မာတိကာသို့ ခုန်သွားရန်

ဘုရားကြီးတိုက် ဇောတိကာရုံဆရာတော်

ဝီကီပီးဒီးယား မှ
ဘုရားကြီးတိုက် ဇောတိကာရုံဆရာတော် ရှင်နာရဒ (၁၈၈၈ — ၁၉၆၅)
ဘုရားကြီးတိုက် ဇောတိကာရုံဆရာတော် ရှင်နာရဒ (၁၈၈၈ — ၁၉၆၅)

ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်ဦး မြန်မာနိုင်ငံ ပရိယတ္တိ သာသနာဝင်တွင် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် သာသနာ့ ဇောတိကာရုံ အုတ်ကျောင်း စာချအကျော် ဆရာတော်အဖြစ် ထင်ရှား သည်။ ရဟန်း ငါးဝါရမှ သက်တော် ၇ဝ ကျော်သည့်တိုင် ပရိယတ္တိစာပေ ပို့ချခဲ့ရာ နိုင်ငံတစ်ဝန်း ပရိယတ္တိ စာသင်သားများ၏ မှီခိုရာ ဂန္ထဓုရဆောင် ဆရာတော်ဖြစ်သည်။ ဆရာတော် စာချပုံနှင့်ပတ်သက်၍ ဆရာတော်၏ တပည့် အဘိဓာန်ကျမ်းပြု ဘာသန္တရပညာရှင် အဘယာရာမဆရာတော် ဒေါက်တာ အရှင်သီလာနန္ဒာဘိဝံသက “သာသနာ့ဇောတိကာရုံကျောင်းတိုက် စာလိုက်သံဃာ ၄ဝဝ ခန့်အကြား စာချပလ္လင် ဟု ခေါ်ဆိုရသော အဉ်းပျဉ် ထက်ဝယ် ဣန္ဒြေရစွာ ထိုင်နေတော်မူလျက် ပေရွက်များကိုကြည့်ကာ ဖတ်ကာဖြင့် အချိန်မှန် စာပေပို့ချနေသည်မှာ ဖူးတွေ့ရသူတို့အဖို့ သဒ္ဓါစိတ် ယိုဖိတ်၍မလာဘဲ မနေနိုင်အောင်ရှိတော့သည်” ဟု မှတ်တမ်းတင်ခဲ့ပါ သည်။ ထို့ကြောင့် ကမ္ဘာအေး ဆဋ္ဌသင်္ဂါယနာတင်စဉ်က နိုင်ငံရပ်ခြား ရဟန်းတော်များကိုယ်တိုင် ဆရာတော်စာချပုံကို လာရောက် လေ့လာခဲ့ ကြသည်။ စာချအကျော် ဂုဏ်ပုဒ်အပြင် အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သည်းခံမှုရှိခြင်း၊ အကျော်အစောကို မနှစ်သက်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟု မှတ်တမ်းတင်ခံရသည်။

နရဒ၊ ရှင်၊ ဇောတိကာရုံ အုတ်ကျောင်းဆရာတော်

[ပြင်ဆင်ရန်]

၁၈၈၈ ခုနှစ် ဇွန်လ ၂၃ ရက် စနေနေ့တွင် ဖွားသည်။ မန္တလေးမြို့ ဥယျာဉ်တော်ရပ်ကွက် ဇာတိဖြစ်သည်။ အဖ မြန်မာသမားတော် ဦးအောင်သာ၊ အမိ ဒေါ်ပုံ ဖြစ်သည်။ တစ်ဦးတည်းသော သား၊ အမည် မောင်ဘိုးသန့် ဖြစ်သည်။ ငယ်ရွယ်စဉ် မိဘနှစ်ပါး အိမ်ထောင်ကွဲ၍ မိခင်နှင့်အတူ မဟာမုနိ ဘုရားအနီး ရွှေဘုန်းရှိန်ရှမ်းပွဲရပ် ပြောင်းရွှေ့နေထိုင်သည်။ ၇ နှစ်အရွယ်တွင် ဒက္ခိဏာရာမဘုရားကြီးတိုက် အပြင်ထပ် ပင်းသာကျောင်းဆရာတော် ရှင်တေဇထံ ပညာသင်သည်။ ၁၀ နှစ်အရွယ်တွင် မိခင်က ရှင်ဒါယကာ ခံ၍ သာမဏေပြုသည်။ ဥပဇ္ဈာယ်ဆရာမှာ ဒုတိယမြောက် ပင်းသာဆရာတော် ရှင်ခန္တီဓမ္မ (၁၈၇ဝ-၁၉၄၇) ဖြစ်သည်။ ရှင်ခန္တီဓမ္မမှာ စာချအကျော် ဖြစ်၍ နောင်အခါ သတ္တမမြောက် ဒက္ခိဏာရာမဘုရားကြီးတိုက်၏ သံဃ မဟာနာယက တင်မြှောက်ခံရသည်။

