ဗုဒ္ဓရက္ခိတ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗုဒ္ဓရက္ခိတ[ပြင်ဆင်ရန်]

ဗုဒ္ဓရက္ခိတ-ဟူသည်မှာ သာမဏေရီတို့ မွေးမြူထားသည့် ကျေးကလေး ဖြစ်၏။ သာသနာတော် ရှေးဦးတုန်းအခါက ရဟန်းကျောင်းများတွင် သာမဏေများရှိသကဲ့သို့ ရဟန်းမ (ဘိက္ခုနီ) တို့၏ ကျောင်းတွင်လည်း သာမဏေရီ-တို့ ရှိခဲ့ကြ၏။ မြန်မာနိုင်ငံသို့ သာသနာတော် ရောက်လာချိန်တွင် ဘိက္ခုနီတို့ အဆက်အနွယ် ပြတ်တောက်နေပြီဖြစ်၍ သာမဏေရီကို မြန်မာဝေါဟာရအားဖြင့် ဖလှယ်၍ မရနိုင်ပါ။ အဓိပ္ပါယ်အားဖြင့် ယခုရှိသည့် ကိုရင်များနည်းတူ ခေါင်းတုံးတုံး၍ သကင်္န်းရုံ၍ သပိတ်ပိုက်၍ ဆွမ်းခံစားကာ သက်ဆိုင်ရာ သိက္ခာပုဒ်များကို ကျင့်သုံးနေရသည့် အမျိုးသမီးငယ်များပင် ဖြစ်ကြပေသည်။ အစတုန်းက ဗုဒ္ဓရက္ခိတသည် ကချေသည်တယောက်ထံမှာ နေခဲ့ရ၏။ ကချေသည်က သူ့ကို အစာရေစာ ကျွေးမွေးကာ လူတို့ဘာသာစကားကို ပြောတတ်အောင် သင်ကြားပေးခဲ့၏။ တီတီတာတာ ချေငံစွာ ပြောတတ်၊ ဆိုတတ်အောင် လေ့ကျင့်ပေးခဲ့၏။ ဤသို့ဖြင့် ကျေးလိမ္မာလေးတကောင်ကို အဖော်ပြုကာ ရပ်တကာ၊ ရွာတကာ လှည့်လည်ကြပရင်း ဘိက္ခုနီတို့၏ ကျောင်းသို့ ရောက်လာ၏။ ဘိက္ခုနီတို့ ဧည့်ခံကျွေးမွေးသည့် သစ်သီးကြီးငယ် တို့ကို စားသောက်ပြီးမှ အရေးကြီးသော ကိစ္စတခုကို သတိရသဖြင့် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။ အိမ်ရောက်ချင်စိတ်က စောနေသဖြင့် ကျေးကလေးကို မေ့ထားပစ်ခဲ့၏။ဤတွင် သာမဏေရီတို့က ကျေးငယ်ကလေးကို ကြင်နာယုယစွာ မွေးမြူထားပြီးလျှင် ဗုဒ္ဓရက္ခိတ-ဟု အမည်မှည့်ခေါ်ထားကြ၏။ မကြာမီမှာပင် ကျေးငယ်ကလေးကလည်း မိမိအမည်ကို သိသိမှတ်မှတ် ဖြစ်လာလေသည်။ တနေ့သောအခါ အကြီးအမှူးဖြစ်သော ထေရီမကြီးက-
အမောင်ဗုဒ္ဓရက္ခိတ၊ မင်း ဘယ်ကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ပါသလဲ-ဟု မေးမြန်းလေရာ
အရှင်မြတ်ကြီးဘုရား၊ တပည့်တော် ဘာကမ္မဋ္ဌာန်းမှ မစီးဖြန်းနိုင်ပါ။
မတော်ဘူး ဗုဒ္ဓရက္ခိတ၊ ကျောင်းရိပ် ကန်ရိပ်မှာ ခိုလှုံနေပြီးတော့ တရားလက်လွတ်နေတာမျိုးက မကောင်းပါဘူး။ ကမ္မဋ္ဌာန်းတမျိုးမျိုးတော့ လက်ကိုင်ထားသင့်ပါတယ်။ အဲလေ မင်းလို ကျေးငှက်သတ္တဝါလေးတကောင်ကို တကယ့်ကမ္မဋ္ဌာန်းတွေ သင်ပေးလို့လဲ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ရတိုင်း-အဋ္ဌိ အဋ္ဌိ-လို့သာ မှတ်နေပါတော့။ ကောင်းပါပြီ အရှင်မကြီးဘုရား။ ဤသို့ရိုသေစွာလျှောက်ထားပြီးလျှင် ဗုဒ္ဓရက္ခိတသည် အဋ္ဌိ-အဋ္ဌိ-ဟူ၍ တဖွဖွရွတ်ဆိုနေခဲ့၏။ အဋ္ဌိ-ဟူသော ပါဠိစကားမှာ အရိုး-ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် မိမိခန္ဓာကိုယ်၌ အထင်အရှားရှိနေသည့် အရိုးဟူသော ကောဋ္ဌာသကို ဝိပဿနာတင်၍ ရှုမြင်တတ်လာပေသည်။တခုသော