ဘဏ်အကောင့်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘဏ်များနှင့် ငွေကြေးဆိုသည်မှာ ယခု မျက်မှောက် ခေတ်ကာလတွင် နေ့စဉ်ပတ်သက်နေရသည့် ဘ၀တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်းသည် ဘဏ်အကောင့်များ အကြောင်း ဘဏ်လုပ်ငန်းများ အကြောင်းကို အနည်းနှင့် အများ နားလည် သဘောပေါက်ထား သင့်သည်။ ယခု ဆောင်းပါးတွင်မူ ABS (The Association of Banks in Singapore) မှ ထုတ်ဝေသော ပညာပေး စာစောင်များကို ကိုးကားပြီး ဘဏ်များတွင် ဖွင့်နိုင်သည့် အကောင့်များ အကြောင်းကို ရှင်းလင်းဖော်ပြ ပေးမည်။

တစ်ခုရှိသည်မှာ ဤဆောင်းပါးပါ တစ်ချို့အချက်အလက်များသည် စင်္ကာပူနိုင်ငံပေါ် မူတည်၍ ရေးထားသဖြင့် မြန်မာနိုင်ငံမှ စာဖတ်သူများ အနေဖြင့် လက်တွေ့ မဖြစ်နိုင်သလို ဖြစ်နေပါမည်။ သို့သော် ထိုသူတို့ထဲမှာ တစ်ချို့တစ်ချိန်ချိန် နိုင်ငံခြား ထွက်ဖြစ်သည့် အခါတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း စနစ်များ ပြောင်းလဲ လာလျှင်ဖြစ်စေ သေချာပေါက် အသုံးဝင် ပါလိမ့်မည်။

မိမိ နိုင်ငံခြားရောက်သည့် အခါတွင်မှ “ကုမ္ပဏီက လစာပေးဖို့ ဘဏ်အကောင့် လိုတယ်ပြောတယ်၊ ဘာအကောင့် ဖွင့်ရမှာလဲ။ ငါ ဘဏ်အကောင့် ဖွင့်တာ ငါ့ကို ဒါတွေ ဘဏ်က ပြန်မေးတယ်။ ဘာတွေမှန်းလဲ မသိဘူး။ ငါ အကောင့် ဖွင့်လိုက်တာ ငါ့ကို ဒီကတ်ပြားတွေ အများကြီး ပေးလိုက်တယ်။ ဘာတွေလဲ။ ဘာလုပ်လို့ရလဲ။” အစရှိသည့် မေးခွန်းများကို သူများထံမှ လိုက်လံ စုံစမ်းနေရန် မလိုပဲ မိမိကိုယ်တိုင် informed decision လုပ်နိုင်ရန် အတွက် အထောက်အကူ ဖြစ်နိုင်စေရန် ရည်ရွယ်ပါသည်။

ဘဏ်အကောင့် အမျိုးအစားများ[ပြင်ဆင်ရန်]

ဘဏ်တွင် အကောင့်ဖွင့်၍ ငွေစုခြင်းဖြင့် သင်၏ နေ့စဉ် ငွေကြေးသုံးစွဲမှုနှင့် အရေးပေါ် လိုအပ်ချက်များ အတွက် ငွေကြေးကို စနစ်တကျ စီမံ ခန့်ခွဲနိုင်သည်။ တစ်ချိန်တည်းမှာပင် အတိုးရသော ဘဏ်အကောင့် ဖြစ်ပါက စုငွေ၏ အတိုးကိုလည်း ရနိုင်သေးသည်။ ဘဏ်အကောင့် များကို အဓိကအားဖြင့် Saving account, Current account နှင့် Fixed deposit account ဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။

Saving account[ပြင်ဆင်ရန်]

