ဘီဂန်းဒက်

ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပေါအမ်းဗရို့ ဘီဂန်းဒက် (အင်္ဂလိပ်: Paul Ambroise Bigandet, MEP) (အေဒီ ၁၈၁၃-၁၈၉၄) သည် မြန်မာနိုင်ငံတွင် ကက်သလစ် (ရှေးအခါက ကက်သလစ်ဘာသာဝင်များကို ဘရင်ဂျီ ဟုခေါ်ဆို) ဂိုဏ်းအယူဝါဒကို ပြန့်ပွားအောင် နှစ်ပေါင်း ၅ဝ ကျော် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဘီဂန်းဒက်သည် အယူဝါဒရေး၌သာ ခေါင်းဆောင်မှု ပေးနိုင်သည် မဟုတ်၊ ပညာရေးနှင့် လူမှုဝန်ထမ်း လုပ်ငန်းများ၌လည်း ရှေ့ဆောင် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အောက်မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ၁၈၅၆ ခုနှစ်မှ ၁၈၉၄ ခုနှစ်အထိ အနှစ် ၅ဝ နီးနီး ထမ်းရွက်ခဲ့သည်။
ငယ်စဉ်ဘဝနှင့် ပညာသင်ကြားခြင်း
[ပြင်ဆင်ရန်]ပေါအမ်းဗရို့ဘီဂန်းဒက်ကို ၁၈၁၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ဖရန့်-ကွန်တေး နယ်မလန်းမြို့တွင် အယူဝါဒရေး၌ အလွန်လေးစားသော မျိုးကြီးဆွေကြီး မိဘများမှ ဖွားမြင်သည်။ ဘီဂန်းဒက် သည် ငယ်စဉ်ကပင် ပညာဉာဏ် ထက်မြက်၍ ထကြွလုံ့လဝီရိယရှိသောသူ ဖြစ်သည်။ မိဘများကလည်း ချမ်းသာ သူဖြစ်သည့်အလျောက် လောကီစည်းစိမ်ကိုသာ တပ်မက်မော၍ သာသနာပြု လုပ်ငန်းသို့မဝင်ပါက ဘီဂန်းဒက် အဖို့မတောင့်မတ မကြောင့်မကြ နေရမည်မှာ အမှန်ဖြစ်ချေသည်။ သို့ရာတွင် ထာဝရဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ရန် ဘုရားသခင်အား မိမိကိုယ်ကို လှူဒါန်းထားသော ဘီဂန်းဒက်သည် ၁၆ နှစ်အရွယ်မှပင် စတင်၍ ဗြဟဒေဝဗေဒကို လေ့လာသင်ယူရာ အယူဝါဒရေး၌ ထူးချွန်စွာ သက်ဝင်လေးစားသူအဖြစ် ထင်ရှားခဲ့ သည်၊ အသက် ၁၉ နှစ်အရွယ်တွင် မာနေးမြို့သာသနာရေး ကောလိပ်တွင် ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရ လေသည်။
သာသနာပြုဘောင်သို့ဝင်ခြင်းနှင့် မာလာယုကျွန်းဆွယ်သို့ ရောက်ရှိခြင်း
[ပြင်ဆင်ရန်]၁၈၃၆ ခုနှစ်တွင် ဘီဂန်းဒက်သည် ပါမောက္ခရာထူးမှ ထွက်၍ ခရစ်ယာန် ရဟန်းဘောင်သို့ဝင်ကာ ပါရစ်မြို့ နိုင်ငံခြား သာသနာပြုအဖွဲ့တွင် ပါဝင်ထမ်းရွက်သည်။ ထို့နောက် နိုင်ငံခြား သာသနာပြုအဖွဲ့၏ စေလွှတ်ချက်အရ မယုကျွန်းဆွယ်သို့သာသနာပြုရန် သွားရောက်ရသည်။ ပါရစ်မြို့မှ ထွက်၍ ရက် ၁၃ဝ ခန့်ကြာမှ ပီနန်မြို့သို့ရောက်ရှိသည်။ မာလာယုကျွန်းဆွယ် (မလေးကျွန်းဆွယ်) သာသနာပြု ဌာနအတွက် သတ်မှတ်ထားသော နယ်မြေတွင် အပါအဝင် ဖြစ်သည့် မြန်မာနိုင်ငံ မြိတ်မြို့သို့ ဘီဂန်းဒက်သည် ဦးစွာသွားရောက်ရသည်။
မြိတ်မြို့တွင် သာသနာပြုလုပ်ငန်းများ