ဆောင်းရာသီ နံနက်ခင်း၌ ဗုဒ္ဓရက္ခိတသည် တံခါးမုခ်ပေါ်တွင် နေပူစာလှုံနေ၏။ သူ့နှုတ်ကလည်း အဋ္ဌိ-အဋ္ဌိ-ဟူ၍ တဖွဖွ ရွတ်ဆိုနေ၏။ ထိုအခိုက်မှာပင် ကောင်းကင်မှာ ဝဲပျံနေသည့် ငှက်ကြီးတကောင်က ရုတ်တရက် ထိုးဆင်းကာ ခြေသည်းကြီးများဖြင့် ဗုဒ္ဓရက္ခိတကို သုတ်ချီသွားလေတော့သည်။ သိန်းငှက်ကြီးက ထိုးသုတ်ချီလိုက်သည်နှင့် တပြိုင်နက် ဗုဒ္ဓရက္ခိတသည် ကိရိ ကိရိ-ဟု မြည်လိုက်၏။ မြည်သံကြားသဖြင့် သာမဏေရီများ ဝိုင်းအုံလာကြပီး ခဲ၊ တုတ် စသည်ဖြင့် လိုက်လံပစ်ခတ်၍ ခြောက်လှန့်ကြ၏။ သိန်းငှက်ကြီးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဗုဒ္ဓရက္ခိတကို လွှတ်ချထားခဲ့၏။ သေမင်းလက်က လက်မတင်ကလေး လွတ်မြောက်လာရသည့် ဗုဒ္ဓရက္ခိတ၏ ဒဏ်ရာဒဏ်ချက်များကို သာမဏရီ တို့က နနွင်းလိမ်း၍ ဆုပ်နယ်ပြုစုပေးပြီးလျှင် ထေရီမကြီးစထံ ပို့ဆောင်ပေးကြ၏။ဗုဒ္ဓရက္ခိတ၊ မင်းကို ငါတို့က တရားလက်လွတ်မနေအောင် သင်ကြားပေးထားခဲ့တယ်။ ဒီလို သင်ပေးထားခဲ့ ပါလျက်နဲ့ သိမ်းငှက်ကြီး ထိုးသုတ်တဲ့အခါ ဘာကြောင့်များ ကိရိ ကိရိ-လို့ မြည်ရပါသလဲ-ဟု ထေရီမကြီးက ကြင်ကြင်နာနာ မေးလိုက်သည်။အရှင်မကြီးဘုရား၊ ကိရိ ကိရိ-ဆိုတာကလဲ ကြောက်လို့၊ လန့်လို့ အော်မိအော်ရာ အော်လိုက်တာ မဟုတ်ပါဘူး။ တကယ်တော့ အရှင်မကြီး သင်ပေးထားတဲ့ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတာပါ။ တကယ်တော့ဖြင့် တပည့်တော်ကို သုတ်ချီသွားတဲ့ သိမ်းငှက်ကြီးကလည်း အရိုးစုပါပဲ။ တပည့်တော်ကိုယ်တိုင်ကလဲ အရိုးစုပါပဲ။ ဒီတော့ အရိုးစုတခုကို အရိုးစုတခုက သုတ်ချီသွားတာ ဖြစ်လေတော့ ဒီအရိုးစုတွေ ဘယ်နေရာမှာများ ဖရိုဖရဲ ဖြန့်ကြဲသွားလေမလဲ-လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီလိုဆိုရင် သာဓု သာဓု ဗုဒ္ဓရက္ခိတ၊ ခုလို စီးဖြန်းနိုင်တာဟာ နောင်အခါမှာ ဘဝကုန်ဆုံးရာ အရောက်သွားနိုင်ဖို့ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။ ကိရိ ကိရိ-ဟူသော ပါဠိစကား၏ အနက်အဓိပ္ပါယ်မှန်ကို ကြားလိုက်ရဩဖင့် ထေရီမကြီးက ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုလိုက်ရလေသည်။( တရားလက်ကိုင် ခိုင်မြဲသူများ) ဒီဃနိကာယ်၊ သုတ်မဟာဝါ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာတွင် ပြဆိုထားသည့် ပုံဝတ္ထုဖြစ်ပါသည်။ ကုရုတိုင်းသူ၊ တိုင်းသားတို့ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့် မကင်းမကွာရှိနေကြပုံကို ဥပမာပြထားခြင်း ဖြစ်ပါသည်။


မဟာသတိပဋ္ဌာန စသော နက်နဲလှသည့် သုတ္တန်ကြီးများကို ဟောကြားရာတွင် ဘုရားရှင်သည် ကုရုတိုင်းကို ရွေးချယ်တော်မူခဲ့၏။ ကုရုတိုင်းမှာပင် မဟာသတိပဋ္ဌာနသုတ္တန်ကဲ့သို့ပင် နက်နဲလှသည့် သာရောပမ၊ ရုက္ခောပမ၊ ရဋ္ဌပါလ၊ မာဂဏ္ဍိယ၊ အာနေဉ္စသပ္ပါယ စသော သုတ္တန်တရားတော်ကြီးများကိုလည်း ဟောကြားတော်မူခဲ့၏။ ဤသို့ ဟောကြားရခြင်းအကြောင်းကို အဋ္ဌကထာက နှစ်မျိုးနှစ်ဖုံ ဖွင့်ပြထား၏။