နိုင်ငံနှင့် ဘဏ်တစ်ခုချင်းစီအပေါ် မူတည်၍ အတိုးနှုန်း အနည်းနှင့်အများ ရရှိနိုင်သည်။ ထည့်ထားသည့် ငွေပမာဏကို သက်တမ်း တစ်ခုထိ မထုတ်ပဲထားရန် မလိုအပ်ပေ။ ကြိုက်သည့် အချိန်တွင် ကြိုက်သလောက် ထည့်၍ လိုသည့် အချိန်တွင် လိုအပ်သလို ပြန်လည် ထုတ်ယူ သုံးစွဲနိုင်သည်။ ချက်လက်မှတ် စာအုပ် (Cheque book) တော့ ရနိုင်မည် မဟုတ်ပေ။ မိမိ အကောင့် လက်ကျန်ငွေ ငွေသွင်း ငွေထုတ် transaction များနှင့် ရရှိသည့် အတိုးများကို ကြည့်ရှု စစ်ဆေးရန်အတွက် ဘဏ်အကောင့် စာအုပ် Passbook နှင့် လစဉ် bank statement များကိုတော့ အကောင့် ဖွင့်သည့်ဘဏ် သို့မဟုတ် မိမိ၏ ရွေးချယ်မှုပေါ် မူတည်၍ တစ်ခုသို့မဟုတ် နှစ်ခုလုံး ရပေမည်။

Current account[ပြင်ဆင်ရန်]

အတိုးရနိုင် မရနိုင်သည် ဘဏ်အပေါ်တွင် မူတည်သည်။ Saving account မှာကဲ့သို့ပင် ငွေကို အဆင်ပြေသလို သွင်းနိုင် ထုတ်နိုင်သည်။ မတူသည့် အချက်မှာ ချက်လက်မှတ် စာအုပ်ရခြင်းနှင့် ဘဏ်စာအုပ် မရခြင်းတို့ပင် ဖြစ်သည်။

Fixed deposit account[ပြင်ဆင်ရန်]

ဤအကောင့်သည် saving account ထက် အတိုးပိုပေးသော အကောင့် အမျိုးအစား ဖြစ်သည်။ Fixed deposit ဟု ဆိုသည့် အလျောက် မိမိ ကြိုက်သလို ငွေသွင်း ငွေထုတ် လုပ်၍မရပေ။ မိမိ အကောင့်ဖွင့်လိုသည့် ပမာဏနှင့် fixed deposit account ဖွင့်ပြီးပြီ ဆိုလျှင် fix mature period ဟုခေါ်သည့် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အချိန် အတိုင်းအတာ တစ်ခုအထိ ဘဏ်ထဲတွင် ထည့်ထားရသည်။ ထိုအချိန် ပြည့်မှသာ မိမိ ထည့်ထားသည့် ငွေရင်းနှင့် ရရှိသည့် အတိုးများကို ထုတ်ယူနိုင်သည်။ အကယ်၍ ထိုအချိန် မပြည့်ခင် အရေးပေါ် ငွေလို၍ ထုတ်လျှင် ရှာထားသည့် အတိုးများ ဆုံးခြင်းနှင့် ဝန်ဆောင်ခများ ထပ်ဆောင်း ပေးရခြင်း အစရှိသဖြင့် သဘော တူညီချက်များ ပါရှိသည်။ ချက်လက်မှတ် စာအုပ်များ account statement များ ရလေ့ မရှိပေ။

ဘယ်အကောင့် ဖွင့်မလဲ[ပြင်ဆင်ရန်]

ဘဏ်အကောင့် ဖွင့်မည် ဆိုလျှင် ကိုယ့်ကိုယ်ကို ဘာအတွက် ဘဏ်အကောင့် လိုတာလဲ ဆိုသည်ကို ပြန်စဉ်းစား သင့်သည်။ သင့်အနေဖြင့် bill များ ဆောင်ခြင်း လခ လွှဲပြောင်းပေးခြင်း စသည့် နေ့စဉ် ငွေအသုံး စရိတ်များကို စီမံ ခန့်ခွဲရန် အတွက်ဆိုလျှင် saving, current သို့မဟုတ် saving နှင့် current account နှစ်ခုလုံးသည် အသုံးအဝင်ဆုံး ဖြစ်ပေလိမ့်မည်။ သို့မဟုတ် သင့်အနေဖြင့် ပိုလျှံနေသည့် ငွေကြေးများ ကာလ အပိုင်းအခြား တစ်ခုထိ သုံးစွဲရန် မလိုအပ်သော ငွေများမှ အတိုး ရရှိချင်သည် ဆိုလျှင်မူ fixed deposit account ဖွင့်ရန် စဉ်းစားသင့်သည်။

