ဘရင်၊ ဦး (ဟံသာဝတီ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်က "ဟံသာဝတီ ဦးဘရင် (၁၂၅၆ - ၁၃၃၉)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ဟံသာဝတီ ဦးဘရင် (၁၂၅၆ - ၁၃၃၉)[ပြင်ဆင်ရန်]

ဟံသာဝတီ ဦးဘရင်သည် ၁၂၅၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် (၁၈၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်) ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ ဖွားမြင်သူ ဖြစ်သည်။ ဖခင်မှာ ဦးဘိုးမြ ဖြစ်၍ မိခင်မှာ ဒေါ်ချိမ့်အုန်း ဖြစ်သည်။ မွေးချင်း ၃ ယောက်တွင် အကြီးဆုံး ဖြစ်သည်။ ဖခင် ဦးဘိုးမြမှာ ရဟန်းလူထွက် ဖြစ်၍ ဝိနည်း ၅ ကျမ်း အာဂုံ ဆောင်နိုင်သူ ဖြစ်သည်။ မိခင်မှာလည်း ဓမ္မပဒ၊ ငါးရာ့ငါးဆယ် စသည့် စာပေများကို ကျေပွန်သူ ဖြစ်သည်။ ထို့ကြောင့် ဦးဘရင်၏ မိဘ နှစ်ပါးလုံး စာပေဓာတ်ခံ ရှိသူများ ဖြစ်သည်။


ဟံသာဝတီ ဦးဘရင်အား မန္တလေးမြို့ ဝက်စလီယန် အင်္ဂလိပ်ကျောင်း၊ ဖားသားလဖုန်းကျောင်း၊ အက်စ်ပီဂျီ သံတဲကျောင်းတို့တွင် မိဘများက အပ်နှံသော်လည်း ကျောင်းကောင်းကောင်း မတက်ဖြစ်ဘဲ နေရာမှ ၁၂၆၅ ခုနှစ်တွင် ကျောင်းနေချင်စိတ် ပေါ်လာသည့် အတွက် မိခင်နှင့် ဦးလေးတို့က တောင်ပြင် နန်းဦးတိုက် ဆရာတော် အရှင် အာဒိစ္စထံ အပ်နှံရာ ဆရာတော် သင်ကြားပေးသည့် အခြေခံ စာပေများကို အပတ်တကုတ် လေ့လာ သင်ယူသည်။ သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း၊ အလင်္ကာကျမ်း၊ ဆန်းကျမ်းတို့ကို ကွ္ဆမ်းကျင် တတ်မြောက်လာသည်။ အခြေခံ ကျမ်းဂန်များ အတော် ပေါက်မြောက်ပြီးနောက် ဝါသနာ အလျောက် ကဗျာ လင်္ကာများ စပ်ဆို သီကုံးသည်။


ရှင်သာမဏေ ပြုသောအခါ 'ရှင်ဝါသဝဘွဲ့' ခံရသည်။ ရှင်သာမဏေ ဘဝဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ အဋ္ဌကထာ ဋီကာတို့နှင့် အခြား ကျမ်းဂန်များကိုပါ သင်ယူ တတ်မြောက်သည်။ ရဟန်း အဖြစ် သာသနာ့ဘောင်တွင် ၇ ဝါ နေခဲ့သည်။ ထိုခေတ်က ကျော်ကြားသော ဇာတ်၊ ရုပ်သေး ပညာရှင်ကြီးများ၏ သဘင်ဆိုင်ရာ စာပေများကိုလည်း ကျက်မှတ် လေ့လာခဲ့သည်။ အကျႌချုပ်ပညာ၊ သင်္ကန်းချုပ်ပညာ၊ မုန့်အမျိုးမျိုး လုပ်သည့်ပညာ စသည်ဖြင့် လက်လှမ်းမီရာ အတတ်ပညာ များကိုလည်း လေ့လာ ဆည်းပူးခဲ့သည်။ မိတ္ထီလာမြို့တွင် စက်ချုပ် ပညာဖြင့် အသက်မွေးရင်း ဆရာတော်များ ထံတွင် ပညာ ဗဟုသုတ ဆည်းပူးပြီး 'မိတ္ထီလာကန် သမိုင်း' ကို ရေးသားခဲ့သည်။ တူရိယာ ဂီတ ပညာကိုလည်း လေ့လာ လိုက်စားခဲ့သည်။


လမ်းမီးတိုင်များ မီးထွန်း ကန်ထရိုက်တာ အလုပ်၊ တိရစ္ဆာန် ထောင်မှူး အလုပ်များကိုလည်း လုပ်ကိုင်သည်။ အသက် ၃၂ နှစ်တွင် မအုန်းစိန်နှင့် လက်ထက်သည်။


ထို့နောက် မန္တလေးမြို့ ရတနသိဒ္ဓိ ပုံနှိပ်တိုက်တွင် ဝင်ရောက် လုပ်ကိုင်ရင်း ပုံနှိပ်လုပ်ငန်းကို လေ့လာ သင်ယူသည်။ ထိုမှတဖန် မန္တလေး ဟံသာဝတီ ပုံနှိပ်တိုက်တွင် စာပြင် ဆရာအဖြစ် ခန့်ထားခံရသည်။ ကျောက်စာဝန်ကလေး ဦးမြ၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်း မြန်မာ ကျောက်စာများကိုလည်း လေ့လာသည်။


