ဘာကူး တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဘာကူး တက္ကသိုလ်
Bakı Dövlət Universiteti
အမျိုးအစားအများနှင့်ဆိုင်သော
တည်ထောင်၁၉၁၉
ပါမောက္ခချုပ်Elchin Babayev
ဆရာဦးရေ
1300
တည်နေရာဗားကူးမြို့, အဇာဘိုင်ဂျန်နိုင်ငံ
ပရဝုဏ်မြို့ပြ
ဝဘ်ဆိုဒ်www.bsu.edu.az
ဘာကူးတက္ကသိုလ်၊ ဆေးပညာမဟာဌာနမှ ကျောင်းသားများ (၁၉၂၃ ခုနှစ်)

ဘာကူးတက္ကသိုလ်သည် အဇာဘိုင်ဂျန်နိုင်ငံဘာကူးမြို့၌ တည်ရှိပြီး ၁၉၁၉ ခုနှစ် အဇာဘိုင်ဂျန် ဒီမိုကရက်တစ် နိုင်ငံ၏ ပါလီမန်ခွင့်ပြုချက်ဖြင့် တည်ထောင်ထားသော တက္ကသိုလ်ဖြစ်သည်။ ကနဦးအစတွင် သမိုင်းနှင့် ဘာသာဗေဒ၊ ရူပဗေဒနှင့် သင်္ချာ၊ ဥပဒေ၊ နှင့် ဆေးပညာ မဟာဌာနတို့ဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဖွင့်စ တက်ရောက်ခဲ့သော ကျောင်းသား အရေအတွက်မှာ ၁၀၉၄ ယောက်ဖြစ်သည်။[၁] ဘာကူးတက္ကသိုလ်၏ ပထမဆုံးသော ပါမောက္ခချုပ်မှာ ကာဇန် တက္ကသိုလ်တွင် ခွဲစိတ်ကုပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗာဆီးလီ အီဗန်နိုဗစ်ချ် ရာဇူမော့စကီးဖြစ်သည်။

၁၉၃၀ ခုနှစ်တွင် အဆင့်မြင့်ပညာရေး ပြန်လည်ဖွဲ့စည်းပုံအရ အစိုးရမှ တက္ကသိုလ်အား ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီး အဆင့်မြင့် ပညာရေး အင်စတီကျူအဖြစ် အစားထိုး ဖွင့်လှစ်ခဲ့သည်။ သို့ပေသော်လည်း ၁၉၃၄ ခုနှစ် တက္ကသိုလ်အား ပြန်လည်တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်၏ ခတ်ခဲလှသော နှစ်များအတွင်း နည်းပါးလှသော တက္ကသိုလ်ဆရာများဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။

တက္ကသိုလ်ဖွင့်လှစ်ခဲ့သည့် နှစ်လေးဆယ်ပြည့်မြောက်ခဲ့သော ၁၉၅၉ ခုနှစ်အရောက်တွင် တက္ကသိုလ်၌ မဟာဌာန ၁၃ ရှိလာသည်အထိ တိုးတက်၍ လာခဲ့သည်။ အဇာဘိုင်ဂျန် ဆေးတက္ကသိုလ်နှင့် အဇာဘိုင်ဂျန် စီးပွားရေးတက္ကသိုလ်တို့သည်လည်း ဘာကူးတက္ကသိုလ်၏ သက်ဆိုင်ရာ ဌာနအသီးသီးတို့မှ ထုတ်နှုတ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဘာကူးတက္ကသိုလ်မှ ဘွဲ့ရသူများထဲတွင် အဇာဘိုင်ဂျန်သမ္မတဖြစ်ခဲ့သူများဖြစ်သည့် အဘူဖက် အယ်ချီဘေးနှင့် ဟေဒါ အာလီယဲ့ဗ်တို့ပါဝင်သည်။ ထို့ပြင် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရရှိခဲ့သူ လီယို လန်ဒါအူသည်လည်း ဘာကူးတက္ကသိုလ်တွင် ၁၉၂၂ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။

ဘာကူးတက္ကသိုလ်သည် Academic Performance ကဲ့သို့သော နိုင်ငံတကာ တက္ကသိုလ်အဆင့် သတ်မှတ်သည့် အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်အတွင်း ဝင်ခဲ့သော အဇာဘိုင်ဂျန်နိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီး ၂၀၁၄- ၁၅ ခုနှစ်အတွက် Academic Performance ၏ တက္ကသိုလ်အဆင့်သတ်မှတ်ချက်မှာ ၁၈၇၂ ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဘာကူးတက္ကသိုလ် သမိုင်း (in ru)။ ၂၇ နို ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. 2014-2015 RANKING BY COUNTRY။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ နို ၂၀၁၉ တွင် ပြန်စစ်ပြီး။