လုံခြုံစိတ်ချရခြင်း[ပြင်ဆင်ရန်]

သင့်ပိုက်ဆံ များသည် လုံခြုံ စိတ်ချရသော ဘဏ် အကောင့်ထဲတွင် ရှိနေသဖြင့် ပျောက်ပျက် ဆုံးရှုံးရန် သိပ်စိတ်မပူရပေ။ ထို့အပြင် သင့် ပိုက်ဆံများကို သင်ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်သည်။ အကောင့်ထဲတွင် ပိုက်ဆံများ ထည့်၍ ဘဏ် အကောင့်ထဲမှ ပေးဆပ် သုံးစွဲခြင်းဖြင့် သင်၏ ဝင်ငွေနှင့် ထွက်ငွေ အချက်အလက်များကို သိရှိ ချင့်ချိန်နိုင်သည်။ ဘဏ် အကောင့်ထဲသို့ ငွေများ ထည့်ခြင်း ဘီလ်ဆောင်ခြင်း ငွေလွှဲခြင်း စသည်တို့ကို သင့်အနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်၍ သော်လည်းကောင်း ATM စက်များ၊ Kiosk များမှအပြင် အင်တာနက်၊ ဖုန်းတို့မှလည်း ဆောင်ရွက် နိုင်သည်။ မလိုအပ်သော ပိုက်ဆံ အမြောက်အမြားကို လက်ထဲတွင် မထားပဲ ဘဏ်တွင် စုထားလိုက်ခြင်းဖြင့် မလိုအပ်ပဲ သုံးဖြုန်းမှု မှလည်း လျော့ကျ သွားနိုင်သည်။

Cheque Clearing ဆိုသည်မှာ[ပြင်ဆင်ရန်]

သင့်ကို တစ်ခြား ဘဏ်တစ်ခုမှ cheque လက်မှတ် တစ်စောင် ပေးလိုက်၍ သင့်ဘဏ် အကောင့်ထဲ ထည့်လိုက်သည် (deposit) ဆိုလျှင် သင့်ဘဏ် အနေဖြင့် သင့် ချက်လက်မှတ်ကို ထုတ်ပေးသည့် ဘဏ်သို့ ပြန်လည် ပေးပို့ စစ်ဆေးပြီး ချက်လက်မှတ်ပါ ငွေပမာဏကို ရယူ၍ သင့်အကောင့်ထဲသို့ ပြန်လည် ထည့်ပေးခြင်း ဖြစ်သည်။ ဤသို့ ဘဏ်တစ်ခုနှင့် တစ်ခု ချိတ်ဆက်၍ ချက်လက်မှတ်ပါ ငွေကြေးပမာဏ လွှဲပြောင်း ပေးခြင်းကို cheque clearing process ဟုခေါ်သည်။ ထို့ကြောင့် သင့်ရရှိသည့် ချက်လက်မှတ်ကို သင့်အကောင့်ထဲသို့ ဘဏ်မှ သတ်မှတ် ထားသည့် cheque clearing cut-off အချိန်မတိုင်ခင်ထည့်သည်ဆိုလျှင် သင့်အနေဖြင့် နောက်တစ်နေ့ ညနေ ၂နာရီနောက်ပိုင်းမှ အကောင့်ထဲသို့ ပိုက်ဆံ ရောက်ပေမည်။ အကယ်၍ cut-off time ကို ကျော်ပြီးမှ deposit လုပ်လျှင် နောက်၂ရက် နေမှသာ မိမိ အကောင့်ထဲသို့ ပိုက်ဆံ ရောက်ပေ လိမ့်မည်။

