ဘစံ၊ ဦး (ဓညစံ)

ဝီကီပီးဒီးယား မှ

ဦးဘစံ (ဓညစံ) ၁၉၁၂-၁၉⁠၉၂[ပြင်ဆင်ရန်]

အဖ ဦးသာဇံဦး (အငြိမ်းစား စက်ရှင်ဆရာကြီး) နှင့် အမိ ဒေါ်ပုမတို့မှ ၁၉၁၂ ခုနှစ်တွင် စစ်တွေမြို့၊ လမ်းမတော်ရပ်၌ မွေးဖွားသည်။ မွေးချင်း ဆယ့်လေးဦးအနက် ပဉ္စမမြောက်သားယောက်ျားဖြစ်သည်။ ငယ်စဉ်က မိဘများပြောင်းရွေ့ရာမြို့များ၌ ပညာသင်ကြားခဲ့ပြီး ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်မြင်သည်။၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိကျောင်းသားသပိတ်တွင် သပိတ်ကောင်စီဝင် တစ်ဦးအဖြစ်ပါဝင်ခဲ့သည်။

ရခိုင်လူငယ်များ နိုးကြားစေရန် ရခိုင်တိုင်းလုံးဆိုင်ရာ နိုးကြားရေးအစည်း အရုံးကို အခြားရခိုင်လူငယ်များနှင့်အတူ စည်းရုံးတည်ထောင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီးတွင် တက်ကြွသော အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး အစည်းအရုံး ဥက္ကဋ္ဌ ဦးသာဇံလှ၊ ဒုဥက္ကဋ္ဌ ဦးအောင်ထွန်းဦးတို့နှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ရန်အတွက် တို့ဗမာအစည်းအရုံးခေါင်းဆောင်များနှင့် ဆက်သွယ်၍ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်တတိယသပိတ်တွင်လည်း တက်တက်ကြွ⁠ကြွပါဝင်ခဲ့ပြီး၊ ရခိုင်ကျောင်းသားလူငယ်များ၊ မြန်မာကျောင်းသားလူငယ်များနှင့်အတူ နိုင်ငံလွတ်လပ်ရေးအတွက် စွမ်း⁠စွမ်းတမံ ဆောင်ရွက်ခဲ့သည်။

ဂျပန်ခေတ်တွင် ရခိုင်ကာကွယ်ရေးတပ်ကို တရားဝင်ဖွဲ့စည်းလှုပ်ရှားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်တွေခရိုင် နိုင်ငံရေးခေါင်းဆောင်တာဝန်၊ စစ်တွေခရိုင် တို့ဗမာ ဆင်းရဲသား အစည်းအရုံးခေါင်းဆောင် တာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး မြေအောက်လှုပ်ရှားမှုများတွင် အဓိကအခန်းက ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဂေဇက် အယ်တီတာအဖြစ်လည်းကောင်း၊ အလုပ်သမားအရာရှိအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ရခိုင်ပြည်နယ် အလုပ်သမားအရာရှိ အဖြစ်ဖြင့် အငြိမ်းစားယူခဲ့သည်။

ဦးဘစံသည် စာရေးစာဖတ်ဝါသနာထုံသူလည်းဖြစ်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလ တက္ကသိုလ် ကျောင်းသားဘဝကတည်းကပင် သတင်းစာ၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားခဲ့သည်။ ၁၉၃၉-၄၀ ပြည့်နှစ် “အိုးဝေမဂ္ဂဇင်း” တွင် အင်္ဂလိပ်စာအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရခိုင်ယည်ကျေးမှု၊ စာပေနှင့်သမိုင်းရေးရာဆောင်းပါးများကိုလည်း ဓညစံ ကလောင်အမည်ဖြင့် သုတေသနပြုရေးသားဖော်ထုတ်ခဲ့သူ ဖြစ်သည်။

ဦးဘစံကား စစ်ကြိုခေတ် ကာလမှစ၍ တိုးတက်သော မြန်မာကျောင်းသားများ၊ နိုင်ငံရေးသမားများနှင့် အတူလက်တွဲကာ မြန်မာနိုင်ငံ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်သာမက ရခိုင်ဘက်ရှိ လူငယ်များအား နိုးကြားတိုးတက်သော စိတ်ဓာတ်များဖြစ်ဖြစ်ပေါ်လာ စေရန် စတင်မျိုးစေ့ချပေးခဲ့သူလည်း ဖြစ်သည်။

နိုင်ငံတော်က ဦးဘစံအား မော်ကွန်းဝင် (ပထမအဆင့်)နှင့် နိုင်ငံဂုဏ်ရည် (ဒုတိယအဆင့်) ဘွဲ့တံဆိပ်များကို ချီးမြှင့်ခဲ့ပေသည်။ ဦးဘစံသည် ၁၉⁠၉၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လှမေ နှင့် သားနှစ်ဦးကျန်ရစ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉⁠၉၆ ခုနှစ်၊ မတ်လ ၊ ပထမအကြိမ်ထုတ် “ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု” စာအုပ်မှ