ဗဆွေလေး
ဦးဗဆွေလေး (၁၉၆၁-၆၂)
[ပြင်ဆင်ရန်]ဦးဗဆွေလေးသည်ဘိုကလေးမြို့ဇာတိ ဖြစ်သည်။ ကျောင်းသား ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၁၉၅၉-၆၀ တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) ငွေထိန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၉-ခုတွင် ဥပဒေဝိဇ္ဇာ ပထမနှစ် တက်ရောက်ခွင့် တက္ကသိုလ်ရုံးမှ ပယ်ဖျက်ကြောင်း ကြေညာသော်လည်း ပါမောက္ခချုပ် ကိုယ်တိုင် မသိလိုက်သော ပြုမူချက်ကြောင့် ပါမောက္ခချုပ်မှ ဝန်ခံပြီး သူကိုယ်တိုင် ကျောင်းပြန်ဝင်ခွင့် ပေးခဲ့သည်။ ၁၉၆၀-၆၁ တွင် တကသ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၆၁-၆၂ နောက်ဆုံး တကသ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၆၂-ခု၊ ဇူလိုင် (၇)ရက်နေ့တွင် တကသ အစည်းအဝေး ခန်းမ၌ နောက်ဆုံး တရားဟောခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ရဲများဝင်ရောက် ဖမ်းဆီးရာ အဖမ်းခံရသည်။ ၁၉၆၃- ခု၊ ဧပြီလ(၁)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လွတ်လာသည်။
၁၉၆၃-ခု၊ တက္ကသိုလ်များ ပြန်ဖွင့်သောအခါ တကသ နေရာဟောင်းတွင် တဲထိုး၍ တကသ ပြန်လည် ဖွဲ့စည်းရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့သည်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အရှိန်အဟုန် မြှင့်လာသဖြင့် ၎င်းလှုပ်ရှားမှုကို အလေးထား လုပ်ဆောင်လာကြသည်။ တကသ၊ ဗကသ၊ ရကသတို့က ပြည်သူ့ ကော်မတီနှင့် ညှိနှိုင်း၍ ခြောက်ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြ ချီတက်ပွဲကို လှုံဆော်ခဲ့သည်။
၁၉၆၃-ခု၊ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားပြီး ဖမ်းဆီးမှုများ စတင်ပြုလုပ်လာသည်။ ၎င်းနောက် ကျောင်းများ ပိတ်လိုက်ကြောင်း ကြေညာခဲ့ပြီး စစ်တပ်မှ တက္ကသိုလ် အတွင်းသို့ ဝင်ရောက် စီးနင်းပြီး ကျောင်းသားများအား အတင်းအကျပ် အိမ်ပြန်ပို့ခဲ့သည်။ တကသ ယာယီတဲကို ဖျက်ဆီး ပစ်လိုက်သည်။ ကျောင်းသား ခေါင်းဆောင် အများအပြား အဖမ်းခံရသည်။ ကိုဗဆွေလေးနှင့် အခြား ကျောင်းသား ခေါင်းဆောင်များ တိမ်းရှောင်နေကြပြီး ဗကပသို့ တောခို သွားကြသည်။ [၁]
