက်တာ ဘမော်၏ ဓားမပါတီနှင့် အဆက်အသွယ်ရှိသည်ထင်မှတ်ကာ ခေတ္တ ခေါ်ယူ စစ်ဆေးခံရသည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် မန္တလေး ပရိယတ္တိသာသနဟိတ အသင်း နှစ်ငါးဆယ် အထိမ်းအမှတ် ရွှေရတုသဘင်ကျင်းပရာ အင်္ဂပူ ဆရာတော်၊ ပခုက္ကူ၊ အရှေ့တိုက်ဆရာတော်၊ ပခုက္ကူ အလယ်တိုက်ဆရာ တော်၊ ညောင်တုန်း ရွှေဟင်္သာတောရဆရာတော်၊ မော်လမြိုင် တောင်ပေါက် ဆရာတော်၊ ညောင်လေးပင်တောရဆရာတော်တို့နှင့်အတူ ဓမ္မာစရိယ (မူလစာချ) ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ နိုင်ငံတွင်း ပရိယတ္တိ ကျွမ်းကျင် လိမ္မာ၍ ထင်ရှားသော ပရိယတ္တိစာသင်တိုက်ကြီးများ၏ အဓိပတိ ဆရာ တော်များကို ရွေးချယ်၍ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းဖြစ်သည်။
၁၉၅၀ ပြည့် ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်ထိ ရန်ကုန်မြို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ပိဋကတ်ပါဠိတော်မူမှန် ပေါ် ထွက်ရေးအစည်းအဝေးကို ဓနုဖြူ၊ သဒ္ဓမ္မဇောတိကာရာမဆရာတော်၊ မန္တလေး ညောင်ရမ်းဆရာတော်၊ ပခုက္ကူ၊ မဟာဝိသုတာရာမဆရာတော် နှစ်ပါး၊ မန္တလေး မစိုးရိမ်ဆရာတော်၊ ညောင်တုန်း ရွှေဟင်္သာတောရဆရာ တော်၊ မန္တလေး ခင်မကန်စံကျောင်းဆရာတော်၊ ရန်ကုန် ဘုရားကြီး ဆရာတော်၊ မန္တလေး ဒက္ခိဏာရာမဘုရားကြီးတိုက် ဟံသာဝတီဆရာ တော်၊ ဘုရားကြီးတိုက် သာသနာ့ ဇောတိကာရုံ အုတ်ကျောင်းဆရာတော်၊ မြောင်းမြဆရာတော်တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ပဉ္စမသင်္ဂါယနာတင် ကျောက်စာမူများနှင့် တိုက်ဆိုင်စစ်ဆေးရန် ဦးဆောင်ရမည့် သမုတိရ
ဆရာတော်များ အဖွဲ့ဝင် ၁၀ ပါးတွင် ပါဝင်ဆောင်ရွက်သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် သန့်စင်ပြီး ပိဋကတ်တော်များကို ဝိုင်အမ်ဘီအေ စာပေဖြန့်ချီရေးအဖွဲ့က နိုင်ငံတော် ဗုဒ္ဓသာသနအဖွဲ့သို့ လွှဲပြောင်းရန် စီစဉ်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန် ဘုရားကြီးဆရာတော်၊ ကျောက်ကုန်း မေဒိနီဆရာတော်၊ မန္တလေး ဘုရားကြီးတိုက် ဟံသာဝတီဆရာတော်၊ မြောင်းမြဆရာတော်တို့နှင့်အတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ် ခံရသည်။
၁၉၅၄ ခု ဆဋ္ဌသင်္ဂါယနာတွင် ဝန်ဆောင်ဆရာတော်အဖြစ် ဆောင် ရွက်၍ ၁၉၅၅ ခု သာသနာ ၂၅ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေး မစိုးရိမ်ဆရာတော်၊ မဟာစည်ဆရာတော်၊ ရန်ကုန် အောင်မြေသုခကျောင်း ဆရာတော်၊ တရားဝန်ကြီး ဦးသိမ်းမောင်တို့နှင့်အတူ ထိုင်းနိုင်ငံ သွား ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ ဘုရားဖူး ကြွရောက်သည်။
ပရိယတ္တိစာချတာဝန်အပြင် နိုင်ငံတော် ဝိနည်းဓိုရ်၊ ကျောင်းထိုင် ဆရာတော်များအဖွဲ့ ဥက္ကဋ္ဌ၊ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပါဠိ ပညာရေးအဖွဲ့ နာယက၊ မန္တလေး ပရိယတ္တိသာသနဟိတအသင်း ဩဝါဒါ စရိယ၊ မဟာမုနိရုပ်ရှင်တော်မြတ် ဘဏ္ဍာဂါရိက ဩဝါဒါစရိယဝန်ဆောင် အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ဒက္ခိဏာရာမဘုရားကြီးတိုက် သံဃာ့နာယက ဟံသာဝတီဆရာတော် ရှင်ဣန္ဒာသဘ (၁၈၈၈-၁၉၇၂) တွင် ပျံလွန်၍ ဒသမမြောက် သံဃာနာယကအဖြစ် တင်မြှောက်ခံရသည်။
ပြုစုခဲ့သော ကျမ်းဂန်များမှာ လက္ခဏာဒိ ပကာသနီ ဋီကာနိဿယ၊ အလင်္ကာရတ္ထ ဒီပနီပါဌ်၊ အလင်္ကာရတ္ထ ဝိဘာဝနီ နိဿယ၊ ကမ္မဋ္ဌာနဒီပနီ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (သုံးဘဝအတ္ထုပ္ပတ္တိ) တို့ ဖြစ်သည်။ သက်တော် ခု ၈၇ သိက္ခာ ၆၇ ဝါရ ၁၉၇၅ ခု ဒီဇင်ဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့ ည ၇းဝဝ နာရီတွင် မန္တလေး ဒက္ခိဏာရာမဘုရားကြီးတိုက် ကျောင်း၌ ခန္ဓာဝန်ချခဲ့သည်။ [၁]