ဗော်ယာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပင်လယ်ဖျံအား သယ်ဆောင်ထားသော ဆန်ဒီဂိုဆိပ်ကမ်းမှ လမ်းပြ ဗော်ယာ

ပင်လယ် တိမ်များ၊ ရေလက်ကြားများ၊ မြစ်များ၊ အိုင်ကြီးများ စသည်တို့တွင် သွားလာနေကြသော လှေသင်္ဘော များအား ကျောက်ဆောင်များ၊ သောင်များနှင့် သင်္ဘောပျက်များ အစရှိသော ဘေးအန္တရာယ်ရှိသည့် နေရာများမှ ကင်းဝေးစွာ သွားလာနိုင်ကြစေရန် ပြုလုပ်ထားသော ရေကြောင်းအမှတ် အသားများကို ဗော်ယာဟုခေါ်သည်။ ဗော်ယာဟူသည်မှာ အင်္ဂလိပ်စကား "Buoy ဗွိုင်"မှ ဆင်းသက်လာသော စကားပျက်ဖြစ် သည်။ ဗော်ယာများကို သစ်သားဖြင့် ဖြစ်စေ၊ သံဖြင့်ဖြစ်စေ ပြုလုပ်၍ ရေအောက် ကျောက်ကြိုးချ၍ စွဲစေကာ ရေပေါ်၌ ပေါလောပေါ်နေအောင် လုပ်ထားကြသည်။

ရှေးကျသော ကာလက ရေကြောင်း အမှတ်အသားအဖြစ် သစ်သားတုံးကိုချ၍ သုံးခဲ့ကြသည်။ ထိုနောက် ၁၈၈၃ ခုနှစ် မတိုင်မီကာလအထိ မိမိနိုင်ငံနှင့် မိမိသီးခြား အမှတ်အသားများ ချထားကြသဖြင့် တစ်ဒေသမှ မှတ်သားပုံနှင့် အခြားဒေသမှ မှတ်သားပုံမတူမှုကြောင့် ရေကြောင်းသွားလာရေးတွင် အခက် အခဲများ တွေ့ခဲ့ကြရသည်။ ထိုကြောင့် ဗြိတိသျှ အင်ပိုင်ယာ တစ်ခုလုံး၌ ရေကြောင်းအမှတ်အသားများ တပြေးညီညာ ဖြစ်စေရန် ၁၈၈၂ ခုနှစ်တွင် ဗြိတိန်ရေကြောင်း အာဏာပိုင် များ ကွန်ဖရင့် ကျင်းပ၍ ရေကြောင်းအမှတ်အသား တစ်ညီ တစ်ညွတ်တည်း ပြုလုပ်ရန် စံနစ်ချမှတ်ကာ၊ အိန္ဒိယ၊ ဩစတြေးလီးယား စသောဗြိတိသျှ အင်ပိုင်ယာအတွင်းမှ နိုင်ငံများအားလုံး လိုက်နာကြသည်။ ၁၈၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကွန်ဖရင့် ကျင်းပ၍ ရေကြောင်းအမှတ်အသားများ တပြေးညီညာဖြစ်ရန် ည|ိနှိုင်းသတ်မှတ်ကြလေသည်။

၁၉၁၂ ခု မတ်လတွင် စိန်ပီတာစဗတ်မြို့၌ ရေကြောင်း ကွန်ဖရင့် တစ်ခု ကျင်းပ၍ ရေကြောင်း အမှတ်အသားများကို ပြုပြင်ချမှတ်ပြန်သည်။ ၁၉၂၂ ခုနှစ်တွင် အင်္ဂလန်ပြည် ထရင် နီတီ အဆောက်အအုံ၌ ရေကြောင်း ကွန်ဖရင့်ကျင်းပ၍ ဗြိတိန် ကျွန်းလုံး အသုံးပြုမည့်ဗော်ယာ ပုံသဏ္ဌာန်နှင့် အရောင်ကို တပြေးညီညာဖြစ်အောင် ညှိနှိုင်း ချမှတ်ကြပြန်လေသည်။ ဗော်ယာများသည် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစား စား ရှိကြသည်။ ထင်ရှားသော မြစ်ကြီးများ အဝင်တွင် ဗော်ယာအများအပြား ချထားသည်ကို တွေ့ကြရသည်။ ပြောင်းလုံးပုံရှိသော ဗော်ယာကို ကင်းဗွိုင် ဟု ခေါ်၏။