၁၉၆၇-ခုနှစ် (ပွင့်လင်းရာသီ) တွင် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်၊ ညောင်ပင်သာနှင့် တောင်ကြားချောင်းရွာ အကြား ခလရ (၃၆) စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်ရာ ၎င်းတိုက်ပွဲတွင် ကျဆုံးသည်။ ဗဟိုတပ်မှလာသော ကိုဗဆွေလေး ကိုယ်တိုင် တောင်း၍ တိုက်သော တိုက်ပွဲ ဖြစ်သည်။ ဗကပ ရဲဘော်တဦးမှ ကိုဗဆွေလေးအား (၅၅) လမ်းစဉ်သမား ဖြစ်တဲ့အတွက် ဗဟိုမှ သေဒဏ် ပေးပြီးသား ဖြစ်တဲ့အတွက် ၎င်းတိုက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ [၂]
တိုးတက်သော ကျောင်းသား လက်ရေးဟု ထင်ရှားသော လက်ဝဲစာလုံးကို တီထွင် ရေးသားခဲ့သူ ဖြစ်သည်။
လက်ဝဲစာလုံး တီထွင်သူ
[ပြင်ဆင်ရန်]ကျွန်တော် တင်ပြချင်တဲ့ ရုပ်ပုံလွှာ တချပ်ကတော့ ရန်ကုန် တက္ကသိုလ်ရဲ့ နောက်ဆုံး တကသ ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုဗဆွေလေးပါ။ သူက ဘိုကလေးသား။ ကိုဗ ဆွေလေးကို မြင်ရရင် မျက်နှာကလေးချောင်ပြီး ပင်ပန်း နွမ်းနယ်နေဟန် ပုံသဏ္ဌာန်ပါ။ အိပ်ရေးမဝတဲ့ အခြေအနေနဲ့ တူပါတယ်။ သူ့အပြုံးကလေး လျော့ရဲရဲ အပြုံးလို့ ဆိုနိုင်ပါတယ်။ ဆံပင် သပ်သပ်ရပ်ရပ် ဖီးသင်ထားခြင်း မရှိ။ သူ့ကို နာမည်သာ ကြားဖူးပေမဲ့ လူချင်း မတွေ့ဖူးပါ။ ၁၉၆၀ - ၆၁ ခုနှစ် ကျွန်တော် ရန်ကုန် တက္ကသိုလ်မှာ မြန်မာစာ ဂုဏ်ထူး သင်တန်း လာတက်စဉ်က တ.က.သ လက်ဖက်ရည်ဆိုင်မှာ စတင် တွေ့ဖူးခြင်း ပါပဲ။ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှာ ဆရာ မင်းသုဝဏ် ပါမောက္ခ ဖြစ်ပြီလို့ သတင်းစာထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်ဟာ ဆရာ မင်းသုဝဏ်ရဲ့ ပို့ချက်မှုကို ခံယူချင်တာနဲ့ ရန်ကုန် တက္ကသိုလ် ပြောင်းခဲ့တာပါ။ အရင်နှစ်က မန္တလေး တက္ကသိုလ် မြန်မာစာ ဌာနမှာ ပထမနှစ် မြန်မာစာ ဂုဏ်ထူးသင်တန်း တက်ခဲ့ပါတယ်။ မန္တလေး သီးခြား တက္ကသိုလ်နှစ်ရဲ့ ပထမဦးဆုံး စာမေးပွဲပါ။ ကျွန်တော် ဂုဏ်ထူးတန်း ပထမနှစ် ကျခဲ့ပါတယ်။ သမိုင်းဘာသာမှာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်ပါတယ်။ ယခင့် ယခင် နှစ်များက သမိုင်းဘာသာ ကျရှုံးသူ မရှိသလောက်ပါပဲ။ ဝိဇ္ဇာ ပထမနှစ် ဆိုရင် အေးအေးဆေးဆေး အောင်ကြတာ များပါတယ်။ ရန်ကုန် တက္ကသိုလ်က ဘာသာရပ် အားလုံး စစ်ဆေး အအောင်ပေးလေ့ ရှိပါတယ်။
မန်းသီးခြား တက္ကသိုလ်နှစ်မှာ သမိုင်း ပါမောက္ခက ဒေါက်တာ မောင်မောင်ကြီးပါ။ ယခု အမေရိကမှာ ထင်ပါရဲ့ … ပါမောက္ခက သမိုင်းကို လေးစားအောင် လုပ်မယ်လို့ ရည်ရွယ်တယ် ကြားတာပဲ။ အများအပြား အတုံးအရုံး ကျရှုံး ကုန်ကြပါတယ်။ (နောင် ကျောင်းသားတွေ ဆူပူ ဆန္ဒပြလို့ နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ရပါတယ်။ ကျွန်တော်လဲ အောင်ပါတယ်)။ ကျွန်တော့်ဆရာ ပါမောက္ခ ဦးချမ်းမြက ကျွန်တော့်အတွက် အသနားခံ ပေးသေးတယ်လို့ တဆင့်စကား ကြားရဖူးပါတယ်။ ဒါပေမဲ့ မရပါ။ သမိုင်း ပါမောက္ခက စာမေးပွဲ ချလိုက်တော့ ကျွန်တော့် ဂုဏ်ထူးတန်း ပြုတ်ခဲ့ရပါရော။ ဒီလိုနဲ့ …