ဖခင်က ရှင်ဒါယကာခံ၍ မန္တလေးအရှေ့ပြင် မင်္ဂလာဥယျာဉ်အရပ်၌ ဒုတိယအကြိမ် ရှင်ဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ရှင်ခန္တီဓမ္မထံတွင် ပရိယတ္တိစာပေသင်ယူသည်။ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဋီကာကျော်၊ ကင်္ခါနှင့် ပါဠိတော်အဋ္ဌကထာများ သင်ယူခဲ့သည်။ ဉာဏ်ပညာထက်သန်၍ အနေ အထိုင်ကျစ်လစ်ခြင်း၊ ဣန္ဒြေရှိခြင်းတို့ကြောင့် ရှင်ခန္တီဓမ္မ၏ ချီးမြှောက်မှုခံရသည်။ ဘုရားကြီးတိုက်စာချအကျော် ရှင်ဇာဂရကြီးနှင့် ရှင်ခန္တီဓမ္မတို့ အစီအစဉ်ဖြင့် ၁၉ဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ဘုရားကြီးတိုက် ခဏ္ဍသိမ်၌ ရဟန်းဖြစ်သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ ဘုရားကြီးတိုက် စတုတ္ထသံဃမဟာနာယက ရှင်အာစာရာဘိဝံသ (၁၈၄၄ - ၁၉၂၅) ဖြစ်သည်။ ရဟန်းဒါယကာမှာ ရှမ်းပွဲရပ်ပွဲစားကြီး ဦးသဲ ဒေါ်လှိုင် မိသားစုဖြစ်သည်။ ရဟန်းဖြစ်ပြီး ဓမ္မာစရိယဆရာရင်း ပင်းသာဆရာတော်ထံတွင် ဝိနည်းငါးကျမ်း ပါဠိတော်၊ အဋ္ဌကထာ၊ ဓမ္မသင်္ဂဏီ၊ အဋ္ဌသာလိနီ ပါဠိတော်၊ အဋ္ဌကထာ တို့ကို ဆိုဝါဖြင့် သင်ယူခဲ့သည်။ ထို့နောက် ညောင်ကန်တိုက် စာချအကျော် ရှင်ဣန္ဒာဝုဓ ထံ မူလဋီကာနှင့်တွဲလျက် သမ္မောဟဝိနောဒနီကို ဆိုဝါဖြင့် သင်ယူသည်။ ရဟန်း ၅ ဝါရသည့်တိုင် စတုတ္ထဘုရားကြီး ဆရာတော် ရှင်အာစာရ၊ ဆရာတော် ဦးရန်ကုန် ခေါ် ရှင်သုဇာတာဘိဝံသ (၁၈၄၇—၁၉၀၆)၊ ရှင်ဇာဂရကြီး (၁၈၆၇—၁၉၄၇)၊ မိုးတားသာသနာပိုင် ဆရာတော် ရှင်သုဇာတ (၁၈၃ဝ-၁၉ဝ၂)၊ ရွှေရေးဆောင်ဆရာတော် ဦးကြည် ခေါ် ရှင်အာဒိစ္စရံသီ (၁၈၅၇—၁၉၃၅) တို့ထံ သင်ရိုးပိဋကတ် သုံးပုံကို အဋ္ဌကထာ၊ ဋီကာနှင့်တွဲ၍ ကုန်စင်အောင် သင်ယူခဲ့သည်။ ကဗျာ လင်္ကာ အရေးအသားကို ကဗျာနန်ဟု ထင်ရှားသော ဘုရားကြီးတိုက် စာချ ရှင်နန္ဒိယ (၁၈၆၅-၁၉၃၆) ထံ သင်ကြားခဲ့သည်။