[ပြင်ဆင်ရန်]မြိတ်မြို့တွင် သာသနာပြု လုပ်ငန်း များကို လုံ့လကြီးစွာ ဆောင်ရွက်ယင်း အားလပ်သည့်အချိန်တွင် မြန်မာဘာသာနှင့် စကားကို လေ့လာသင်ယူသည်။ နောက် ၂ နှစ်ခန့်ကြာသောအခါ ထာဝရဘုရားသခင် အတ္ထုပ္ပတ္တိ စာအုပ်နှင့် ဆုတောင်းစာ စာအုပ် ၂ အုပ်ကို မြန်မာဘာသာဖြင့် ပြုစုပြီးလေသည်။ မြိတ်မြို့တွင် နေ့စဉ် ဘီဂန်းဒက်သည် ကျောင်းများတည်ထောင်၍ ကိုယ်တိုင် ကြီးကြပ်စာပေသင်ကြားပေးသည်။
ပီနန်မြို့သို့ပြောင်းရွှေ့ခြင်းနှင့်တာဝန်များ
[ပြင်ဆင်ရန်]မြိတ်မြို့တွင် ၆ နှစ်ခန့်ထမ်းရွက်ပြီးနောက် ပီနန်မြို့မှ ဂိုဏ်းအုပ်ကြီး ဗူရှေးက ပြန်ခေါ်ခန့်ထားချက်အရ ပီနန်ဘုရားရှိခိုးကျောင်းကို တာဝန်ခံ အုပ်ချုပ်ကာ မယု ကျွန်းဆွယ်တစ်ခုလုံး၏ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်ချုပ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။
မယုကျွန်းဆွယ်တွင် ပညာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]မယုကျွန်းဆွယ်၌ နေထိုင်စဉ်လည်း သာသနာဝန်ထမ်း လုပ်ငန်း ကိုသာ မဟုတ်၊ ပညာရေးလုပ်ငန်းများကိုပါ ဆောင်ရွက်သည်။ မရှိနွမ်းပါးသော ကလေးများကို စာပေသင်ပေး ခြင်း၊ မလေးဘာသာကို သင်ယူပြီးနောက် ရောမအက္ခရာများဖြင့် တီထွင်ရေးသား၍ စာအုပ်များပြုစုခြင်း၊ သတင်း စာ မဂ္ဂဇင်းများသို့ဆောင်းပါးများရေးသားပေးပို့ခြင်း၊ စာအုပ်ပေါင်းများစွာကို မလေးဘာသာစာပေသို့ပြန်ဆို ခြင်းတို့ကို ပြုသည်။
မြန်မာနိုင်ငံသို့သာသနာပြုရန်စေလွှတ်ခံရခြင်း
[ပြင်ဆင်ရန်]၁၈၄၆ ခုနှစ်တွင် စင်္ကာပူဂိုဏ်းအုပ်ကြီးက တွဲဖက် ဂိုဏ်းအုပ်တစ်ပါး ပို့ပေးရန် ပုပ်ရဟန်းမင်းထံ လျှေက်ထားသောအခါ ဘီဂန်းဒက်အား ရဟန်းမင်းက ရွေးချယ်ခန့်ထားလိုက်သည်။ သို့ရာတွင် ဘီဂန်းဒက်က ဤမျှကြီးကျယ်သော ရာထူးကို လက်မခံလိုကြောင်း လျှောက်ထား ငြင်းပယ်ကာ သာမန်ဘုန်းတော်ကြီးအဖြစ် ၁ဝ နှစ်ခန့်ဆက်လက် နေထိုင် ထမ်းရွက်သည်။ ၁၈၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သာသနာပြုရန် ပါရစ်မြို့သာသနာပြု အဖွဲ့လက်တွင်း ကျရောက်လာရာ ဘုန်းတော်ကြီး ဘီဂန်းဒက်အား မယု ကျွန်းဆွယ်လုံးဆိုင်ရာ တွဲဖက် ဂိုဏ်းအုပ်နှင့် အင်းဝနှင့် ပဲခူးနေပြည်တော်ဆိုင်ရာ ရဟန်းမင်းကိုယ်စားလှယ်တော်အဖြစ် ခန့်ထားကာ မြန်မာနိုင်ငံ သို့သာသနာပြုရန် စေလွှတ်ခဲ့သည်။ ၁၈၅၆ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ရာမာသာ ဂိုဏ်းအုပ်ကိုယ်တော်ကြီးဟူသော ဘွဲ့ကို အပ်နှင်းခံရပြီးနောက် ထိုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ ဘရင်ဂျီဂိုဏ်းကို ပြန်လည် စည်းရုံးရန် မော်လမြိုင်မြို့သို့ဆိုက်ရောက်လာသည်။
