ဗဲရင်းပင်လယ်

ဝီကီပီးဒီးယား မှ
ဗဲရင်းပင်လယ်အား Universal Transverse Mercator coordinate system အရ ၅၆ ယူမှ ၁၀ ဒဗလျူအထိသတ်မှတ်ထားသော လတ္တီကျု၊ လောင်ဂျီကျူတည်နေရာပြ၍ မြေပုံတွင်ဖော်ပြထားပုံ

ဗဲရင်းပင်လယ်(Bering Sea)သည် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ဆုံး အစိတ်အပိုင်းဖြစ်သည်။ မြောက်အမေရိကတိုက်ရှိ အလာစကာပြည်နယ်နှင့် အာရှတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်းအကြားတွင် ရှိ၍၊ အလျူးရှင်ကျွန်း၏ မြောက်ဘက်ကျသည်။

ဗဲရင်းရေလက်ကြားသည် ဗဲရင်းပင်လယ်ကို အာတိတ်သမုဒ္ဒရာမှ ပိုင်းခြားထား၍ အလျူးရှင်းကျွန်းသည် ဗဲရင်းပင်လယ်ကို ပစိဖိတ်သမုဒ္ဒရာမှ ပိုင်းခြားထားလေသည်။ ဗဲရင်းပင်လယ်သည် မြောက်မှတောင်သို့ အလျားမိုင် ၁,၀၀၀ ခန့် ရှည်လျား၍၊ အရှေ့မှအနောက်သို့ မိုင် ၁,၅၀၀ ခန့် ကျယ်ဝန်းသည်။ ဗဲရင်းရေလက်ကြားတွင်မူ အလာစကာပြည်နယ်နှင့် အာရှတိုက်တို့သည် ၅၄မိုင်ခန့်မျှသာ ကွာဝေးလေသည်။ ပင်လယ္၏ အနက်သည် ပျမ်းမျှခြင်းအားဖြင့် ၄,၇၀၀ ပေရှိရာ အနက်ဆုံးနေရာတွင် ပေပေါင်း ၁၃,၄၀၀ ကျော်ခန့် ရှိလေသည်။

ဗဲရင်းပင်လယ်အား ဖော်ပြသော ဂြိုဟ်တုဓာတ်ပုံ-ညာသက်ထိပ်ဆုံးသည် အယ်လက်စကာဖြစ်၍၊ ဘယ်ဘက်ထိပ်သည် ရုရှားနိုင်ငံဖြစ်သည်။

ကျွန်းများနှင့် ရာသီဥတု[ပြင်ဆင်ရန်]

ဗဲရင်းပင်လယ်ထဲတွင် ကျွန်းကလေးများ၊ ရေလက်ကြားများ များစွာ ရှိသည်။ ပရစ်ဗီလော့ကျွန်းသည် အရေးအပါဆုံးသော ကျွန်းဖြစ်သည်။ ထိုပင်လယ်သည် ကမ္ဘာ့အအေးပိုင်းဒေသ၌ တည်ရှိသဖြင့် ပင်လယ်၏မြောက်ဘက်ပိုင်းသည် ဆောင်းရာသီတွင် လပေါင်းများစွာ ရေခဲနေတတ်သည်။ နွေရာသီတွင်မူ ပင်လယ်တစ်ခုလုံးသည် ရေခဲခြင်းမှ ကင်းလွတ်သဖြင့် ကူးသန်းသွားလာနိုင်ပေသည်။ အာရှတိုက်ဖက်မှ၎င်း၊ မြောက်အမေရိကတိုက်ဖက်မှ၎င်း မြစ်များစွာ ဗဲရင်းပင်လယ်ထဲသို့ စီးဝင်ရာ၊ ယင်းတို့တွင် အာလာစကာပြည်နယ်မှ ယူးကွန်မြစ်နှင့် ဆိုက်ဗီးရီးယားပြည်မှ အနာဒါမြစ်တို့လည်း ပါဝင်သည်။