ရဟန်း ၄ ဝါရမှစတင်၍ ဓမ္မာစရိယဆရာရင်း၏ ခွင့်ပြုချက်ဖြင့် စတင် စာပေပို့ချသည်။ ရဟန်း ၅ ဝါရတွင် စာချလုပ်ငန်းတစ်ခုတည်းကို ပင်တိုင်ထား၍ ဆောင်ရွက်ခဲ့ရာ ၁ဝ ဝါရမှစ၍ နာမည်ထင်ရှားလာ သည်။ ပင်းသာကျောင်းတွင် ကျောင်းနှင့် စာလိုက်သံဃာ မမျှဖြစ်ကာ အချို့စာလိုက်သံဃာများ ကျောင်းအောက်မြေပြင်မှပင် စာလိုက်ရသည်။ ၁၉၂၁ ခုနှစ်တွင် ပင်းသာကျောင်းအနီး၌ သာသနဇောတိကာရုံအုတ်ကျောင်းကို အလှူခံ၍ ပြောင်းရွှေ့စာချသည်။ ၁၉၂၂ ခုနှစ်တွင် မန္တလေးမြို့ သကျသီဟအသင်း ခေါ် ပရိယတ္တိသာသနဟိတအသင်း (၁၈၉၈) ၏ ဓမ္မာစရိယ မူလစာချဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည်။ စာချရာတွင် စာမေးပွဲကို ဦးစားမပေး၊ အစဉ်အလာအတိုင်း စာပေတတ်မြောက်မှုကို အလေးထားသည်။ ဝိနည်း သုတ္တန် အဘိဓမ္မာ ပိဋကတ် သုံးသွယ်ကို တစ်ခုပြီးတစ်ခု ကုန်စင်အောင် ပို့ချသည်။ ပိဋကတ်သုံးပုံ တစ်ခေါက် ကုန်လျှင် ဝိနည်းမှစ၍ အစဉ်လိုက် ပြန်လည်ပို့ချသည်။ စာချဟန်မှာ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ပထမဆရာတော် ရှင်ဇာဂရ (၁၈၁ဝ— ၁၈၇၄) မှ ဘုရားကြီးတိုက် စာချဆရာတော်များ အစဉ်အဆက် အသုံးပြုသော သာသနာပိုင် သဲအင်းဆရာတော် ရှင်သူရိယ (၁၇၆၃—၁၈၃၉) ၏ စာပြောနည်းဖြစ်သည်။ စာချရာတွင် အဓိက လက်စွဲပြုသော ကျမ်းများမှာ ပထမဘုရားကြီးဆရာတော် ရှင်ဇာဂရ၏ “ပါစိတျာဒိယောဇနာ” ဘုရားကြီးတိုက်စာချ ရှင်သုတဗုဒ္ဓိ၏ “ပါရာဇိကဏ်ဂဏ္ဌိသစ်” မောင်းထောင် ဆရာတော် ရှင်ဝေသဝဏ္ဏ၏ ‘သမ္ဗန္ဓစိန္တ ဂဏ္ဍီသစ်၊ ဆရာတော် ဦးရန်ကုန်၏ ဘုရားကြီးနိယံ’ တို့ဖြစ်သည်။

စာချရာတွင် အချိန်မှန်၍ ပရိတ်ရွတ်၊ ဆွမ်းစဉ်မလိုက်၊ စေတနာ သဒ္ဓါတရား အားကောင်းစွာ ထူးထူးချွန်ချွန် ပို့ချလေ့ရှိရာ သာသန ဇောတိကာရုံ တိုက်နှင့်မဆန့်၊ အချို့စာသင်သားများ လှေကားမှပင် စာလိုက် ရသည်။ ဆဋ္ဌသင်္ဂါယနာတင်စဉ် နိုင်ငံခြား ထိုင်း၊ သီရိလင်္ကာ ရဟန်းတော်များကိုယ်တိုင် ရှင်နာရဒ စာပေပို့ချနေပုံကို လာရောက်လေ့လာကြသည်။ စာချရာ၌ စာအုပ်အစား ပေထုပ်ကို အသုံးပြုလေ့ရှိသည်။ စာပေပို့ချရုံမျှ မက ပါဠိ၊ အဌကထာ ကျမ်းစာများ ပုဒ်၊ ပါဌ်၊ အက္ခရာ မှန်ကန်သန့်ရှင်း ရေးကိုလည်း ဆောင်ရွက်၍ ကျမ်းဂန်လည်း ပြုစုသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဗုံးသံ၊ စက်သေနတ်သံများကြားမှာပင် “ဝိဂ္ဂဟနယကျမ်း”ကို စီရင် ခဲ့သည်။ ပြုစုခဲ့သောကျမ်းများမှာ ဓာတုက္ကမပါဌ်နိသျ (၁၉၄၁)၊ ဝိဂ္ဂဟနယ (၁၉၄၃)၊ အလင်္ကာအရကောက် (၁၉၅၀ ပုံနှိပ်)၊ နေတ္တိအရကောက်၊ တက်နည်းတွက်နည်း နိဿရည်းကျမ်း (၁၉၅၆ ပုံနှိပ်)။ နာမဂ္ဂဏဒီပနီကျမ်း (၁၉၅၈ ပုံနှိပ်)၊ ဝိနယာဓိကရဏဝိနိစ္ဆယ၊ ကထိနဝိနိစ္ဆယတို့ ဖြစ်သည်။