ဘဏ်အကောင့် ပိုင်ရှင်များအတွက် ရရှိနိုင်သည့် ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

အောက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုများမှ တစ်ချို့မှာ စင်္ကာပူနိုင်ငံအတွင်းမှ စနစ်များ ဖြစ်ပါသည်။

ATM card[ပြင်ဆင်ရန်]

ဘဏ်အကောင့် ဖွင့်သည်နှင့် ဘဏ်မှ သင့်ကို ATM card တစ်ခု ပေးပါမည်။ ဤကတ်ကို အသုံးပြု၍ နီးစပ်ရာ ဘဏ်၏ ATM စက်များမှ တစ်ဆင့် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲခြင်းများ လက်ကျန် ငွေစစ်ဆးခြင်းများကို ဆောင်ရွက် နိုင်သည်။ ATM card ကို ATM စက်များတွင် အသုံးပြုရန် ဘဏ်အကောင့် ဖွင့်စဉ်က ပေးခဲ့သော Personal Identification Number (PIN) နံပါတ် လိုအပ်သည်။

Cash card[ပြင်ဆင်ရန်]

bill များပေးခြင်း စားသောက်ဆိုင် များတွင် စားသောက်ခြင်း ကားပါကင်ဖိုး ပေးခြင်းများ အတွက် အသုံးပြုနိုင်သော ကတ်ဖြစ်သည်။

လက်ငင်းကတ်[ပြင်ဆင်ရန်]

လက်ငင်းကတ်(သို့) ဒဲဘစ်ကတ်(Debit Card) တွင် အွန်လိုင်းချိတ်ဆက်ထားခြင်း နှင့် မချိတ်ဆက်ထားခြင်း စနစ်နှစ်မျိုးရှိပြီး၊ ကတ်ထဲတွင် ငွေကြေးအား ကြိုတင်ဝယ်ယူ သိမ်းစည်းထားနိုင်သည့် ကြိုတင်ဒဲဘစ်ကတ် (သို့) (Prepaid Debit)ဟု၍လည်း ရှိသည်။

အွန်လိုင်း[ပြင်ဆင်ရန်]

အွန်လိုင်းချိတ်ဆက်ထားခြင်းဖြင့်၊ ကတ်အသုံးပြုချိန်တွင် မိမိငွေကြေားသိုလှောင်ထားသည့် ဘဏ်စနစ်နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည်။ ကတ်နှင့် ချိတ်ဆက်ထားသည့် မူပိုင်ဘဏ်အကောင့်ထဲမှ ငွေကြေးမည်မျှရှိသည်ကို စစ်ဆေးကာ၊ ဘဏ်တွင်ရှိသော ငွေကြေားပမာဏ ကုန်လျင် (သို့) မိမိသက်မှတ်ထားသော ငွေးကြေားပမဏာ ရောက်ပါက ဝယ်ယူခွင့် ကို ကန့်ကွတ်မည်ဖြစ်သည်။ ထို့ကြောင့် အသုံးပြုရာတွင် လက်ခံစက်မှ ကတ်၏အချက်အလက်ကို ဘဏ်သို့ ချက်ချင်းပေးပို့ပြီး၊ ငွေးကြေးပမာဏကို စစ်ဆေးခြင်း၊ လိမစ်မည်မျှထားရှိသည်ကို စစ်ဆေးခြင်းဖြင့် လျင်မြန်စွာ အချိန်အတွင်း ငွေပေးခြေရာတွင် ဆောင်ရွက် ပြုလုပ်ပေးသည်။ ထို့ကြောင့် အွန်လိုင်းချိတ်ဆက်ထားသည့် အငှားကား၊ စားသောက်ဆိုင်၊ အွန်လိုင်းဖြင့် ဆက်သွယ်ထားသည့် လက်ခံစက်တိုင်းတွင် အချိန်မရွေး အသုံးပြုနိုင်သည်။ အင်တာနက်မှလည်း ငွေပေးချေ ဈေးဝယ်ယူနိုင်သည်။ ထိုကတ်ကို အီလက်ထရွန်ကတ်ဟု၍ အများအားဖြင့် ခေါ်ကြသည်။

