မာတိကာသို့ ခုန်သွားရန်

ဗွူးခါး

ဝီကီပီးဒီးယား မှ

ဗွူးခါး (VUCA) သည် ၁၉၈၇ ခုနှစ်တွင် ပထမဆုံးအကြိမ် အသုံးပြုသော အတိုကောက်ဝေါဟာရ ဖြစ်ပြီး၊ ဝါးရန်းဘဲန်နစ်စ် (Warren Bennis) နှင့် ဘာ့တ်နားနပ်စ်(Burt Nanus) တို့၏ ခေါင်းဆောင်မှုဆိုင်ရာ သီအိုရီများ (leadership theories) ကို အခြေခံသုံးသပ်သော ယေဘုယျ အခြေအနေများနှင့် လက်ရှိခေတ်ကာလ အခြေအနေများ၏ အပြောင်းအလဲမြန်မှု (Volatility မှ V)၊ မသေချာမရေရာမှု (Uncertainty မှ U)၊ ခက်ခဲရှုပ်ထွေးမှု (Complexity မှ C)၊ အနက်ကောက်ရန်ခက်ခဲမှု (Ambiguity မှ A)တို့ကို ညွှန်းဆိုခြင်းဖြစ်သည်။[][] အမေရိကန်ပြည်ထောင်စု ကြည်းတပ် စစ်ကောလိပ် (United States Army War College) မှ စစ်အေးခေတ် (Cold War) အပြီး အကျိုးဆက်အားဖြင့် ဘက်ပေါင်းစုံပါဝင်လာသော ရှုပ်ထွေးလာသော ကမ္ဘာ့အခြေအနေကို ဖော်ပြရန် ဗွူးခါးလောက (VUCA World) ဆိုသော အယူအဆကို မိတ်ဆက်ဆွေးနွေးလာခဲ့ခြင်း ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဗွူးခါး (VUCA) စကားလုံး တစ်လုံးခြင်းစီ၏ အဓိပ္ပာယ်ကို ချဲ့ပြောလျှင် ဤသို့ပြောနိုင်သည်။

  • V = အပြောင်းအလဲမြန်မှု၊ ပြောင်းလဲမှု၏ သဘောသဘာဝနှင့် လှုပ်ရှားမှုများ၊ ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အင်အားစုများနှင့် အထောက်အကူပေးသော အခြားအကြောင်းချက်များတို့၏ သဘောသဘာဝနှင့် ပြောင်းနှုန်း မြန်ဆန်မှု။
  • U = မသေချာမရေရာမှု၊ ကြိုတင်ခန့်မှန်းနိုင်မှုမရှိခြင်း၊ အံ့အားသင့်စရာအလားအလာများ၊ ပြဿနာများနှင့် အဖြစ်အပျက်များ၏ တည်ရှိမှုကို သတိထားမိခြင်းနှင့် နားလည်သဘောပေါက်ခြင်း။
  • C = ခက်ခဲရှုပ်ထွေးမှု၊ တွန်းအားများ၏ ဆင့်ကဲသက်ရောက်မှုများ၊ ဝေခွဲမရဖြစ်အောင် ရှုပ်ထွေးနေသော ပြဿနာများ၊ ကြောင်းကျိုးသက်ရောက်မှု ကွင်းဆက်မဲ့နေပြီး ဇဝေဇဝါဖြစ်ခြင်းများက အဖွဲ့အစည်းအတွင်း ပျံ့နှံ့နေခြင်း။
  • A = အနက်ကောက်ရန်ခက်ခဲမှု၊ ဒွိဟဖြစ်ခြင်း၊ အဖြစ်မှန်၏ ရှင်းလင်းပြတ်သားမှု မရှိခြင်း၊ အလွဲလွဲအမှားမှား ဖော်ပြနိုင်သည့် အလားအလာ၊ ရောကောသောကော ဖြစ်နေသော အခြေအနေများ၏ အဓိပ္ပာယ်များ၊ အကြောင်းနှင့်အကျိုး မသဲကွဲပဲ ရောထွေးနေမှုများ။

အဆိုပါ စကားလုံးတို့သည် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လက်ရှိနှင့် အနာဂတ် အခြေအနေကို ရှုမြင်သော အမြင်အပေါ် ဆက်စပ်တွေးတောရမည့် နောက်ခံအကြောင်းအရာများ ဖြစ်ပြီး၊ ၎င်းတို့၏ စီမံကိန်းနှင့် မူဝါဒစီမံခန့်ခွဲမှုအတွက် ရှုမြင်ရမည့် နယ်နမိတ်ကို တင်ပြသည်။

ဗွူးခါး (VUCA) စကားလုံး တစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းဖြင့် ဗွူးခါး (VUCA) အခြေအနေတို့အပေါ် မူတည်ပြီး မြော်မြင်ပြင်ဆင်မှုနှင့် ထိုးထွင်းသိမြင်မှုတို့၏ မဟာဗျူဟာမြောက်အရေးပါမှု သိရှိကာ အဖွဲ့အစည်းများအတွင်းရှိ အုပ်စုများနှင့် တစ်ဦးချင်းစီ၏ တုံ့ပြန်လှုပ်ရှား အပြုအမူများကို ပိုမိုသင့်တင့် ကောင်းမွန်လာအောင် မြှင့်တင်ရန်ဖြစ်သည်။[]