ဒီမှာ ရန်ကုန် ရောက်လာပြီး ရဲဘော် ကိုဗဆွေလေး၊ ရဲဘော် မောင်မောင်ညွန့် (ညွန့်ကြူး)၊ ဦးစိုးသိန်း၊ ကိုလှရွှေ စတဲ့ တ.က.သ ရဲဘော်ကြီးများနဲ့ အကျွမ်းတဝင် ခင်မင်သွားသဗျ။ အဲဒီနှစ်က တ.က.သ ဥက္ကဋ္ဌ မြို့မ ဦးတင်အေး (နောင်အခါ ကျွန်တော်နဲ့ မယားညီအကို) နဲ့လဲ ရင်းနှီးကြတယ်။ ကိုဗဆွေလေးက တ.က.သ အတွင်းရေးမှူးကိုး။
သူက ကဗျာချစ်တယ်။ 'ထွန်းသစ်' ဆိုတဲ့ နာမည်နဲ့ တက္ကသိုလ် စာစောင်တွေမှာ ကဗျာရေးတယ်။ လူသိခံပုံ မရဘူး။ ပန်းချီလဲ ချစ်တယ်။ လက်ဝဲစာလုံး၊ တပ်ဦး စာလုံးလို့ နာမည်ကျော်တဲ့ လက်ရေး စတိုင်ဟာ သူထွင်ခဲ့တဲ့ ပိုစတာ လက်ရေးပေါ့။ ကျွန်တော် သိသလောက် ကိုဗဆွေလေးဟာ တ.က.သ အလုပ်တွေကို အောက်ခြေသိမ်း ကုန်းရုန်းပြီး မအိပ်မနေ လုပ်ရုံမက ရဲဘော်တွေကိုကြွေးဖို့၊ သူ့မိသားစု ထောက်ပံ့ဖို့၊ သူ့ဇာတိ ဘိုကလေးမှာ ရှိတဲ့ ကျောင်းသား သမဂ္ဂ ရဲဘော်တွေ ရပ်တည်ဖို့ မနားမရပ် လှုပ်ခတ်တောင်ပံ အားမာန် အပြည့်နဲ့ လုပ်ကိုင်တာကို တွေ့ရတယ်။ ဒီအတော အတွင်း ပညာရေး တက္ကသိုလ်မှာ မနက် ၇ နာရီ တက်ရတဲ့ ပညာရေး ဒီပလိုမာလဲ မှန်မှန် တက်နေသေးတယ်။ အဲဒီတုန်းက ရန်ကုန် အလွတ်ပညာရေး ကျောင်းတွေမှာ ဦးဗဆွေလေးက ပထဝီဘာသာ နာမည်ကျော် ဆရာ။ ဟိုကျောင်းကခေါ် ဒီကျောင်းကခေါ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ လက်မလည်နိုင်။ ဒါလဲ တာဝန်ကျေပါပေ့။
တ.က.သမှာ ပိုစတာ ရေးရင်း ညအိပ်၊ ဖြစ်သလိုစား၊ ကျောင်းတွေလဲ မပျက်၊ အလုပ်နဲ့လက် ဒရစပ် အလုပ်လုပ်တဲ့ အပြင် ဘိုကလေးက ရဲဘော်တွေဖို့ ဖွင့်ပေးထားတဲ့ စာအုပ်ဆိုင် အတွက် လေဟာပြင်ဈေးက စာအုပ်ဆိုင် မျိုးစုံသွားပြီး စာအုပ်တွေ ဝယ်ပို့ ပေးရသေးတယ်။ ကျွန်တော့်ကို ရဲဘော်တွေ ဖတ်သင့်တဲ့ စာအုပ်တွေ ရွေးပေးဖို့ အကူအညီ တောင်းတယ်။ ဒါနဲ့ သူနဲ့ ခင်သွားကြတာပဲ။ ဆဲဗင်းဇူလိုင် အရေးတော်ပုံ အထိ တာဝန် ထမ်းဆောင် သွားခဲ့တယ်။ တောထဲမှာ ကျဆုံးသွားသတဲ့။ ဖြစ်ရလေ ရဲဘော်ကြီးရယ် …။
နိုင်ငံ့အတွက် အဖိုးတန် သားကောင်း ရတနာ အစစ်ပါ။ စံပြ ကျောင်းသား ခေါင်းဆောင် မီးရှူးတန်ဆောင်ပါ။ ။(ကဗျာဆရာ တင်မိုး)