၁၉၅ဝ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်ထိ မြန်မာနိုင်ငံအထက်ပိုင်း ဝိနည်းဓိုရ်အဖြစ် ဆောင်ရွက်သည်။ ဆဋ္ဌသင်္ဂါယနာတင်ရာတွင် ဆဋ္ဌသင်္ဂီတိကာရက၊ မူလဝိသောဓက၊ ပဋိဝိသောဓက၊ ဩသာနသောဓက အဖြစ် ပါဝင် ခဲ့သည်။ ဘုရားကြီးတိုက်မှ တာဝန်ကျသော ‘ပါဌဇာတ်ပါဠိတော်’ကို ဦးဆောင်ပြင်ဆင် သုတ်သင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပခုက္ကူဆရာတော် ရှင်နန္ဒဝံသ (၁၈၈၂−၁၉၅၇)၊ ညောင်လေးပင်တောရတိုက်ဆရာတော် ရှင်အရိယ (၁၈၈၆ – ၁၉၅၃)၊ မဟာစည်ဆရာတော် ရှင်သောဘန (၁၉ဝ၄- ၁၉၈၂) တို့နှင့်အတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ ၁၉၅၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ ဘုရားဖူးသွားရောက်သည်။ အိန္ဒိယမှ သီဟိုဠ် (သီရိလင်္ကာ) ဘုရားဖူးခရီးစဉ်ကို စာချလက်စ စာဝါ ကြာရှည်ပျက်မှာစိုးသောကြောင့် မလိုက်တော့ချေ။ ၁၉၅ဝ ပြည့်နှစ် ပါဠိ တက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေအရ ဒက္ခိဏာရာမ ပါဠိတက္ကသိုလ် တွင် စာချကထိကရာထူး ပေါ်ပေါက်လာရာ ငြင်းပယ်ခဲ့သည်။ ပါဠိတက္ကသိုလ် ကထိကဖြစ်လာလျှင် စာပေကျမ်းဂန်များကို ပြဋ္ဌာန်းချက်အတိုင်း ပို့ချရ၍ မိမိစေတနာရှိသလောက် ပို့ချနိုင်တော့မည် မဟုတ်ဟု အကြောင်းပြသည်။

၁၉၅ဝ ပြည့်နှစ်တွင် ရဟန်းအစ်မ ကျောင်းအစ်မများက တိုက်နှစ်လုံးနှင့် ဂိုဒေါင်မြေများကို ဆရာတော်အား ပုဂ္ဂလိကအလှူအဖြစ် လှူဒါန်းသည်ကို ဒက္ခိဏာရာမ ဘုရားကြီးတိုက် သံဃိကပိုင်အဖြစ် အာလယပြတ် ပြန်လည်လှူဒါန်းခဲ့သည်။ ထင်ရှားကျော်ကြားသော စာချပုဂ္ဂိုလ် ဖြစ်သော်လည်း အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သည်းခံမှုရှိခြင်း၊ အကျော်အစောကို မနှစ်သက်ခြင်း၊ ကိစ္စနည်းခြင်းတို့တွင် စံပြအဖြစ် သတ်မှတ်ခံရသည်။

ပရိယတ္တိစာချအပြင် မဟာမုနိဘုရားကြီး ဩဝါဒါစရိယ (၁၉၄၄— ၁၉၄၆)၊ ပရိယတ္တိသာသနဟိတအသင်း ဩဝါဒါစရိယ (၁၉၄၈-၁၉၆၅)၊ ဒက္ခိဏာရာမဘုရားကြီးတိုက် အုပ်ချုပ်ရေး သမ္မုတိအဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် သိမ်သမုတ် ကံဆောင်ခြင်းကိုမူ ကျန်းမာ နေပါက မငြင်းမပယ် ဆောင်ရွက်လေ့ရှိသည်။ ၁၉၆၁ မှစတင်၍ ဆီးချို ရောဂါ၊ တီဘီခေါ် ချောင်းဆိုးသွေးပါရောဂါများ စွဲကပ်လာ၍ စာချ လုပ်ငန်း ရပ်နားခဲ့ရသည်။

သက်တော် ၇၈ သိက္ခာတော် ၅၈ ဝါအရ ၁၉၆၅ ခု အောက်တို ဘာလ ၁၈ ရက် တနင်္လာနေ့ နေ့လည် ၂း၁၅ နာရီတွင် မန္တလေးမြို့ ဘုရားကြီးတိုက် သာသနဇောတိကာရုံ အုတ်ကျောင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)