ဘန် ပိမိုင်

ဝီကီပီးဒီးယား မှ

ဘန်ပိမိုင် (Bun Pi Mai) ဆိုသည်မှာ လာအိုနိုင်ငံ၌ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ နိုဝင်ဘာလတွင် ပြုလုပ်သော နောချာ့ (Nor Chia) အမည်ရှိ မုန့်ပွဲတော်၊ မေလတွင် ကျင်းပသော ဘန်ဘန်ဖိုင် (Bun Bang Fai)  အမည်ရှိ ဒုံးပွဲတော် တို့မှာ စည်ကားသော်လည်း လူမျိုးဘာသာမရွေး ဆင်နွှဲကြသည့် ဘန်ပိမိုင် မှာ အစည်ကားဆုံးဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

လာအိုဘာသာစကားဖြင့် ဘန် ဆိုသည်မှာ ပွဲတော်ကို ဆိုလိုသည်။ ပီ မှာ ခုနှစ် ဖြစ်ပြီး မိုင် မှာ သစ်ခြင်းဟု အဓိပ္ပာယ်ရသဖြင့် "နှစ်သစ်ကူးပွဲ" ဟု ဆိုနိုင်သည်။

ကျင်းပပုံ[ပြင်ဆင်ရန်]

ဧပြီလလယ်၌ သုံးရက်ကြာကျင်းပသည့် ပွဲတော် (မြန်မာ၌ သင်္ကြန် အကျ၊ အကြတ်၊ အတက် နေ့များနှင့်တူ) ဖြစ်သည်။ [၁] ဗုဒ္ဓဘာသာဝင်များအနေဖြင့် အိမ်အား သန့်ရှင်းရေး လုပ်ခြင်း၊ အဝတ်သစ်များ ဝတ်ခြင်း၊ သစ်သီးနှင့် ပန်းတို့ကို ဝပ် (ဘုန်းကြီးကျောင်း) ၌ သွားရောက်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။ အိမ်ဝင်းအတွင်း၌ သဲ၊ ကျောက်တုံးတို့ဖြင့်လုပ်သည့် ကျောင်းဆောင်များတွင် သစ်သီးများ၊ ပန်းများ ကပ်လှူသည်လည်း ရှိသည်။

ဘန်ပိမိုင်အား ထင်ရှားစေသည့် အဓိကအချက်မှာ ရေကစားခြင်း ဖြစ်သည်။ ရေသည် သန့်ရှင်းခြင်းနှင့် သန့်စင်စေခြင်းကို အနက်ဆောင်သည်။ နှစ်သစ်အစဖြစ်သည့်အတွက် နှစ်ဦးအား သန့်စင်စွာ ဖြစ်ပေါ်စေခြင်းငှာ ရေလောင်းမှုဖြင့် စတင်ခြင်းလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားဆင်းတုများကိုပါ ရေသပ္ပာယ်လေ့ ရှိသည်။

ဘုရားအား ရေသပ္ပာယ်နေသူများ

ပြည်နယ်အလိုက် ထူးခြားစွာ ဆင်နွှဲပုံများ[ပြင်ဆင်ရန်]

လောင်ပရာဘန်း ပြည်နယ်တွင်မူ ဖဘန်းဘုရား (ရုပ်ပွားတော်) အား ရေသပ္ပာယ်ခြင်းကို လူထောင်ပေါင်းများစွာ ပြုလုပ်ကြသည်။ မြို့စောင့်နတ် ပုညိုး နှင့် ညနိုး တို့အား လှည့်လည် အပူဇော်ခံသည်။ ထိုသို့လှည့်လည်ပြီးနောက် ပျော်ပွဲရွှင်ပွဲ အနေဖြင့် အပြစ်များ ဖယ်ကွာစေရန်နှင့် စိတ်ဝိညာဉ် သန့်ရှင်းစေရန် အချင်းချင်း ရေလောင်းကြတော့သည်။

ရေကစားနေကြသည်ကို တွေ့ရစဉ်

သူစိမ်းများမှာ အဓိကပစ်မှတ်ဖြစ်သည်။ ကိုယ်လိမ်းပေါင်ဒါများ ပက်ခြင်း၊ နှုတ်ခမ်းနီဖြင့် တို့ခြင်းတို့လည်း ပြုလုပ်တတ်ကြသည်။

ပေါင်ဒါဖြင့် ပက်နေသည့် ကလေးအား တွေ့ရစဉ်

ရေပက်ခံ လှည့်လည်ခြင်းနှင့် စတုဒီသာကျွေးခြင်းများလည်း ပြုလုပ်လေ့ ရှိသည်။ [၂]

အလှပြ လှည့်လည်နေကြသူများ

လောပရာဘန်းတွင် အလှမယ်ရွေးချယ်ပွဲကိုပါ ထည့်သွင်းထားသည်။ ဆဗန်နက်ခက် ပြည်နယ်၌မူ လှေပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပလေ့ ရှိသည်။ [၃] လောင်ပရာဘန်း ၌မူ ဝပ်ဟိုဆင်း (Wat Ho Siang) မှ စတင်ခဲ့သည့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲ ရှိသည်။ [၄]

အာရုံတက်၌ ဆွမ်းခံနေသည့် ဘုန်းကြီးများအား တွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. Arne Kislenko (2009)။ Culture and Customs of Laos။ Culture and Customs of Asia။ Greenwood Press။ ISBN 978-0-313-33977-6
  2. Jeff Cranmer,Steve Martin (2002)။ Rough Guide to Laos။ Rough Guides။
  3. Savannakhet Province။ Lao Tourism Organization။ 26 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 Mar 2012 တွင် ပြန်စစ်ပြီး။
  4. Austin Bush,Mark Elliot,Nick Ray (2010)။ Laos 7။ Lonely Planet။CS1 maint: multiple names: authors list (link)