ပထမအကြောင်းမှာ ကုရုတိုင်းသူ တိုင်းသားတို့ ကျန်းမာရေးကောင်းခြင်းဖြစ်၏။ ကုရုတိုင်း တခွင်လုံးမှာပင် မိုးလေဝသမှန်ကန်၍ ရာသီဥတုမျှတ၏။ ထို့ကြောင့် စိုက်ပျိုးလေသမျှ ကောက်ပဲသီးနှံများ အစေ့အဆန်ပြည့်ကာ အနှစ်ဩဇာနှင့် ပြည့်စုံ၏။ ထိုကဲ့သို့သော အစားအစာများကို စားကာ မျှတကောင်းမွန်သည့် ရာသီဥတုကိုခံယူကြ ရသဖြင့် ကုရုတိုင်းသူ တိုင်းသားတို့မှာ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာကြ၏။ စိတ်နေစိတ်ထားလည်း ကောင်းမွန်ကြ၏။ ထို့ကြောင့် ဘာဝနာလုပ်ငန်းကို အဓိကထားသည့် သုတ္တန်ကြီးများကို အခက်အခဲမရှိဘဲ နာယူနိုင်စွမ်း ရှိကြပေ သည်။ လိုက်နာကျင့်သုံးနိုင်စွမ်း ရှိကြပေသည်။ ထို့ကြောင့်လည်း ဘုရားရှင်က နက်နဲလှသည့် ဤမဟာသတိပဋ္ဌာန သုတ္တန်ကြီးကို ကုရုတိုင်းသားတို့အား ဟောကြားတော်မူခဲ့ပေသည်။ ဒုတိယအကြောင်းမှာမူ ကုရုတိုင်းသူ တိုင်းသား အားလုံးလိုလို ကမ္မဋ္ဌာန်းစီးဖြန်းလေ့ရှိကြသောကြောင့် ဖြစ်၏။ ကုရုတိုင်းမှာ နေထိုင်ကြသည့် ရဟန်း၊ ရဟန်းမ၊ ဒါယကာ၊ ဒါယိကာမ ဟူသော ပရိသတ်လေးပါးလုံးပင် ဘာဝနာလုပ်ငန်းနှင့် အကျွမ်းတဝင် ရှိနေကြ၏။ ရေခပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသည့် လုပ်ငန်းခွင်များမှာပင် ရောက်တတ်ရာရာ အကျိုးမရှိသောစကားကို မပြောကြပေ။ ဘာဝနာလုပ်ငန်းနှင့် ပတ်သက်သည့်စကားတို့ကိုသာ ပြောဆိုလေ့ ရှိကြ၏။ အမျိုးသမီးတယောက်ယောက်ကို လူကြီးသူမတဦးဦးက-ဘယ်သတိပဋ္ဌာန်ကို ပွားများနေပါသလဲ-ဟု မေးကြည့်သောအခါ အကယ်၍ ဖြေကြားရန် ကမ္မဋ္ဌာန်းတခုခုမျှ မရှိမနေပါလျှင် ကဲ့ရဲ့ခံရတော့သည် ဖြစ်၏။ ကဲ့ရဲ့စကား ပြောကြားပြီးနောက် -ဒီကရှေ့မှာတော့ ဒီလိုမနေနဲ့တော့-ဟု ဆိုဆုံးမကာ ကမ္မဋ္ဌာန်းတခုခုကို သင်ကြားပေးလိုက်တော့၏။ အကယ်၍ တရားလက်ကိုင် ခိုင်မြဲသူနဲ့ တွေ့ရလျှင်လည်း ချီးမွမ်းစကား၊ အားပေးစကား ပြောကြား၏။ ဤသို့ ပြောကြားကြသဖြင့် ကုန်သည် လယ်သမားများသာမက ကျေးကျွန် အဖြစ် အခြွေအရံအဖြစ် အသက်မွေးနေရသူ များသည်ပင် ကမ္မဋ္ဌာန်းခွင် ဝင်ဖြစ်ကြ၏။ ဤသို့ လူတိုင်းလိုလိုက ဘာဝနာလုပ်ငန်းနှင့် အကျွမ်းတဝင် ရှိနေကြရာမှ အရှိန်ဟပ်ကာ လူတို့ကို မှီခိုနေကြရသည့် တိရစ္ဆာန်လေးများပင် ကမ္မဋ္ဌာန်းတရားနှင့် ယဉ်ပါးလာ ကြ၏။ ဤအချက်ကို မှတ်လောက် သားလောက် ဖြစ်နေကြစေရန် ဗုဒ္ဓရက္ခိတ ကျေးကလေးဥပမာဖြင့် အဋ္ဌကထာဆရာကြီးက ဖွင့်ပြထားပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ( ဝဏ္ဏသီရိ) ( မြတ်မင်္ဂလာ ၂၀၀၂-ဇွန်လ)