ဘီသွာလျှော်
ဘီသွာလျှော်ကို ဘီသွာပင်၏ ပင်စည်မှ ခွာယူရသည်။ ဘီသွာပင်ကို နှမ်းချပ်ပင်၊ ဘီသွာလျှော် ကို နှမ်းချပ်လျှော်ဟုလည်း ခေါ်ကြသည်။ ဘီသွာလျှော်သည် ဝါချည်ပြီးနောက် ကမ္ဘာပေါ်တွင် အသုံးအများဆုံးသော ချည်ဖြစ်သည်။ အမျှင်ခိုင်၍ နူးညံ့သည်။ ပိုးရောင်ကဲ့သို့ အရောင်တောက်သည်။ လင်နင်ခေါ် ပိတ်ချောများ ရက်လုပ်ရာ၌လည်းကောင်း၊ စာပွဲခင်း၊ လက်သုတ်ပုဝါ၊ ဇာပန်းစသည်တို့ ရက်လုပ်ရာ၌လည်းကောင်း အသုံးပြု၍ လျှော်ကြိုးကျစ်ရန်လည်း အသုံးပြုကြသည်။
ရုက္ခဗေဒအလိုအားဖြင့် ဘီသွာပင်ကို လီနမ်ယူစီတာတစ္စီမံဟု ခေါ်၍ လီနာစာစီအီးမျိုးရင်းတွင် ပါဝင်သော တစ်နှစ်ခံပင်မျိုးဖြစ်သည်။ ဘီသွာပင်သည် သေး၍ အကိုင်းအခက်လေး များဖြင့်နွဲ့သည်။ အမြင့် တစ်ပေမှ ၄ ပေ အထိ ရှိတတ်သည်။ အပွင့်ကလေးများသည် အများအားဖြင့် အပြာရောင်ဖြစ်၍ အဖြူရောင်ပွင့်သော ဘီသွာလျှော် မျိုးတမျိုးလည်း ရှိသေးသည်။
ဘီသွာလျှော်ကို ပင်စည်ခွံအတွင်းထပ်မှ ရရှိသည်။ ပင်စည်ရှည်သော ဘီသွာပင်မှ လျှော်သည် ပင်စည်ပုသော အပင်မှလျှော်ထက် မျိုးကောင်းသည်။ လျှော်ကို အကိုင်းနှင့် အမြစ်တို့မှ ခွာထုတ်၍ မရချေ။ ရာသီဥတု အေး၍ စိုစွတ် ထိုင်းမှိုင်းသော ဒေသတွင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။ အစေ့အလို့ငှာ စိုက်ပျိုးသော ဘီသွာပင်ကို ထိုထက်ပိုမိုခြောက်သွေ့သော ဒေသ၌ စိုက်ပျိုးနိုင်သည်။ ဘီသွာပင်ကို လျှော်နှင့် အစေ့အလို့ငှာ ရှေးကျောက်ခေတ်မှစ၍ ဥရောပတိုက်တွင် စိုက်ပျိုးလာခဲ့ကြသည်။ မြေထဲပင်လယ်တဝိုက်တွင် နေထိုင်ကြသူများက ဘီသွာပင်မှ လျှော်ကို စတင်အသုံးပြုခဲ့ကြပြီးနောက် ဥရောပတိုက်ရှိ အခြားအရပ်များသို့ပြန့်နှံ့သွားလေသည်။ ယင်းမှတဆင့် အမေရိကတိုက်သို့လည်းကောင်း၊ ဩစတြေးလီးယားတိုက်သို့ လည်းကောင်း ပြန့်ပွားလာခဲ့သည်။ ဥရောပတိုက်တွင် ဘီသွာပင်ကို လျှော်အတွက်သာ စိုက်ပျိုး ကြသည်။ အိန္ဒိယ၊ ကနေဒါ၊ အမေရိကန် ပြည်ထောင်စုနှင့် အာဂျင်တီးနားနိုင်ငံများ၌မူ ယင်းအပင်မှ အစေ့ကို ဆီကြိတ်ရန် စိုက်ပျိုး သည်ကများသည်။ ရုရှနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘီသွာပင်အများဆုံး စိုက်ပျိုးသော နိုင်ငံဖြစ်၍ တစ်ကမ္ဘာလုံးမှ ထွက်သော ဘီသွာလျှော် ၃ ပုံ ၂ ပုံသည် ရုရှားနိုင်ငံထွက်ဖြစ်သည်။ ဘီသွာပင်သည် သမပိုင်း ဒေသပေါက်ပင်ဖြစ်၍ အပူပိုင်းဒေသ၌ မပေါက်ရောက်နိုင်ချေ။ ဘီသွာလျှော် အကောင်းဆုံးနှင့် အများဆုံးထွက်သော နိုင်ငံများမှာ ဥရောပတိုက်ရှိ ပြင်သစ်၊ ဟော်လန်နှင့် ဗလဂျီယမ် နိုင်ငံများ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းက လျှော်အလွန်အထွက်များသော ဗဲလဂျီယမ်နိုင်ငံနှင့် ခရီးလမ်းပန်းပြတ်သဖြင့် အင်္ဂလန်နိုင်ငံတွင် ဘီသွာလျှော်ပင်များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်သည်။ ဘီသွာပင်သည် စိုက်၍ ၂ လခန့်ကြာသောအခါ အဝါရောင်အပွင့်များ ပွင့်သည်။ ယင်းမှ အစေ့တောင့် ဖြစ်၍ ရက်သတ္တ ၃ ပတ်အတွင်း အစေ့၏ အရောင်သည် ညိုဝင်းလာသည်။