လေကြောင်းမှ မြင်ရသော ဗဲရင်းပင်လယ် ကမ်းရိုးတန်းတစ်နေရာရှိ တူကာကိုကီအမည်ရှိ ပင်လယ်ပျော်ငှက်များ ရှိရာနေရာတစ်ခု၊ တောင်ဘက်ဟော့ပါပင်လယ်အော်။

ကျွန်းများ[ပြင်ဆင်ရန်]

ဗဲရင်းပင်လယ်တွင် အောက်ပါကျွန်းများ ပါဝင်လေသည်။ ပရစ်ဗီလော့ကျွန်း ကိုမန်ဒေါ်စကီ ကျွန်း(ဗဲရင်းကျွန်းအပါအဝင်) စိန့် လောရင့်စ်ကျွန်း၏ ဒိုင်ရိုမီဒီကျွန်း ဘုရင်ကျွန်း စိန့်မတ်ထော်ကျွန်း ကာရာဂျင်စကိုင်းကျွန်း နျူနီဗက်ကျွန်းတို့ဖြစ်ကြသည်။

သမိုင်း[ပြင်ဆင်ရန်]

ရှေးအခါက ဗဲရင်းပင်လယ်ကို ကမ်ချက်ကာပင်လယ် ဟုလည်း ခေါ်တွင်သည်။ နောင်အခါ ရုရှဇာဘုရင် ပီတာ-သဂရိတ်က ဗဲရင်းပင်လယ်၏ အကျိုးအကြောင်းကို စုံလင်စွာ သိရှိလို၍ စေခိုင်းသဖြင့် ထိုပင်လယ်ကို သေချာစွာ စူးစမ်းလေ့လာ တိုင်းထွာ မှတ်တမ်းတင်ခဲ့သူ ဒိန်းမှတ်လူမျိုး ဗီတူးဗဲရင်းကို ဂုဏ်ပြုသောအားဖြင့် ဗဲရင်းပင်လယ်ဟု ခေါ်ဝေါ်ခဲ့သည်။ စင်စစ်သော်ကား ရုရှားကော့ဆပ်လူမျိုး ဒက်ရှနက်ဆိုသူသည် ၁၆၄၈ ခုနှစ်တွင် ထိုပင်လယ်ကို စတင်တွေ့ရှိခဲ့လေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဗဲရင်းပင်လယ်သည် ပင်လယ်ဖျံသားမွေး အမြောက်အမြားထွက်ရာ ဒေသဖြစ်သည်။ ပရစ်ဗီလော့ ကျွန်းသည် ပင်လယ်ဖျံ သားမွေးလုပ်ငန်း၏ အချက်အချာ ဌာန ဖြစ်သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အစိုးရက ရုရှအစိုးရထံမှ အလာစကာပြည်နယ်ကို ဝယ်ယူပြီးသည့်နောက်တွင် ဂရိတ်ဗြိတိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဗဲရင်းပင်လယ်အတွင်း ပင်လယ်ဖျံ ဖမ်းဆီးရေးနှင့် စပ်လျဉ်း၍ အကြီးအကျဘ် အချင်းများခဲ့ဖူးလေသည်။ ထို့ပြင် ဗဲရင်းပင်လယ်သည် ကမ္ဘာပေါ်ရှိ ပင်လယ်ပျော်ငှက်များအတွက် အလွန်အရေးကြီးသော ဒေသတစ်ခုဖြစ်သည်။ မျိုးစိတ်ပေါင်း ၃၀ ကျော်သော ပင်လယ်ပျော်ငှက်များနှင့် ခန့်မှန်းခြေအားဖြင့် ၂၀ မီလီယံခန့်ရှိသော ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း ဗဲရင်းပင်လယ်ဒေသတွင် တွေ့ရလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊အပိုင်း-က၊ အတွဲ-၈၊နှာ-၄၀။