ဘီးရောင်းတမ်း

ဝီကီပီးဒီးယား မှ

ဘီးရောင်းတမ်း ကစားနည်း[ပြင်ဆင်ရန်]

ဘီးရောင်းတမ်းကစားကြရာတွင် ရွှေစွန်ညို ကစားရာမှာကဲ့သို့ ကစားသူ ကလေးများ မများလှချေ။ ကစားရာတွင် ရွှေစွန်ညို ကစားခြင်းမှာကဲ့သို့ပင် ခေါင်းဆောင်၏ နောက်တွင် တစ်ယောက်ပြီး တစ်ယောက် စီရပ်သွားရလေသည်။ ကစားပွဲ စလျှင်စခြင်းဖြစ်စေ၊ အမေးအဖြေ ပြုလုပ်ကြရာ၌ တစ်ဝက်လောက်သို့ ရောက်သောအခါ၌ဖြစ်စေ ကစားသော ကလေးများသည် သူတို့၏ ခြေထောက်များကို တစ်ချောင်းနှင့်တစ်ချောင်း ကပ်၍ မထားကြဘဲ ခွာလိုက်ကြပြီးလျှင် လုံချည်များကို ဒူးဆစ်အပေါ်သို့ ရောက်ရှိသွားသည်အထိ ခွာထားသော ခြေနှစ်ချောင်း၏ အလယ်မှ ကိုင်၍ မတင်ထားလိုက်ကြ လေသည်။

ဘီးရောင်းသူနှင့် ခေါင်းဆောင်လုပ်သူတို့က အမေး အဖြေများကို နားလည်ထားကြရလေသည်။ ဘီးရောင်းသူက သူ၏လက်တစ်ဘက်နှင့် ဖြစ်စေ၊ လက်နှစ်ဘက်နှင့် ဖြစ်စေ တုတ်တစ်ချောင်းကိုလည်းကောင်း၊ တုတ်ကဲ့သို့သော ပစ္စည်းတစ်ခုခုကိုလည်းကောင်း ကိုင်၍ သူ၏ ခေါင်းပေါ်တွင် တင်ထားရသည်။ ထိုနောက် ဘီး၊ ဘီးဟု အော်ကာ ခေါင်းဆောင်၏ ရှေ့သို့ သွားရသည်။ ထိုအခါ ခေါင်းဆောင် - ဘာဘီးလဲ ဘီးရောင်းသူ - ရွှေဘီး ခေါင်းဆောင် - ရွှေစော်နံ ပြန်လိုက်အုံး ထိုအခါ ဘီးသည်က လှည့်သွားပြီးလျှင် တစ်ဖန်ပြန်လာကာ - ဘီးရောင်းသူ - ဘီး၊ ဘီး ခေါင်းဆောင် - ဘာဘီးလဲ ဘီးရောင်းသူ - ငွေဘီး ခေါင်းဆောင် - ငွေစော်နံ ပြန်လိုက်အုံး ဘီးရောင်းသူသည် လှည့်သွားပြီးလျှင် တစ်ဖန်ပြန်လာကာ - ဘီးရောင်းသူ - ဘီး၊ ဘီး ခေါင်းဆောင် - ဘာဘီးလဲ ဘီးရောင်းသူ - သနပ်ခါးဘီး ခေါင်ဆောင် - အစစ်လား ဘီးရောင်းသူ - အစစ်ဘဲ ခေါင်းဆောင် - အဆစ်ပေး ဘီးရောင်းသူက ကစားသူတိုင်းကို ဘီးလိုက်၍ ပြရသည်။ ကစားသူတိုင်းကလည်း ဘီးလာပြသောအခါတွင် တံထွေးကို ထွေးလိုက်ရသည်။ ထိုနောက် ဘီးရောင်းသူက ဘီးကို ခေါင်းဆောင်လုပ်သူအး ပေးလိုက်ရသည်။ သို့မဟုတ်လျှင်လည်း ဘီးရောင်းသူက ကစားသူတိုင်းကို ဘီးလိုက်၍ မပြတော့ဘဲ၊ ခေါင်းဆောင်လုပ်သူကို ဘီးတိုက်ရိုက်ပေးလိုက်နိုင်သည်။ ခေါင်းဆောင်လုပ်သူက သူ့နောက်ရှိသူများကို တစ်ဆင့် ဘီးကို ပြပေးသည်။ ထိုအခါ ကစားသူများက တစ်ဘက်သို့ လှည့်၍ တံတွေးထွေးလိုက်ရသည်။ ထိုနည်းဖြင့် ဆင့်ကဲဆင့်ကဲ ဘီးသည် ခေါင်းဆောင်လုပ်သူက ဘီးကို သူ၏ ခြေထောက် နှစ်ချောင်းကြာမှ နောက်ဆုံးလူ၏ ခြေထောက်ကြား ရောက်သည်အထိ ပစ်လိုက်လေသည်။ ထိုနောက် ဘီးသည်က ဘီးဖိုးကို တောင်းခံရာ - ဘီးရောင်းသူ - ဘီးဖိုးပေး ခေါင်းဆောင် - နောက်လူတောင်း ထိုနည်းအတိုင်း နောက်ဆုံးရှိ ကစားသူထံသို့ ရောက်သွားသောအခါတွင် ထိုနောက်ဆုံးလူက ရှေ့လူတောင်းဟု ပြောလိုက်လေသည်။ ထိုနည်းအတိုင်း ဆင့်ကဲဆင့်ကဲ တောင်းခံရာ ခေါင်းဆောင်ထံသို့ ပြန်ရောက်သွားသောအခါတွင် - ခေါင်းဆောင် - မိုးပေါ်မှာ တောင်း ဘီးရောင်းသူ - နတ်သမီးတွန်းချတယ် ခေါင်းဆောင် - ညောင်ပင်အောက်မှာသွားတောင်း ဘီးရောင်းသူ - ပရွှတ်ဆိတ် ကိုက်လွှတ်တယ် ဘီးရောင်းသူ - နင်တို့နောက်က ဘာတွေလဲ ခေါင်းဆောင် - ခွေးကလေးတွေ ဘီးရောင်းသူ - အူပြစမ်း ခေါင်းဆောင်သူနှင့်တကွ ကစားသူအားလုံး အူး --အူး -- ဘီးရောင်းသူ - ငါ့တစ်ကောင်ပေး ခေါင်းဆောင် - ဘာလုပ်ဖို့လဲ ဘီးရောင်းသူ - ကစားဖို့ ထိုအခါ ခေါင်းဆောင်လုပ်သူက သူ၏လက်များကို ဆန့်တန်းပြီးလျှင် ဘီးရောင်းသူများက နောက်ကလူများကို ဖမ်း၍ မမိအောင် ကာကွယ်ပေးသည်။ ဘီးရောင်းသူကလည်း ခေါင်းဆောင်၏ နောက်ဘက်တွင် ရှိသူ တဦးဦးကို မိစေရန် ဗယ်နှင့်ညာ ပြောင်း၍ လိုက်ဖမ်းသည်။ မိသူသည် ဘီးသည် လုပ်ရ၍ ကစားပွဲးကို အစမှ ပြန်၍ ကစားကြလေသည်။ အထက်ဖော်ပြပါ ဘီးရောင်းတမ်းကစားနည်းတွင် တစ်ဒေသနှင့်တစ်ဒေသ မတူဘဲ အနည်းငယ် ကွဲလွဲချက်ကလေးများ ရှိတတ်သည်။ သို့သော် အခြေခံတွင်မူ မထူးခြားလှပေ။