အော့ဖ်လိုင်း[ပြင်ဆင်ရန်]

အော့်ဖ်လိုင်းသည် အင်တာနက်နှင့် ချိတ်ဆက်ထားခြင်းမရှိဘဲ၊ ကတ်ထဲတွင် ဝယ်ယူနိုင်သည့် ပမာဏကို သက်မှတ်ထားပေးခြင်းဖြစ်သည်။ အများအားဖြင့် သက်မှတ်ထားသည့် ပမာဏအထိ ဝယ်ယူနိုင်သော်လည်း၊ အင်တာနက်မှ ဝယ်ယူခြင်း၊ လက်မှတ်မထိုးဘဲ ဝယ်ယူခွင့်များ မရှိပေ။

ကြိုတင် ဒဲဘစ်ကတ်[ပြင်ဆင်ရန်]

ကြိုတင်စနစ်သည် လွယ်ကူစွာ ဝယ်ယူနိုင်သည့် ကတ်အမျိုးအစားဖြစ်သည်။ ၎င်းတွင် အီလက်ထရွန်(အွန်လိုင်း) နှင့် အော့ဖ်လိုင်းအမျိုးအစားနှစ်မျိုးရှိပြီး၊ ပုံမှန်အားဖြင့် ကတ်တွင် မည်သူပိုင်သည်ဆိုသော အချက်အလက်မပါဘဲ၊ ဝယ်ယူသူ သို့ ကတ်အသုံးပြုသူသည် ၎င်းကတ်၏ ငွေကြေးပမာဏရှိသည့် အတိုင်း အသုံးပြုနိုင်သည်။ အော့ဖ်လိုင်း သို့ အွန်လိုင်းဖြစ်သည်ကို ထုတ်လုပ်ရာမှ ဘဏ်မှ ရွေးချယ်ရောင်းချပြီး၊ ဝယ်ယူသူမှ တခြားအသုံးပြုသူတစ်ယောက်အတွက် လက်ဆောင်အဖြစ်ပေးခြင်း သို့ အခြားဒယ်ဘစ်ကတ်အမျိုးအစားများ မရှိသူများမှ အများအားဖြင့် အသုံးပြုကြသည်။

Standing order[ပြင်ဆင်ရန်]

သင့်အနေဖြင့် တစ်ခြား အဖွဲ့အစည်း တစ်ခုခုကို ရင်းနှီး မြှုပ်နှံမှု အတွက်ဖြစ်စေ တစ်ခြား အကြောင်းတစ်ခုခု အတွက်ဖြစ်စေ ပုံမှန် ငွေပေးရန် လိုအပ်ပါက သင့်ဘဏ်ကို standing order အနေဖြင့် ပုံမှန် ပေးပေးရန် ညွှန်ကြား ထားနိုင်သည်။

GIRO[ပြင်ဆင်ရန်]

လစဉ် ပေးဆောင်ရန် ရှိသည့် အင်တာနက်ဖိုး ဖုန်းဖိုး စသည်တို့ကို ဘဏ်အကောင့်မှ တိုက်ရိုက် အလိုလို ပေးစေချင် လိုလျှင် မိမိ ပေးရမည့် အဖွဲ့အစည်းမှ တစ်ဆင့် GIRO application လျှောက်ထား နိုင်သည်။ ထို့အတွက်ကြောင့် ဘီလ်ဆောင်ရန် နောက်ကျခြင်း၊ နောက်ကျကြေး ပေးဆောင်ရခြင်း၊ ဘီလ်ဆောင်ရန်အတွက် queue စီရခြင်း စသည်တို့ကို ရှောင်လွှဲနိုင်၍ အဆင်ပြေသော ဝန်ဆောင်မှု တစ်ခုဖြစ်သည်။

Phone banking[ပြင်ဆင်ရန်]

ဘဏ်မှပေးထားသော အထူးနံပါတ်ကို တယ်လီဖုန်းနှင့် ဆက်သွယ်၍လည်း အကောင့် လက်ကျန်စာရင်း စစ်ဆေးခြင်း၊ ငွေလွှဲခြင်း စသည်တို့ကို ဆောင်ရွက် နိုင်သည်။

Internet banking[ပြင်ဆင်ရန်]

phone banking ကဲ့သို့ပင် ဘဏ်မှ ပေးထားသော web site ကို အသုံးပြု၍ phone banking ထက် ပိုမို များပြားသော ဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဘီလ်ဆောင်ခြင်း၊ စတော့ရှယ်ယာ ဝယ်ခြင်း စသည်တို့ဖြစ်သည်။

Mobile banking[ပြင်ဆင်ရန်]

ဘဏ်များမှ အပြိုင်အဆိုင် ပေးနေသော နောက်ဆုံးပေါ် ဝန်ဆောင်မှု တစ်ခုမှာ mobile banking ဖြစ်သည်။ မိုဘိုင်းဖုန်း များတွင် ပိုမိုမြန်ဆန်သော 3G network များ အသုံးများ လာသည်နှင့်အမျှ ဘဏ်များသည်လည်း mobile phone application များထုတ်ပေးပြီး mobile phone မှတစ်ဆင့် internet banking ဝန်ဆောင်မှုများကို ရယူနိုင်ရင် ဝန်ဆောင်မှု ပေးကြသည်။

ဘဏ်အကောင့် တစ်ခုဖွင့်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည်များ[ပြင်ဆင်ရန်]

ဘဏ်အကောင့် များတွင်ပါဝင် feature များ၊ ပေးရသည့် နှုန်းထားများ၊ ပြန်ရသည့် အတိုးများမှာ ဘဏ်တစ်ခုနှင့် တစ်ခု မတူနိုင်ပေ။ ထို့ကြောင့် မည်သည့် ဘဏ်တွင်ဖြစ်စေ အကောင့်တစ်ခုခု ဖွင့်တော့မည်ဆိုလျှင် အောက်ပါ အချက်အလက်များကို မေးမြန်း သင့်ပေသည်။

Saving account နှင့် current account များအတွက်

  • အကောင့်ဖွင့်ဖို့ အတွက် အနည်းဆုံး စထည့်ရမည့် ငွေပမာဏ
  • လစဉ်၊ နှစ်စဉ် အတိုးနှုန်း
  • အတိုးနှုန်း တွက်သည့်ပုံစံနှင့် မိမိအကောင့်ထဲ အတိုး ထည့်သွင်း ပေးသည့်ပုံစံ
  • လစဉ် အကောင့်ထဲတွင် ရှိရမည့် အနည်းဆုံး လက်ကျန်ပမာဏ လိုမလို၊ အကယ်၍ ထိုလက်ကျန် အောက်ကျသွားပါက penalty fee ပေးရန်လိုမလို၊ ပေးရန်လိုပါက ပေရမည့်ပမာဏ
  • အကောင့်ဖွင့်ပြီး အနည်းဆုံး မပိတ်ပဲ ထားရမည့် အချိန်ကာလ ရှိမရှိ၊ ရှိပါက ထိုကာလထက် စောပိတ်လိုလျှင် ပေးရမည့် နှုန်းထားများ
  • ATM သို့မဟုတ် ဘဏ်မှနေ၍ တစ်နေ့အတွင်း ငွေထုတ်၍ရသည့် ပမာဏကန့်သတ်ချက် ရှိမရှိ

