ဘဏ္ဍာဝန်

ဝီကီပီးဒီးယား မှ

ဘဏ္ဍာဝန်[ပြင်ဆင်ရန်]

ဘဏ္ဍာဝန်သည် ဘုရင်မင်းမြတ်၏သီးခြား ဘဏ္ဍာတော်များနှင့် သက်ဆိုင်သည့် ဝန်ဖြစ်ဟန်ရှိသည်။ ဘဏ္ဍာရာထူးကို ကုန်းဘောင်ခေတ်လယ်ပိုင်း ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်တွင်သာ တွေ့ရှိရ၏။ ခေတ်နှောင်းကာလတွင် ဘဏ္ဍာဝန်သီးခြားမထားတော့ဘဲ ရွှေတိုက်ဝန်ကသာ ဘဏ္ဍာဝန်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရဟန်တူသည်။ ဘဏ္ဍာဝန်ရာထူးကို ၂၄ စက်တင်ဘာ ၁၈၅၉ ရက်စွဲပါ ညောင်ရမ်းမင်းအမိန့်တော်၌ ဦးစွာတွေ့ရှိရသည်။

ဗဒုံမင်းလက်ထက် ဘဏ္ဍာဝန်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် အစောပိုင်းကာလတွင် နေမျိုးနန္ဒကျော်ထင်အား ဘဏ္ဍာဝန်အဖြစ် ခန့်အပ်ခဲ့၏။ ဘဏ္ဍာဝန် နေမျိုးနန္ဒကျော်ထင်သည် ၂၂ အောက်တိုဘာ ၁၇၉၂ ခုနှစ်တွင် ဗန်းမော်စော်ဘွား ဦးစီးသောသံအဖွဲ့နှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းသံအဖွဲ့မှာ ၃ မတ် ၁၇၉၄ ခုနှစ်တွင် တရုတ်ပြည်မှ ပြန်လည်ရောက်ရှိလာကြရာ မင်းကွန်းတွင်တွေ့ဆုံလျက် လက်ဆောင်ပဏ္ဏာများ ဆက်သခဲ့ကြ၏။ ဘဏ္ဍာဝန်တွင် နေမျိုးရွှေအောင်နန္ဒမိတ်ခံ ဦးပွင့်ဆိုသူ သားတစ်ဦးရှိပြီး ဘဏ္ဍာဝန်၏ မြေးမ ( ဦးပွင့်၏သမီး ) မအရွှေရေးမှာလည်း စစ်ကိုင်းမင်းလက်ထက် ၄၀ တော်မှူးမတ်သမီးစာရင်းဝင် ဖြစ်ကြောင်းသိရှိရသည်။

ဘဏ္ဍာဝန်သီရိနန္ဒမိတ်စည်သူ[ပြင်ဆင်ရန်]

ဘဏ္ဍာဝန်နေမျိုးကျော်ထင်အား ဆက်ခံခဲ့သူမှာ သီရိနန္ဒမိတ်စည်သူဖြစ်၏။ ၉ ဖေဖော်ဝါရီ ၁၇၉၅ တွင် မိတ္ထိလာမင်းသမီးအား ကွမ်းခွံမင်္ဂလာအခမ်းအနားကျင်းပစဉ် ဘဏ္ဍာဝန်သီရိနန္ဒမိတ်စည်သူ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းနောက်ပိုင်း ကာလတွင် ဘဏ္ဍာဝန်ရာထူး ခန့်အပ်ခဲ့ခြင်းရှိ မရှိမသိရတော့ပေ။