မြန်မာနိုင်ငံအတွင်း ခရီးလှည့်လည်ခြင်း
[ပြင်ဆင်ရန်]မော်လမြိုင်မြို့သို့ရောက်၍ ၂၅ ရက်ခန့်နေပြီးနောက် ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်သည် မြန်မာနိုင်ငံ အနှံ့အပြားလှည့် လည်၍ သာသနာပြုရန် ရန်ကုန်မြို့သို့ဦးစွာသွားရောက်သည်။ ထို့နောက် ပုသိမ်၊ မြောင်းမြ၊ သရက်၊ အမရပူရစသော မြို့များသို့လှည့်လည်သည်။ အမရပူရမြို့တော်တွင် မင်းတုန်းမင်း တရားကြီးအား ဝင်ရောက်တွေ့ဆုံကာ သာသနာရေးကိစ္စများကို နှီးနှောခဲ့သည်။ ဘုရင်မင်းမြတ်က ဘီဂန်းဒက်အားဆင် ၃ စီးနှင့် လှေတစ်စင်း သနားတော်မူရာ ယင်းသည့်ဆင်နှင့် လှေတို့ဖြင့် ဘုရင်ဂျီဂိုဏ်းဝင်များ နေထိုင်ရာ ရွှေဘိုခရိုင်တွင်းရှိ ကျေးရွာများ သို့လှည့်လည်သွားလာခဲ့သည်။ ထို့နောက် ဗန်းမော်၊ တောင်ငူ၊ ရွှေကျင်၊ စစ်တောင်း၊ ပဲခူးမြို့များသို့ဝင်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဘရင်ဂျီဂိုဏ်းဝင် ၄ ထောင်ကျော်ခန့်သာ ရှိလေသည်။
ဗုဒ္ဓဘာသာလေ့လာခြင်းနှင့် စာပေပြုစုခြင်း
[ပြင်ဆင်ရန်]ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်သည် မြန်မာစကားကို ကောင်းစွာ တတ်သည့်အလျောက် ရောက်ရာအရပ်၌ မြန်မာဘုန်းကြီးကျောင်းများသို့ဝင်ကာ ဗုဒ္ဓအယူဝါဒကို လေ့လာခြင်း၊ ဆွေးနွေးခြင်းများပြုသည်။ ရပ်ရွာထဲ၌လည်း လှည့်လည်ကာ ဗုဒ္ဓအယူဝါဒတို့၏ အယူဝါဒရေး ဆိုင်ရာ စိတ်နေသဘောထားကို လေ့လာသည်။ ယင်းသို့လေ့လာပြီးနောက် ၁၈၅၈ ခုနှစ်တွင် ဗုဒ္ဓဂေါတမအကြောင်း စာအုပ်တစ်အုပ် ရေးသားထုတ်ဝေသည်။
အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပညာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ဘီဂန်းဒက်၏ ဆောင်ရွက်မှု များကို အင်္ဂလိပ်အစိုးရက ကျေနပ်လှသဖြင့် ဘီဂန်းဒက်အား ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ ဆောက် လုပ်ရန် မြေနေရာများပေးသည်။ ယင်းသို့ဖြင့် ဘရင်ဂျီဂိုဏ်းဆိုင်ရာ အဆောက်အအုံများ ကြီးပွားများပြားလာခဲ့ သည်။ ၁၈၅၈ ခုနှစ်တွင် ရန်ကုန်မြို့ဘားလမ်းထောင့်ရှိ ဘုရားရှိခိုးကျောင်းကို တည်၍ ၁၈၅၉ ခုနှစ်တွင် မော်လမြိုင်၌ စိန်ပက်ထရစ်ဘုရားရှိ ခိုးကျောင်းကို တည်သည်။ ထိုနောက် ဘီဂန်းဒက်၏ မေတ္တာရပ်ခံချက်ဖြင့် ဒီလာဆားဂိုဏ်းဝင် ဘုန်းကြီးများသည် ၁၈၆ဝ ပြည့်နှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခဲ့၍ နောင်အခါ စိန်ပေါကျောင်းဟု ခေါ်တွင်သည်။ ၁၈၉၇ ခုနှစ်တွင် မန္တလေးမြို့၌ စိန်ပီတာ ကျောင်းကို ဖွင့်လှစ်သည်။ ဂိုဏ်းအုပ်ကြီး ဗီဂန်းဒက်သည် အမျိုးသားများအတွက်သာမက