ဤစကားလုံးတို့ ဖော်ညွှန်းသော အခြေအနေများကို သတိပြုမိနိုင်ခြင်းနှင့် ၎င်းတို့ ကြုံတွေ့လာသည့်အခါ၌ မည်သို့ရင်ဆိုင်ဖြေရှင်းရန်အတွက်လည်းကောင်း၊ အပြည့်အဝ မဖြေရှင်းနိုင်သည့်အခါ၌ မည်သို့သက်သာအောင် ဖန်တီးမည်ကိုလည်းကောင်း ကြိုတင်ကြံဆကာ လုပ်ဆောင်ခြင်းများသည် ဘေးကျပ်နံကျပ်ကာလ စီမံခန့်ခွဲဖြေရှင်းခြင်း (crisis management)နှင့် ကပ်ဘေးဒုက္ခဆိုက်မှုမှ နာလန်ထူပြန်မတ်လာစေသည့် စီမံကိန်း (disaster recovery planning)တို့အတွက် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်ပေသည်။[]

အသုံးချခြင်း

[ပြင်ဆင်ရန်]

ဗွူးခါးလောက (VUCA World)တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကြံပေးသည့် နည်းဗျူဟာတစ်ခုမှာ -

  • ရှေ့သို့ကြိုတင်ရှုမြင်မှုရှိခြင်း (Vision) ဖြင့် အပြောင်းအလဲမြန်မှု (Volatility) ကို တန်ပြန်ရန်၊
  • အခြေအနေအပေါ် နားလည်သဘောပေါက်မှုရှိခြင်း (Understanding) ဖြင့် မသေချာမရေရာမှု (Uncertainty) ကို တန်ပြန်ရန်၊
  • ရှင်းလင်းပြတ်သားမှုရှိခြင်း (Clarity) ဖြင့် ခက်ခဲရှုပ်ထွေးမှု (Complexity) ကို တန်ပြန်ရန်၊
  • လျင်မြန်သွက်လက်စွာ တုံ့ပြန်နိုင်ခြင်း (Agility) ဖြင့် အနက်ကောက်ရန်ခက်ခဲမှု (Ambiguity) ကို တန်ပြန်ရန်

ဟူသော အတိုကောက်ယူလျှင် 'VUCA' ပင်ဖြစ်သော စကားလုံးလေးခုကိုပင် ပြန်လည်အသုံးပြုကာ ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်သည်။[]

ဗွူးခါး-၂ (VUCA 2.0)

[ပြင်ဆင်ရန်]

ဟားဗတ်စီးပွားရေးကျောင်း (Harvard Business School) မှ အကြီးတန်း ကျောင်းအဖွဲ့ဝင် (senior fellow) ဖြစ်သောဘီလ်ဂျော့ခ်ျ (Bill George) က ခေါင်းဆောင်ကောင်းများသည် ဗွူးခါး (VUCA) အခြေအနေတို့ကို တုံ့ပြန်ရာ၌ ဗွူးခါး-၂ (VUCA 2.0)ဟု သူခေါ်သော -

  • ရှေ့သို့ကြိုတင်ရှုမြင်မှုရှိခြင်း (Vision)၊
  • အခြေအနေအပေါ် နားလည်သဘောပေါက်မှုရှိခြင်း (Understanding)၊
  • သတ္တိရှိစွာဖြင့် ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခြင်း (Courage)၊
  • အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲရန်လွယ်ကူခြင်း ( Adaptability)

ဟူသော အရည်အချင်းများကို အသုံးပြုရန် အကြံပြုသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. U.S. Army Heritage and Education Center (February 16, 2018)။ Who first originated the term VUCA (Volatility, Uncertainty, Complexity and Ambiguity)? The United States Army War College။ 2 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 10, 2018 တွင် ပြန်စစ်ပြီး။
  2. Bennis၊ Warren; Nanus၊ Burt (1985)။ Leaders: Strategies for Taking Charge
  3. Stiehm, Judith Hicks; Nicholas W. Townsend (2002)။ The U.S. Army War College: Military Education in a Democracy။ Temple University Press။ p. 6။ ISBN 978-1-56639-960-9
  4. Johansen, Bob (2007)။ Get There Early: Sensing the Future to Compete in the Present။ San Francisco, CA: Berrett-Koehler Publishers, Inc.။ pp. 51–53ISBN 978-1-57675-440-5
  5. What is VUCA (volatility, uncertainty, complexity and ambiguity)? - Definition from WhatIs.com 2019-10-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-09-30 တွင် ပြန်စစ်ပြီး။
  6. Dominique Andreux။ VUCA: the new reality... -QRM Institute 2020-09-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-09-30 တွင် ပြန်စစ်ပြီး။
  7. Bill George (2017-02-17)။ VUCA 2.0: A Strategy for Steady Leadership in an Unsteady World Forbes Magazine 18 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2020 တွင် ပြန်စစ်ပြီး။