မာတိကာသို့ ခုန်သွားရန်

ဘိုးသင်း (စစ်ကိုင်း)

ဝီကီပီးဒီးယား မှ
(ဘိုးသင်း၊ ဦး (စစ်ကိုင်း) မှ ပြန်ညွှန်းထားသည်)
စစ်ကိုင်း ဦးဘိုးသင်း
မွေးဖွားဘိုးသင်း
(၁၈၉၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၃၁)ဇူလိုင် ၃၁၊ ၁၈၉၀
သရက်ခရိုင် မင်းတုန်းမြို့၊ မြို့သစ်ကုန်း အရှေ့ပိုင်း
ကွယ်လွန်ဒီဇင်ဘာ ၁၀၊ ၁၉၇၃(၁၉၇၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၁၀) (အသက် ၈၃)
မြန်မာနိုင်ငံ
နိုင်ငံလူမျိုး မြန်မာ
အခြား အမည်များရွှေဂျိုးဖြူ, စစ်ကိုင်း ဦးဘိုးသင်း
လူမျိုးမြန်မာ
အလုပ်အကိုင်ပညာအုပ်၊သတင်းထောက်
ကျော်ကြားမှုအရင်းခံစာဆိုမင်း
ထင်ရှားသည့်
လုပ်ဆောင်မှု
ဖာတစ်လုံး ခေါင်းကျား စာအုပ်
မိဘ(များ)ဦးဘိုးသာ၊ ဒေါ်ရွှေအိတ်
ရရှိသည့်ဆုများစာပေဗိမာန်စာပေဆု (၁၉၅၄)
"ငမဲကျွန် စာအုပ်" ဖြင့်

စစ်ကိုင်း ဦးဘိုးသင်း (၃၁ ဇူလိုင် ၁၈၉၀ - ၁၀ ဒီဇင်ဘာ ၁၉၇၃) သည် မြန်မာလူမျိုး စာရေးဆရာ နှင့် စာပြုဆရာ ဖြစ်သည်။ဖာတစ်လုံး ခေါင်းကျား ဝတ္ထု၊ငမဲကျွန် စာအုပ် တို့ဖြင့် တွဲဖက်၍ လူသိများသည်။[]သူသည် ကိုလိုနီခေတ် မြန်မာ့ပညာရေး ၌ ပညာအုပ် အဖြစ် တာဝန်ထမ်းခဲ့သူလည်းဖြစ်ပြီး၊သတင်းထောက် အဖြစ်လည်း အသက်မွေးခဲ့သည်။

ဦးဘိုးသင်း သည် ၁၂၅၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် (၁၈၉ဝ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်) ကြာသ ပတေးနေ့တွင် သရက်ခရိုင်မင်းတုန်းမြို့၊ မြို့သစ်ကုန်း အရှေ့ပိုင်း၌ ဖခင် ဦးဘိုးသာ၊ မိခင် ဒေါ်ရွှေအိတ် တို့မှ မွေးဖွားခဲ့သည်။သား သုံးဦးအနက် ဦးဘိုးသင်းသည် ဒုတိယမြောက်သား ဖြစ်သည်။

ပညာရေး

[ပြင်ဆင်ရန်]

ဦးဘိုးသင်းသည် ပေပင်ကျောင်းခေါ် ဘုန်းတော်ကြီး ကျောင်း၌ စတင် ပညာသင်သည်။ ကျောင်းမနေမီကပင် ဖခင်၏ သင်ကြားမှုကြောင့် စာရေးတတ်၊ ဖတ်တတ်သဖြင့် ပေပင်ကျောင်းတွင် ပထမတန်းကို ဝင်ဖြေရာ ပထမ ရသည်။ အတန်းအဆင့်ဆင့် ထူးချွန်စွာ အောင်မြင်ပြီး သတ္တမတန်းတွင်လည်း သရက်မြို့နယ် ၌ ပထမ ရခဲ့သည်။ ထို့နောက် မန္တလေး နော်မန်ကျောင်း (ဆရာ အတတ်သင်ကျောင်း) ၌ ဆက်လက် ပညာ ဆည်းပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဆရာဖြစ် အောင်သည်။ ထို့နောက် မြစ်ကြီးနားတွင် ကျောင်းဆရာအဖြစ် လည်းကောင်း၊ ဗန်းမော်တွင် ကျောင်းဆရာ နှင့် ခေတ္တပညာအုပ် အဖြစ် လည်းကောင်း အမှုထမ်းခဲ့သည်။ ထိုစဉ် ပညာအုပ်နှင့် စကားများ သဖြင့် အလုပ်မှ နုတ်ထွက်သည်။

ဘဝဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

ဦးဘိုးသင်းသည် အလုပ်မှ နုတ်ထွက်ပြီးနောက် စာနယ်ဇင်း လောကသို့ ဝင်ရောက်သည်။ မန္တလေးတွင် သတင်းထောက် အဖြစ် ဆောင်ရွက်သည်။ ရန်ကုန်သို့ သွားပြီး ကူးသန်း ရောင်းဝယ်ရေး သတင်းစာတွင် ဝင်ရောက် လုပ်ကိုင်သည်။ ထိုစဉ် ပညာမင်းကြီးက ခေါ်ယူပြီး မကွေးတွင် ပညာအုပ် အဖြစ် ခန့်ထားသည့် အတွက် ပညာရေး ဌာနသို့ ပြန်ရောက်လာရသည်။ ဦးဘိုးသင်းသည် တောင်သာ "အေ" နယ် ဒုတိယပညာအုပ်၊တောင်သာ၊စစ်ကိုင်း၊မော်လိုက်၊ထားဝယ် တို့တွင် ခေတ္တပညာအုပ် အဖြစ်ဖြင့်လည်းကောင်း၊ထို့နောက် မြစ်ကြီးနား ပညာအုပ် အဖြစ် ဂျပန်ဝင်စထိ အမှုထမ်းခဲ့ပြီး အငြိမ်းစားယူခဲ့သည်။

စာပေဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ဦးဘိုးသင်းသည် အသက် ၁၉ နှစ် အရွယ်ကစ၍ စာပေ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဝတ္ထု၊ ဆောင်းပါး အမြောက်အမြား ရေးသားခဲ့သည်။ 'ရွှေဂျိုးဖြူ' ဟူသော ကလောင် အမည်ခွဲဖြင့် လည်းကောင်း ရေးသားသေးသည်။ စစ်ကိုင်းတွင် အခြေတကျ နေထိုင်သည့်အတွက် 'စစ်ကိုင်း ဦးဘိုးသင်း' ဟု ထင်ရှားသည်။

ဆရာကြီး ရေးသားသော စာအုပ်များမှာ ကိုကို၊ ကိုးသိန်းမောင်၊ ဖာတလုံး ခေါင်းကျား၊ ကိုးသိန်းရှင် ကြာဝတ်ရည်၊ ခင်ကြီး မဟာမြိုင်၊ ခေါင်မြင့်ပန်းရည် ချစ်ပန်းရည်၊ ငတုန်း၊ ငပတ်လည်၊ ငဖြူထီး နန်းတွင်း ဝတ္ထုတော်ကြီး၊ ငမည်းခေါင်၊ စောထီးမောင်၊ စိတ်တိမ်းမောင်၊ ဆောင်းအမီ၊ အမယ့် ယောက်ျား၊ တင့်မျိုးခေါင်၊ တို့ကျေးရွာ၊ နီတိမာလာတော်ဝင် ဝတ္ထုတော်ကြီး၊ နီတိအမြုတေ၊ နေမျိုးနွယ် နန်းတွင်း ဝတ္ထုကြီး၊ ငလုံးမယ်၊ ပုဂံခေတ် အရည်းမာယာ၊ ပင်မြင့်ပန်း၊ ပင်လယ်ပျော် သီသီ၊ ပျို့မောင်၊ ပြည်ကြီးမျက်ရှင်၊ ပြည်ကြီးမှန်ကူ၊ ပြည်ကြီးရတနာ၊ ပြည်တွင်းလဲ့လဲ့၊ ငမဲကျွန်၊ စလေမင်းခွေး၊ ခရီးသည်ကြီး၊ သူ့အမြင် သူ့အတွေး (ဆယ်တွဲ) စသည်တို့ ဖြစ်သည်။

ထင်ရှားမှုများ

[ပြင်ဆင်ရန်]

၁၉၃၈ ခုနှစ် တွင် ရေးသည့် ဖာတလုံး ခေါင်းကျား ဝတ္ထုသည် ထင်ရှားသော ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရသော ဝတ္ထုဖြစ်သည်။ ငမဲကျွန် ဝတ္ထုသည် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်ဆု ချီးမြှင့်ခံရသော ဝတ္ထု ဖြစ်သည်။ သိမှတ်ဖွယ်ရာ၊ ဆင်ခြင် စဉ်းစားဖွယ်ရာများ ပါဝင်သော သူ့အမြင် သူ့အတွေး ဆယ်တွဲသည်လည်း ဆရာကြီး၏ ထင်ရှားသော လက်ရာဖြစ်သည်။ဆရာကြီး၏ ဝတ္ထုများသည် လောကအသိ ရှာဖွေရေးကို ဦးတည်လေ့ရှိသည်။

ဆရာကြီး ဦးဘိုးသင်းသည် တပည့်များ၏ တိုက်တွန်းချက် အရ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည်။ထို အတ္ထုပ္ပတ္တိ ကို ၎င်းကွယ်လွန်ပြီး ၆ နှစ်အကြာ ၁၉၇၉ ခုနှစ်တွင် စာပေဗိမာန် က စစ်ကိုင်းဦးဘိုးသင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (၁၉၇၉) ကို ထုတ်ဝေခဲ့သည်။စာအုပ်တွင် ဦးဘိုးသင်းသည် ၎င်း၏ ပျော့ကွက်၊ညံကွက်များကို ရိုးသားပွင့်လင်းစွာ တင်ပြခဲ့သည်။[] []

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဦးဘိုးသင်းသည် ၁၃၃၅ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁ ရက် (၁၉၇၃ ခု၊ ဒီဇင်ဘာလ ၁ဝ ရက်) နေ့တွင် ကွယ်လွန် အနိစ္စရောက်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ကိုင်း ဦးဘိုးသင်း စာဆိုမင်း ကွယ်လွန်ခြင်း ၄၇ နှစ် DVB (၁၆ ဒီဇင်ဘာ ၂၀၂၀)။ ၁၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. စစ်ကိုင်းဦးဘိုးသင်း (မနုစာရီ) scribd.com ၁၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. စစ်ကိုင်းဦးဘိုးသင်း ၏ စာအုပ်များ mgyoe.com ၁၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. စစ်ကိုင်းဦးဘိုးသင်း (၂၀၁၁)။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ဒုတိယအကြိမ် ed.)။ ရာပြည့်။ p. စာ ၄၄ - ၄၅။
  5. ဗိုလ်မှူး ဘသောင်း (ဩဂုတ် ၂၀၀၂)။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (ပဉ္စမအကြိမ် ed.)။ ရာပြည့်။
  1. မလိခ။ မြန်မာစာပေ အဘိဓာန် ၂။ စာ ၁၁၅ - ၁၁၆။
  2. မလိခ။ မြန်မာဝတ္ထု အညွှန်း - ၃။ စာ ၉၉ - ၁ဝဝ။]