မန္တလေး ဟံသာဝတီတိုက် ပျက်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်သည်။ ထိုအချိန်တွင် ဇနီးမှာ မီးဖွားရင်း ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ရန်ကုန်တွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ကူညီ စောင့်ရှောက်မှုကြောင့် စာနယ်ဇင်း လောကနှင့် ဆက်သွယ်မိသည်။ ဆောင်းပါးများလည်း ရေးဖြစ်သည်။ တိုးတက်ရေး မဂ္ဂဇင်းတိုက်၌ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ ထိုစဉ် တိုးတက်ရေး ဦးစိန် ဦးပဂျီငို၏ တိုက်တွန်းချက်အရ 'ရာဇဝင်သံခိပ်နှင့် အဖြေချုပ်' ကို ရေးသား ထုတ်ဝေသည်။


တိုးတက်ရေး မဂ္ဂဇင်းတွင် ၄ နှစ် ဆောင်ရွက်ပြီး ကျန်းမာရေး မကောင်းသဖြင့် အလုပ်မှ နုတ်ထွက်သည်။ ထိုစဉ် 'အလောင်းစည်သူ'၊ 'အနော်ရထာ'၊ 'ဆရာတော် ဦးဝိစာရ၏ အတ္ထုပ္ပတ္တိ' စာအုပ်များ ပြုစုသည်။ 'မင်းခေါင်ကြီး'၊ 'မင်္ဂလသုတ် အဖြေကျမ်း' တို့ကိုလည်း ဆက်လက် ပြုစုသည်။ စာရေးဆရာ ကလပ်၏ တိုက်တွန်းချက် အရ ၁၉၃၆ ခုနှစ်တွင် 'မြန်မာစာ အခြေပြကျမ်း' ကို ပြုစုသည်။ ဒုတိယ အိမ်ထောင်နှင့်လည်း ကွဲကွာသွားသည်။ ထို့နောက် သူရိယ သတင်းစာ တာဝန်ခံ အဖြစ် ဆောင်ရွက်သည်။


၁၉၄၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် အထူးနည်းပြည် ဆရာအဖြစ် ခန့်အပ် ခံရသဖြင့် သူရိယ သတင်းစာတိုက်မှ နုတ်ထွက်၍ ရန်ကုန် တက္ကသိုလ်တွင် အမှုထမ်းသည်။ ထိုမှတဖန် ဆရာဖြစ်သင် ကောလိပ်သို့ ပြောင်းရွှေ့ အမှုထမ်းသည်။ တတိယ အိမ်ထောင်ဖြစ်သော ဒေါ်ကြင်ညွန့်နှင့် လက်ထပ်ပြီးနောက် ဆရာဖြစ်သင် ကောလိပ်မှ နုတ်ထွက်ပြီး ကျောင်းသုံး စာအုပ် အဖြေများ ရေးသား ထုတ်ဝေသည်။


ရေးသား ပြုစုခဲ့သော စာအုပ်များမှာ ကျောင်းသုံး မြန်မာစာအုပ်များ ဖြစ်သော ဇာတ်တော်ကြီး ဝတ္ထု၊ ပျို့၊ မော်ကွန်း၊ ပြဇာတ် စသည်တို့၏ ခက်ဆစ် အဖြေများ၊ လောကီ မင်္ဂလာ ၁၃ ပါး၊ စစ်ထွက် စာဆိုများ၊ လယ်သမား၊ ခရီးသည်ဘုရင်၊ မြန်မာ့သဘင် သမိုင်း၊ ၁၂ လရာသီ မြန်မာပြည်၊ ကဗျာ့စစ်ပွဲ၊ တရုတ် - မြန်မာ အရေးတော်ပုံ၊ နတ်ဆိုးဝါဒကျမ်း၊ လယ်သမား စကားပုံများနှင့် အဖြေ၊ ဂီတ သိပ္ပံ အခြေခံ စသည်တို့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် 'ဟံသာဝတီ ဦးဘရင်၏ ဦးဘရင်' ဟူသော ကိုယ်ရေး အတ္ထုပ္ပတ္တိကိုလည်း ပြုစုခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဟံသာဝတီ ဦးဘရင်၏ ဆောင်းပါးများကို စုစည်း၍ 'ရှေးထုံးစဉ်လာ' အမည်ဖြင့် စာပေဗိမာန်က စာအုပ် ထုတ်ဝေသည်။


ဟံသာဝတီ ဦးဘရင်သည် ၁၃၃၉ ခု၊ ဝါခေါင် လပြည့်ကျော် ၁၄ ရက် (၁၉၇၇ ခု၊ စက်တင်ဘာလ ၁၂ ရက်) တွင် ကွယ်လွန် အနိစ္စရောက်သည်။ ။


ကျမ်းကိုး ။ ။[ပြင်ဆင်ရန်]

  1. ဟံသာဝတီ ဦးဘရင် အတ္ထုပ္ပတ္တိ၊ မြဝတီ မဂ္ဂဇင်း။ ၁၉၅၄ နိုဝင်ဘာလ။ စာ ၄ - ၇။
  2. ဟံသာဝတီ ဦးဘရင်။ မြန်မာစာ အခြေပြ။ စာ ၂ - ၆။
  3. ဟံသာဝတီ ဦးဘရင်၏ ဦးဘရင်။ ၁၉၇၃။ ]