Current account များအတွက်[ပြင်ဆင်ရန်]

  • Account maintenance အတွက် charges ပေးရန် လိုမလို
  • မိမိ ထုတ်ပေးလိုက်သည့် ချက်လက်မှတ်မှ ငွေထုတ်ယူရန် မိမိအကောင့်ထဲတွင် လုံလောက်သော ငွေပမာဏမရှိပါက ထပ်မံ ပေးဆောင် ရမည့် ပုံစံများ၊ ထို outstanding balance အတွက် အတိုးပေးရန် လိုမလို

Fixed deposit account များအတွက်[ပြင်ဆင်ရန်]

  • အကောင့်ဖွင့်ရန်လိုအပ်သည့် အနည်းဆုံးငွေပမာဏ
  • မိမိ deposit ပေါ်ရမည့် အတိုးနှုန်း
  • အတိုးနှုန်းတွက်ချက်သည့် ပုံစံ
  • အနည်းဆုံးထားရမည့် အချိန်အပိုင်းအခြား (mature period, mature date)
  • Mature date မတိုင်ခင် ထုတ်လျှင် အတိုးရမရ၊ ရသည်ဆိုလျှင် ထိုအတိုးနှုန်း အတွက် တွက်ချက် သည့်ပုံစံ၊ Penalty fee ပေးရမည် ဆိုလျှင် ပေးရမည့်ပမာဏ

ဘဏ်အကောင့် အချက်အလက်တွေရဲ့ လုံခြုံရေး[ပြင်ဆင်ရန်]

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဘဏ်အကောင့် အချက်အလက်တွေရဲ့ လုံခြုံရေးပါ။ PIN နံပါတ်တွေကို မှတ်ရလွယ်တဲ့ ဖုန်းနံပါတ်တွေ၊ မွေးနေ့တွေမျိုး မပေးသင့်ပါဘူး။ ATM card ကို ကိုယ်ကလွဲပြီး တစ်ခြား ဘယ်သူ့ကိုမှ ပေးမသုံးသင့်ပါဘူး။ ဘယ်ဘဏ် ဝန်ထမ်းကမှ သင့်ရဲ့ PIN နံပါတ်ကို မတောင်းဘူး ဆိုတာလဲ သတိပြုသင့်ပါတယ်။ အဲတော့ PIN နံပါတ်ပြောပြပါ ဆိုတာမျိုးတွေ ကြုံလာရင် သတိရှိသင့် ပါတယ်။ PIN တစ်ခုသုံးနေတာ တော်တော် ကြာပြီဆိုရင် နောက်ထပ် PIN အသစ်တစ်ခု ပြောင်းလဲ သုံးသင့်ပါတယ်။ နောက်ပြီး အင်တာနက် banking ကိုသုံးရင်လည်း ကိုယ်သုံးနေကျစက် ဟုတ်ရင်တောင်မှ သုံးပြီးတာနဲ့ log off လုပ်ဖို့ မမေ့သင့်ပါဘူး။ ကွန်ပြူတာကို OS upgrade လုပ်တာတို့ anti-virus update, firewall update အဲဒါတွေကတော့ ပုံမှန် လုပ်သင့် နေတာမျိုးတွေပါ။

ဒါတွေကတော့ ကျွန်တော်တို့တွေ အနေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ဘဏ်အကောင့်တွေ အကြောင်းပါပဲ။ နိဒါန်းမှာ ပြောခဲ့သလို တစ်ချို့အချက်တွေက မြန်မာနိုင်ငံနဲ့ မကိုက်ညီနိုင်တာတွေ ရှိနိုင်ပါတယ်။ တစ်ချို့တွေကလည်း သိပြီးသားတွေ ဖြစ်နေမှာပါ။ ဒါပေမယ့် မသိသေးတဲ့ လူတွေလည်း ဖတ်မိလို့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

http://www.myanmartutorials.com မှ ကူးယူဖော်ပြပါသည်။