ဘီးရောင်းသူ - ဘီးဘီး


ခေါင်းဆောင် - ဘာဘီးလဲ


ဘီးရောင်းသူ - လိပ်ခွံဘီး


ခေါင်းဆောင် - လိပ်စော်နံ ပြန်ပါအုံး


ထို့နောက် ဘီးရောင်းသူက စိန်ဘီးဟု ဆိုပြန်သည်။


ထိုနည်းအတိုင်း ဘီးတစ်မျိုးပြီးတစ်မျိုး ပြောင်လဲပြောဆိုပြီး၍ နောက်ဆုံး သနပ်ခါးဘီးဟု ဆိုသောအခါတွင်-


ခေါင်းဆောင် - စစ်ရဲ့လား

ဘီးရောင်းသူ - အစစ်ဘဲ


ခေါင်းဆောင် - အဆစ်နည်းနည်း ထည့်ပါအုံး


ကစားသူတိုင်းက တံထွေးထွေးပြီး၍ သူတို့၏ ခြေထောက်များကို တစ်ခုနှင့် တစ်ခု ခွာပြီးလျှင် လုံချည်များကိုမ၍ တင်ပြီးသောအခါတွင် ခေါင်းဆောင်လုပ်သူက သည်ဟာထိတဲ့လူ အနူဟူ၍ ဆိုပြီးနောက် ဘီးကို ခြေထောက်များအကြားမှ နောက်ဘက်သို့ပစ်လိုက်လေသည်။ ထိုနောက် ဘီးရောင်းသူက ဘီးဖိုးကို တောင်းခံလေသည်။ ထိုအခါ ခေါင်းဆောင် လုပ်သူက မိုးပေါ်မှာတောင်း ဟူ၍ပြောရာ-


ဘီးရောင်းသူ - တောင်းမရဘူး


ခေါင်းဆောင် - သိကြားမင်းဆီတောင်း


ဘီးရောင်းသူ - မပေးဘူး


ခေါင်းဆောင် - နတ်ပြည်တောင်း


ဘီးရောင်းသူ - နတ်ပြည်က အမြင့်ကြီး လိမ့်ကျမှာ ကြောက်တယ်


ခေါင်းဆောင် - ဘုန်းကြီးကျောင်းမှာ သွားတောင်း


ဘီးရောင်းသူ - ခွေးတွေ လိုက်ကိုက်တယ်


ခေါင်းဆောင် - ညောင်ပင်က ရုက္ခစိုးဆီသွားတောင်း


ဘီးရောင်းသူ - ညောင်ပင် အောက်က ပရွက်ဆိတ်တွေ ကိုက်တယ်


ခေါင်းဆောင် - နောက်က မယ်ထွေးလေး


ရယူတော့


ထိုသို့ ဆိုပြီးလျှင် မယ်ထွေးကိုမမိစေရန် လက်နှစ်ဘက်ကို ဆန့်တန်း၍ ကာကွယ်ပေးဘေသည်။ ဘီးရောင်းသူကလည်း မယ်ထွေးကို မိအောင် လိုက်ဖမ်းလေသည်။ နောက်ဘက်ရှိ မယ်ထွေးကို မိလျှင် မယ်ထွေးက ဘီးရောင်းသူအဖြစ် ဆက်၍ ကစားကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)