လျှော်အတွက် ဘီသွာပင်ကို စိုက်ပျိုးသည့်အခါ အသီးအားလုံး ကုန်မမှည့်မီ အပင်များကို လက်ဖြင့် နုတ်ယူကြရသည်။ မြောက်အမေရိကတိုက်တွင် ဘီသွာပင် နုတ်သည့်စက်ကို တီထွင်အသုံးပြုလျက်ရှိသည်။ ထိုအပင်များကို နုတ်ပြီး နောက် နိုင်သလောက်စီ စုစည်းကာ စိုက်ခင်းထဲ၌ ထိုအစည်းများကို ထောင်၍ အခြောက် ခံထားရသည်။ အပင်များ ခြောက်သွေ့လာလျှင် သံဘီးဖြင့် အစေ့များကို ဖြီးချလိုက်ရသည်။
ထိုအစေ့များကို မျိုးအဖြစ်လည်းကောင်း၊ ဆီကြိတ်ညှစ်ယူရန်သော် လည်းကောင်း၊ သိမ်းဆည်း၍ ထားရသည်။ အစေ့ချွေပြီး သည့်အခါ လျှော်ကို အလွယ်တကူနှင့် ခွာယူ နိုင်ရန် အပင်များကို ရေအိုင်၊ ရေကန်၊ သို့မဟုတ် မြစ်ထဲတွင် ရေစိမ်၍ ထားရသည်။ ယင်းသို့ရေထဲ၌ စိမ်ထားသဖြင့် အပင်များ အနည်းငယ်ရိယော်၍ လာသောအခါ လျှော်ကို မြက်ခင်းများပေါ်တွင် အခြောက်ခံထားရပြန်သည်။ ထိုနောက်လျှော်ပင် များကို ကြံရည်ကြိတ် လက်လှည့် ဒလိမ့်တုံးကဲ့သို့သော စက်မျိုးဖြင့် အပင်၏ အတွင်းသား ကြေသွားအောင် ခြေပစ်လိုက်သည်။ အချို့ကလည်း စက်များဖြင့် အပင်များကို ခြေလိုက်သည်။ တဖန် လျှော်မျှင်များ စန့်သွားစေရန်နှင့် လျှော်သန့်သန့်ကို ရရှိရန် ခြည်ပုတ်လက်ရိုက်တုတ်ဖြင့် ထုရိုက်ရသည်။ ဤကဲ့သို့ပြုလုပ်ရာ၌ စက်ကိုအသုံးပြုကြသည်လည်း ရှိသည်။ နောက်ဆုံးတွင် လျှော်မျှင်များရရှိရန် သံဘီးများဖြင့် အပင်ကို တဖန်ဖြီးချရသည်။ ရရှိသော လျှော်မျှင်များကို အရှည်နှင့်အတို ခွဲခြား၍ ခြည်လုပ်စက်ရုံများသို့ တင်ပို့ကြသည်။
ဘီသွာပင်ကို အစေ့အတွက် စိုက်ပျိုးသည့်အခါ ကောက်ပင်များ စိုက်ပျိုးလုပ်ကိုင်ရာ၌ အသုံးပြုသော လယ်ထွန်စက်မျိုးဖြင့် အပင်များကို စိုက်နိုင် ရိတ်သိမ်းနိုင်လေသည်။ တောင်အမေရိကတိုက်ရှိ အာဂျင်တီနားနိုင်ငံသည် တစ်ကမ္ဘာလုံးမှ ထွက်သမျှ ဘီသွာစေ့၏ ထက်ဝက်မျှ ရရှိသော အထွက်အများဆုံး နိုင်ငံဖြစ်သည်။ ဘီသွာစေ့မှ ကြိတ်ညှစ်၍ ရရှိသော ဘီသွာဆီကို သင်္ဘောဆေးများ ရောစပ်ရာ၌ လည်းကောင်း၊ ပုံနှိပ်မင်ဖော်စပ်ရာ၌ လည်းကောင်း၊ ဆီစိမ်အဝတ်၊ သားရေပြောင်နှင့် ဆီစိမ်ရွက်ထည်များ ပြုလုပ်ရာ၌ လည်းကောင်း အသုံးချကြသည်။ ယင်းအစေ့မှ ဆီညှစ်ယူပြီးနောက် ကျန်သည့် နှမ်းဖတ်ကဲ့သို့သော ဘီသွာဖတ်များကို တိရစ္ဆာန် အစာအတွက် အသုံးချကြလေသည်။
ဥတုဘောဇနကျမ်း အလိုအရ ဘီသွာစေ့သည် ဆိမ့်၏။ စဉ်းငယ်ခါး၏။ ကြေခဲ၏။ မျက်စိနာ၊ သုက်ပျက် နာ၊ လေနာကို နိုင်၏။ သလိပ်သည်းခြေကိုနိုင်၏။ အဆီဩဇာရှိ၏။ ဘီသွာဆီသည် ဝမ်းမီးကို တောက်စေ၏။ ပူ၏။ ကြေခဲ၏။ သလိပ်သည်းခြေကို ပျက်စေ၏။ အားကိုဖြစ်စေ၏။ လေကိုနိုင်၏။ မျက်စိနှင့်မသင့်။ ဥတု အေးလျှင် အခဲဖြစ်၏။ ချုပ်၏။ ကျင်ကြီးကို ပွားများစေတတ်၏။ အရေပြား၌ဖြစ်သော ပွေးညှင်း၊ တင်းတိပ်စသော အနာကို နိုင်၏ဟုဆိုလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)