အမျိုးသမီးများ အတွက်ပါ စာသင် ကျောင်းများ ဖွင့်လှစ်ရန် ဂွတ်ရှက်ပတ်သီလရှင်ဂိုဏ်းမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ရာ ၁၈၆၇ ခုနှစ်တွင် သီလရှင်များ ရန်ကုန်မြို့သို့ဆိုက်ရောက်လာကြသည်။ ယခုဗိုလ်ချုပ်လမ်းရှိ ကွန်ဗင့်ကျောင်း၊ ပြည်လမ်းရှိ စိန်ဖလောမီနာ ကျောင်း၊ သိမ်ဖြူလမ်းရှိ ကွန်ဗင့် ကျောင်းခွဲတို့သည် ယင်းသီလရှင် ဆရာမများ ဖွင့်လှစ်ခဲ့သော ကျောင်းကြီးများ ဖြစ်သည်။ နယ်များတွင် သီလရှင်များရရှိရန် ရည်ရွယ်၍ သင်ကြားလေ့ကျင့်ပေးရန် ယင်းသီလရှင်များက ကြီးမှူး၍ စိန်ဖရန်ဇေးဗီးယား မြန်မာသီလရှင် ဂိုဏ်းတစ်ခုကို တည်ထောင်သည်။
မြန်မာပြည်မြောက်ပိုင်းနှင့်တရုတ်ပြည်သို့ခရီးစဉ်
[ပြင်ဆင်ရန်]၁၈၆၅ ခုနှစ်တွင် ဘီဂန်းဒက်သည် မြန်မာဘုရင် မင်းမြတ်ထံတွင် အမိန့်ခံယူကာ ဗန်းမော်မြို့သို့သွားသည်။ ယင်းမှတစ်ဆင့် ကချင်တောင်တန်းနှင့် ယူနန်နယ်သို့သွားလမ်းများ အကြောင်းကို လေ့လာစုဆောင်းကာ၊ တရုတ်နိုင်ငံ အနောက်ပိုင်းသို့သာသနာပြုများ စေလွှတ်ရန် လမ်းခရီး ရှာဖွေသည်။ ကချင်ပြည်နယ်မှ ပြန်ရောက် လာသောအခါ ကချင်ပြည်နယ်အကြောင်း စာမျက်နှာ ၆၄ မျက်နှာခန့်ရှိ စာမူတစ်ခုကို ပြုစုသည်။
အိန္ဒိယလူမျိုးများအတွက် ဆောင်ရွက်ခြင်းနှင့်လူမှုဝန်ထမ်းလုပ်ငန်း
[ပြင်ဆင်ရန်]၁၈၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြသော ဘရင်ဂျီဂိုဏ်းဝင် အိန္ဒိယ အမျိုးသားများအတွက် စိန်အန်ထော်နီ ဘုရားရှိခိုးကျောင်း ဆောက်လုပ်ပေးသည်။ ထိုအချိန်တွင် ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်၏ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၌ ဘရင်ဂျီ ဂိုဏ်းဝင်ပေါင်း ၁၈ဝဝဝ ခန့်ရှိနေလေပြီ။ ၁၈၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ လူအိုရုံတစ်ခု တည်ထောင်၍ စေတနာ့ဝန်ထမ်း အမျိုးသမီး ၂ ဦးဖြင့် စီမံအုပ်ချုပ်သည်။ ထိုနောက်မှ လစ်တဲစစ္စတားအော့ သပူးဝါးအမည်ရှိ သီလရှင် ဂိုဏ်းသို့လွှဲအပ်ခဲ့ရာ ယခုတိုင် သိမ်ဖြူလမ်းတွင် လူအိုရုံတည်ရှိနေသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ယင်းသို့သာသနာရေး ပညာရေး လူမှုရေးတို့ကို မနားမနေ အားကြိုးမာန်တက် ထမ်းရွက်ခဲ့သော ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘီဂန်းဒက်သည် ၁၈၉၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အသက် ၈၁ နှစ်အရွယ်၌ အဆုတ်ရောင်ဖျား ရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်လေသည်။
ဆက်လက် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)