ကတော့ပုံရှိသော ဗော်ယာများ၊ ဘောလုံးပုံရှိသော ဗော်ယာများ လည်း ရှိသေးသည်။ ယင်းတို့အနက် အချို့ကို အမည်းသုတ် ထား၍ အချို့ကို အနီသုတ်ထား၏။ အချို့ကို အမည်းတစ်ခြမ်း အဖြူတစ်ခြမ်း သုတ်ထား၍ အချို့ကို အနီနှင့်အဖြူ သုတ်ထား ၏။ ဤအမှတ်အသားများသည် မည်သည့်နေရာ၌ ကျောက် ဆောင်ရှိ၍ မည်သည့် နေရာတွင် သောင်ရှိပြီးလျှင် မည်သည့် နေရာ၌ ရေကြောင်းရှိသည်တို့ကို ပြထားသော အပြည်ပြည် ဆိုင်ရာ အမှတ်အသားများဖြစ်ကြသည်။ ထိုအမှတ်အသားများ ကြောင့် သင်္ဘောသားတို့သည် ရေကြောင်း၌ ဘေးကင်းစွာ သွားလာနိုင်ကြသည်။

အချို့သော ဗော်ယာများတွင် ခေါင်းလောင်းများ တပ်ဆင် ထားရာ လှိုင်း၏လှုပ်ရှားမှုကြောင့် ခေါင်းလောင်းမြည်သံကို အဝေးကပင် ကြားနိုင်သည်။ ထိုဗော်ယာမျိုးကို အင်္ဂလိပ်ဘာသာ ဖြင့် ဗဲဗွိုင်ဟုခေါ်သည်။ လေချွန် သံကဲ့သို့မြည်သော ဗော်ယာ မျိုးကို ဝှစ်စဲဗွိုင် ဟုခေါ်သည်။ ယင်းဗော်ယာနှစ်မျိုးလုံး ကိုပင် ကျောက်ဆောင်နှင့် သောင်များရှိသော နေရာများ၌ ချထားလေ့ရှိကြသည်။

သင်္ဘောပျက်များရှိသည့် နေရာများတွင် ချထားသော ဗော်ယာများကို အစိမ်းရောင် သုတ်ထား၍ သင်္ဘောပျက် ဟူသော စာလုံးကို အဝေးမှပင် မြင်နိုင်လောက်အောင် ထင်ရှား စွာ ရေးသားထားလေ့ရှိကြသည်၊ ထိုဗော်ယာကို ရက်ဗွိုင် ဟုခေါ်သည်။ တစ်ခါတစ်ရံ ပင်လယ်တွင် ရေငုပ်သင်္ဘောများ အလုပ် လုပ်နေသောအခါ အခြားသင်္ဘောများ မလာရောက် စေရန် သတိပေးသောအနေဖြင့် ဗော်ယာများ ချထားတတ်ကြ သေးသည်။ ထိုဗော်ယာကို နန်းဗွိုင် ဟုခေါ်၏။ ထိုဗော်ယာနှစ်မျိုးလုံးကိုပင် ယာယီမျှ ချထားခြင်းဖြစ်၍ အလုပ် ပြီးစီးသည့်အခါ ရုပ်သိမ်းသွားကြသည်။

အချို့ဗော်ယာများတွင် ဓာတ်ငွေ့ထည့်ထားသောကြောင့် ဆီးနှင်းများ ဖုံးလွှမ်းနေသည့်အခါမျိုးနှင့် ညဉ့် အချိန်များတွင် ထိုဗော်ယာများမှ မီးအလင်းရောင်ကို အဝေးမှ မြင်နိုင်သည်။ ထိုကဲ့သို့သော ဗော်ယာများကို ဂက်စဗွိုင် ဟုခေါ်သည်။ အချို့စည်ကားသော သင်္ဘောဆိပ် မြို့ကြီးများတွင် သင်္ဘောကြီးများ ဘေးကင်းစွာ ကျောက်ချနေနိုင်ရန် သတ်မှတ် ပေးထားသော ဗော်ယာများလည်း ရှိသေး၏။ ယင်းဗော်ယာ များသည် တစ်ခုနှင့်တစ်ခု ကပ်၍မနေကြချေ။

ထိုကဲ့သို့သတ်မှတ်ပေးထားသောကြောင့် ဒီရေအတက်အကျများတွင် သင်္ဘောများ တစ်စင်းနှင့်တစ်စင်း ထိခိုက်ခြင်း မရှိဘဲ ဘေးကင်းစွာ ကျောက်ချနေနိုင်ကြလေသည်။ ထိုဗော်ယာ မျိုးများသည် အများအားဖြင့် သစ်သားဖြင့် ပြုလုပ် ကြသော်လည်း အချို့ကို သံဖြင့်လည်း ပြုလုပ်ကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )