ဗဟုန်၊ သခင်
သခင် ဗဟုန်
[ပြင်ဆင်ရန်]မောင်ဗဟုန် ကို တောင်ကြီးမြို့တွင် အဖ ရဲအင်စပက်တော် ဦးမောင်မောင်၊ အမိ ဆရာမ ဒေါ်ဘို့မယ်တို့မှ ၁၉၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ၅ ဦးတွင် အကြီးဆုံး ဖြစ်သည်။ မောင်ဗဟုန် ကျောင်းနေရမည့် အရွယ်တွင် ဖခင် ကွယ်လွန် သွားလေသည်။ ခင်ပွန်းသည် ကွယ်လွန်သွား၍ မိခင် ဒေါ်ဘို့မယ်သည် မိသားစုနှင့် အတူ မိမိ၏ ဇာတိ မန္တလေးမြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]မောင်ဗဟုန် တတိယတန်း တက်မည့်နှစ်တွင် အေဘီအမ် အသင်းတော်၏ အစီအစဉ် အရ မောင်ဗဟုန်၏ မိခင် ဆရာမ ဒေါ်ဘို့မယ်အား ဗန်းမော် အေဘီအမ် အလယ်တန်းကျောင်းသို့ မူလတန်း ဆရာမ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရလေသည်။ မောင်ဗဟုန်သည်လည်း ဗန်းမော် အေဘီအမ် ကျောင်းတွင် တတိယတန်းမှ စတင် ပညာ ဆည်းပူးသည်။ ၁၉၂၉ - ၁၉၃၀ ခုနှစ်တွင် မောင်ဗဟုန်သည် အစိုးရစစ် အင်္ဂလိပ် - မြန်မာ သတ္တမတန်း အောင်မြင်သည်။ မောင်ဗဟုန်သည် ကူရှင်ကျောင်း၌ အဋ္ဌမတန်း တက်ရောက်ပြီး နွေကျောင်းပိတ်ရက်၌ မြေနီကုန်းနေ ကြီးတော် ဒေါ်မမလေးက မိမိ၏ သားများနှင့် အတူ တူဖြစ်သူ မောင်ဗဟုန်အား ရှင်ပြုပေးသည်။ ယင်းနောက် မောင်ဗဟုန်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာသည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]ကိုဗဟုန်သည် ဗန်းမော်မြို့သို့ ပြန်လည် ရောက်ရှိပြီးနောက် မန္တလေးမြို့ မှ ထုတ်ဝေသော မန္တလေး သူရိယ သတင်းစာတွင် ဗန်းမော် သတင်းထောက် အဖြစ် ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် ဗန်းမော် အရေးပိုင်ရုံးတွင် အငယ်တန်း စာရေး အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ကိုဗဟုန်သည် မိမိ၏ တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သည်။ ရုံးအားရက်များတွင် ကိုဗဟုန်သည် မင်းကုန်းရပ်တွင် စာနယ်ဇင်း ဆိုင်ဖွင့်ထားသော သတင်းထောက် 'နယ်ခြားမောင်' အမည်ခံ ဦးသီလထံ သွားရောက် လည်ပတ်လေ့ ရှိသည်။ ဦးသီလသည် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး အတွက် ပြင်းထန်သည့် အမျိုးသားရေး စိတ်ဓာတ် ထကြွ နိုးကြားသူ ဖြစ်သည်။ ကိုဗဟုန်နှင့် နိုင်ငံရေး အယူဝါဒ တူညီသည့် ဦးသီလတို့သည် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး ကိစ္စများနှင့် နိုင်ငံတကာ အရေးအခင်းများဖြင့် နှိုင်းယှဉ်၍ ဆွေးနွေးလေ့ ရှိသည်။ ထိုအချိန်က ကိုဗဟုန်သည် ဗန်းမော် ဒေသက လူငယ်များ အနက် နိုင်ငံရေး နိုးကြား ထကြွသော လူငယ် တစ်ဦး ဖြစ်လေသည်။
နယ်နှင်ဒဏ်
[ပြင်ဆင်ရန်]ကိုဗဟုန်သည် ဗန်းမော် အရေးပိုင်ရုံး၌ စာရေး ဝန်ထမ်း အဖြစ် လေးနှစ် တာဝန် ထမ်းဆောင်ပြီးနောက် အလုပ်က နုတ်ထွက်ရန် အကြောင်းက ဖန်လာသည်။ တဖက်ကလည်း မန္တလေး သူရိယ သတင်းထောက် အဖြစ် ဆောင်ရွက် နေသည်ကို အရေးပိုင်က အစ မြို့လူထု အဆုံး အားလုံး သိကြသည်။ တစ်နေ့တွင် ကိုဗဟုန်က မိမိတို့ရုံးမှ လာဘ်စားလွန်းသည့် ရုံးအုပ် စာရေးကြီး မစ္စတာ ရာဖဲယ်လ် အကြောင်းကို 'မြို့စောင့်နတ်ကြီး' ကလောင် အမည်ဖြင့် 'နင်မတက်၊ နတ်မတင်ဋီကာ' ဟူသော ခေါင်းစဉ်ဖြင့် မန္တလေး သူရိယ သတင်းစာသို့ ပေးပို့လိုက်ရာ တပတ်အတွင်း ယင်းသတင်း ဆောင်းပါး ပါရှိလာသည်။ ယင်းသတင်းကြောင့် ဗန်းမော် တမြို့လုံး ဂယက်ရိုက် သွားလေတော့သည်။ ထိုအခါ ခရိုင် ရာဇဝတ်ဝန် (D.S.P) ဦးွကြယ်က ကိုဗဟုန်အား မန္တလေး သူရိယ သတင်းစာပါ 'နင်မတက်၊ နတ်မတင်ဋီကာ' သတင်း ဆောင်းပါးရှင် ဖြစ်ကြောင်း ဝန်ခံရန် ချော့၍ တမျိုး၊ ခြိမ်းခြောက်၍ တဖုံ စုံစမ်း စစ်ဆေး မေးမြန်းသည်။ ကိုဗဟုန်ကလည်း ယင်းကိစ္စ မိမိဘာမှ မသိရကြောင်း ထွက်ဆိုသည်။ ထို့ကြောင့် ဗန်းမော် အရေးပိုင် မစ္စတာ ကင်စလေ M.REM. Kinsly က မန္တလေး သူရိယ သတင်းစာ ပိုင်ရှင်နှင့် အယ်ဒီတာ သူရိယ ဦးထွန်းရင်အား 'နင်မတက်၊ နတ်မတင်ဋီကာ' ဆောင်းပါးရှင်ကို ဖော်ထုတ်ပေးရန် ရာဇသံ ပေးလိုက်သည်။ မန္တလေး သူရိယသတင်းစာ ပိုင်ရှင်နှင့် အယ်ဒီတာ ဦးထွန်းရင်ကလည်း ယင်းဆောင်းပါးရှင်၏ အမည်ကို ထုတ်ဖော် မပေးနိုင်ကြောင်း၊ မကျေနပ်ပါက တရား စွဲဆိုနိုင်ကြောင်း ပြန်ကြားလိုက်သည်။ ထိုအခါ ဗန်းမော် အရေးပိုင်မှာ မကျေမနပ် ဖြစ်ရပြီး ကိုဗဟုန်နှင့် အခြား သတင်းထောက်နှင့် သတင်းစာ ကိုယ်စားလှယ် ဦးသီလတို့အား နယ်နှင်ဒဏ် ပေးရန် စီစဉ် လေတော့သည်။ ထိုအချိန်က ဗန်းမော်မြို့သည် နယ်ခြားဥပဒေ သက်ရောက်ရာ မြို့ဖြစ်သည်။ ဒေသခံ ပုဂ္ဂိုလ် တစ်ဦးအား မကျေနပ်ပါက အရေးပိုင် အနေဖြင့် နယ်နှင့်ဒဏ် ပေးနိုင်သည့် အာဏာရှိသည်။ ကိုဗဟုန်နှင့် ဦးသီလတို့အား နယ်နှင်သည့် အမိန့်စာကို မထုတ်ပြန်မီ နယ်နှင်ဒဏ် ပေးသည့် အမိန့်စာ မူကြမ်းကို ကြိုတင် ဖတ်ရသည့် လက်နှိပ်စက် စာရေး မစ္စတာ လားဇရိုးက ကိုဗဟုန်အား ကြိုတင် သတင်း ပေးခဲ့သည်။ ယင်းသတင်းကို ကိုဗဟုန်က သတင်းထောက် ဦးသီလအား ရုံးဆင်းပြီးနောက် သွားရောက် အကြောင်းကြားသည်။ သတင်းထောက် ဦးသီလက ကိုဗဟုန်အား ညတွင်းချင်း သမ္ဗာန်လှေငယ် တစင်းဖြင့် သားဖြစ်သူ မောင်လှမောင်အား စာဝတီးရွာသို့ ပို့စေသည်။ စာဝတီးရွာသည် ဗန်းမော် အောက်ဘက် ၁၀ မိုင်ကွာတွင် တည်ရှိပြီး ဧရာဝတီ သင်္ဘော ဆိုက်ကပ်သည့် ရွာဖြစ်သည်။ ယင်းမှ ကိုဗဟုန်သည် ကသာသို့ရုပ်ဖျောက်၍ သင်္ဘောဖြင့် လည်းကောင်း၊ ကသာမှ မန္တလေး သို့ ရထားဖြင့် လည်းကောင်း ထွက်ခွာ လာခဲ့သည်။ ယင်းနောက် မန္တလေး မှ ရန်ကုန်သို့ ရထားဖြင့် ထွက်ပြေး လွတ်မြောက် လာခဲ့လေသည်။ ကိုဗဟုန် ဗန်းမော်မှ ထွက်ခွာ လာခဲ့သော နေ့မှာ ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ဖြစ်သည်။
ရန်ကုန်သို့
[ပြင်ဆင်ရန်]ရန်ကုန် ရောက်လာသည့် ကိုဗဟုန်သည် မြေနီကုန်းရှိ ကြီးတော် ဒေါ်မမလေးတို့ နေအိမ်တွင် နေထိုင်သည်။ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အဖြစ် ရန်ကုန်မြို့ အတွင်းဝန်ရုံး တိရစ္ဆာန် ဆေးကုဌာနတွင် အငယ်တန်း စာရေး အဖြစ် တာဝန် ထမ်းဆောင်သည်။ ထိုစဉ် အတွင်း ကုလား ဗမာ အဓိကရုဏ်း ဖြစ်လာ၍ အမျိုးသား နိုင်ငံရေး စိတ်ဓာတ် ပိုမို ပြင်းထန်လာကာ အလုပ်မှ နုတ်ထွက်လိုက်သည်။ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက် ပြီးနောက် ကိုဗဟုန်သည် သခင် အဖြစ် ခံယူကာ 'သခင် ဗဟုန်' ဖြစ်လာ ခဲ့လေသည်။ သခင် ဗဟုန်သည် နယ်ချဲ့ အင်္ဂလိပ် အစိုးရကို ဆန့်ကျင်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ဆက်နွယ်သည့် ရေနံမြေ သပိတ်တပ်ကြီး ချောက်မြို့မှ ရန်ကုန်မြို့သို့ ချီတက်လာသည့် အခါ အသေခံ ဗိုလ်စာရင်းသို့ တင်သွင်းသည်။ တဖက်ကလည်း ရန်ကုန် စီရင်စု တို့ဗမာ အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် တို့ဗမာ အစည်းအရုံး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ပါဝင် လှုပ်ရှားသည်။
၁၉၃၉ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၁၆ ရက်နေ့ အထိ မော်လမြိုင်မြို့တွင် သခင် ကိုယ်တော်မှိုင်း ကြီးမှူးသည့် စတုတ္ထ အကြိမ်မြောက် တို့ဗမာ အစည်းအရုံး ညီလာခံကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်း ညီလာခံသို့ ၃၁ ခရိုင်မှ သခင် ၂၄၂ ဦး တက်ရောက် ခဲ့ကြသည်။ ရန်ကုန် ခရိုင်မှ တို့ဗမာ အစည်းအရုံးဝင် ၁၅ ဦး၊ သခင်မ တဦး၊ စုစုပေါင်း ၁၆ ဦး တက်ရောက်ခဲ့ရာ သခင် ဗဟုန်လည်း ပါဝင် ခဲ့လေသည်။ သခင် ဗဟုန်သည် တို့ဗမာ အစည်းအရုံး ဗဟို အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက်ရင်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး အတွက် စည်းရုံး လုပ်ကိုင်ခဲ့သည်။ သခင် ဗဟုန်၏ စည်းရုံးမှုကြောင့် မြေနီကုန်းသား တို့ဗမာ အစည်းအရုံးဝင် သခင် အေးမောင် သည် ဂျပန်နိုင်ငံတွင် စစ်ပညာသင်ရန် စေလွှတ်သည့် ပထမ အသုတ် ၄ ဦးတွင် ပါဝင်ခဲ့သည်။ သခင် အေးမောင် သည် စစ်ပညာ သင်တန်းကို ဟိုင်နန်ကျွန်းတွင် ၁၉၄၁ ခု၊ ဧပြီလမှ ၁၉၄၁ ခု အောက်တိုဘာလ အထိ တက်ရောက်ခဲ့ပြီး ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မိုး ဖြစ်လာခဲ့လေသည်။
အဖမ်းခံရ
[ပြင်ဆင်ရန်]၁၉၄၁ ခုနှစ်တွင် သခင် ဗဟုန်သည် သခင်မြ၏ တာဝန်ပေးချက် အရ မန္တလေးမြို့နေ တိုင်းချစ် သခင် သိန်းဖေနှင့် သွားရောက် ဆက်သွယ်စဉ် အဖမ်းခံရပြီး မန္တလေး ထောင်မှ ဗန်းမော်ထောင်သို့ ပို့လိုက်သည်။
ယင်းနောက် ၁၉၄၁ ခု၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖက်ဆစ် ဂျပန်တို့ ရန်ကုန်မြို့ကို ဗုံးကြဲ တိုက်ခိုက်သည်။ နယ်ချဲ့ အင်္ဂလိပ် အစိုးရသည် ဖက်ဆစ်ရန်ကြောင့် အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာ ထွက်ပြေးရသည်။ တို့ဗမာ အစည်းအရုံးဝင် သခင်များကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားကြပြီး ကသာထောင်နှင့် ဗန်းမော်ထောင်တို့တွင် ထိန်းသိမ်း ထားလိုက်သည်။ ၁၉၄၂ ခုနှစ်၊ မေလ ၁ရက်နေ့တွင် မြန်မာ တပြည်လုံး ဖက်ဆစ် ဂျပန်တို့ လက်အောက် ကျရောက်သွားသည်။ ၁၉၄၂ ခု၊ မေလ ၁ ရက်နေ့တွင် ဖက်ဆစ် ဂျပန် စစ်ဗိုလ် နာကာမူရာ စကားပြန် ကုဒိုတို့ ဗန်းမော်သို့ရောက်ရှိ လာကြသည်။ ဗန်းမော် အကျဉ်းထောင်တွင် နယ်ချဲ့ အင်္ဂလိပ် အစိုးရ ထိန်းသိမ်းထားသော သခင် ဗဟုန် အပါအဝင် တို့ဗမာ သခင်များသည် အကျဉ်းသော့ကို ရိုက်ချိုး၍ ထွက်လာကြပြီး ရွှေကျီးနား စေတီတော် အာရုံခံ တန်ဆောင်းတွင် စတည်းချ နကြေသည်။ ယင်းနောက် သခင် ဗဟုန်တို့ အဖွဲ့သည် ဖက်ဆစ် ဂျပန် စစ်ဗိုလ် နာကာမူရာနှင့် သွားရောက် တွေ့ဆုံကြသည်။ ဖက်ဆစ် ဂျပန်စစ်ဗိုလ်က ဗန်းမော်တွင် ယာယီ တို့ဗမာ အစည်းအရုံးကို ဖွဲ့စည်းစေသည်။
ယင်းအဖွဲ့တွင် (၁) ဥက္ကဋ္ဌ သခင် ဗဟုန်၊ (၂) ဒု- ဥက္ကဋ္ဌ သခင် အုန်းဖကြေီး၊ (၃) အတွင်းရေးမှူး သခင် အေးမောင်၊ (၄) တွဲဖက်အတွင်းရေးမှူး သခင် သန်းမြိုင်၊ (၅) သခင် လှကြိုင်တို့ ပါဝင်သည်။ ယင်းနောက် အဆိုပါ ဗန်းမော်မြို့နယ်၊ တို့ဗမာ အစည်းအရုံးဝင်များနှင့် မြို့မိ မြို့ဖ ငါးဦး ပါဝင်သော ဗန်းမော် ခရိုင် အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ယင်းအဖွဲ့တွင် ပါဝင် သူတို့မှာ (၁) သခင်ဗဟုန် - ဥက္ကဋ္ဌ၊ (၂) ဆရာထီ - ဒုဥက္ကဋ္ဌ၊ (၃) သခင် အုန်းဖကြေီး၊ (၄) သခင် သန်းမြိုင်၊ (၅) သခင် လှကြိုင်၊ (၆) သခင် ထွန်းခင် (သခင် အေးမောင် ကိုယ်စား အဖွဲ့ဝင် ဖြစ်လာသူ)၊ (၇) ဦးဟန်၊ (၈) ဦးသာဝ၊ (၉) ဦးသိုက်၊ (၁၀) ဦးထွန်းတင်တို့ ဖြစ်သည်။ ရုံးအုပ်မှာ အာဠာဝက သခင် ဖိုးလှကြီး ဖြစ်သည်။ အာဠာဝက သခင် ဖိုးလှကြီး နေရပ် ပြန်သွားသည့် အခါ သခင် ကျော်ဇောက ရုံးအုပ် ဖြစ်လာသည်။
အိမ်ထောင်ရေး
[ပြင်ဆင်ရန်]သခင်ဗဟုန်သည် ဗန်းမော်ခရိုင် အုပ်ချုပ်ရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ၁၉၄၂ ခု၊ မေလ ၂ ရက်မှ ၁၉၄၂ ခု၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ တာဝန် ထမ်းဆောင်သည်။ ယင်းနောက် ဒေါက်တာ ဘမော် အစိုးရ အဖွဲ့မှ စေလွှတ်သည့် ခရိုင်ဝန် ဦးလှတင်အား ခရိုင် အုပ်ချုပ်ရေး တာဝန်များကို လွှဲပြောင်းပြီး ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ ထိုစဉ် ၁၉၄၃ ခုနှစ်တွင် သခင် ဗဟုန်သည် ရန်ကုန်မြို့ ဝပ်ဆင်ကုန်တိုက် ဒုတိယ မန်နေဂျာ မစ္စတာ ကဲနက်၊ ဒေါ်အိုဇာတို့၏ သမီး မမြင့်ကြည်နှင့် လူငယ်သဘာဝ မေတ္တာ သက်ဝင် ချစ်ခင်ပြီး နှစ်ဖက်မိဘ သဘောတူညီချက်ဖြင့် လက်ထပ် လိုက်ကြသည်။ ယင်းလက်ထပ်ပွဲတွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကိုယ်တိုင် လက်ထပ်ပေးခြင်း ဖြစ်သည်။ သခင် ဗဟုန်နှင့် မမြင့်ကြည်တို့တွင် တဦးတည်းသော သမီး မနုနုယဉ် (B.A., B.Ed.) ထွန်းကား ခဲ့လေသည်။ ယင်းနောက် စစ်အတွင်း ရန်ကုန်မြို့၊ မြေနီကုန်းတွင် အာရှ လူငယ် အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရင်း လူငယ်တို့အား ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သည်။ ထိုမှတဖန် သခင် မြ၏ တာဝန်ပေးချက် အရ ရဲအင်စပက်တော် အဖြစ် မန္တလေး မြို့တွင် တာဝန် ထမ်းဆောင်ရသည်။ ယင်းသို့ တာဝန် ထမ်းဆောင်နေစဉ်၊ ၁၉၄၅ ခု၊ ဖက်ဆစ် တော်လှန်ရေးနီးကပ်လာသည့် အခါ သခင် ဗဟုန်သည် ဖက်ဆစ် တော်လှန်ရေး လှုပ်ရှားမှုများတွင် လျှို့ဝှက်စွာ ပါဝင်သည်။ ယင်းသို့ ဆောင်ရွက်မှုကြောင့် ဖက်ဆစ် ဂျပန်တို့က သခင် ဗဟုန်အား ဖမ်းဆီးပြီး ကလောထောင်သို့ ပို့လိုက်သည်။ သခင် ဗဟုန်အား ထောင်တွင်း၌ တလတိတိ နှိပ်စက် ညှဉ်းပန်းမှု အမျူးိမျိုး ခံရသည်။ တော်လှန်ရေး ကာလတွင် ဖက်ဆစ်တို့ အရေးနိမ့်၍ ဆုတ်ခွာရစဉ် သခင် ဗဟုန်နှင့် ဗန်းမော်သား သခင် ဖမြေင့်တို့သည် ကလောထောင်မှ ထွက်ပြေး လွတ်မြောက် လာကြသည်။ မန္တလေး မြို့သို့ ရောက်ရှိသည့် အခါ သခင် ဗဟုန်အား အာဏာပိုင်တို့က ဖမ်းဆီးပြီး ထောင်ချလိုက်သည်။ ယင်းနောက် သခင် ဗဟုန်အား မန္တလေး ထောင်မှ ဗန်းမော်ထောင်သို့ ပို့လိုက်သည်။ ဗန်းမော်ထောင်တွင် ၆ လကြာမျှ၊ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လေသည်။
သခင် ဗဟုန်သည် ရန်ကုန်မြို့ ရောက်ပြီးနောက် မြေနီကုန်းရပ် ဖဆပလ အဖွဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ ထို့နောက် မြေနီကုန်း ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌနှင့် ဗားကရာ တိုက်နယ် ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။
သခင် ဗဟုန်သည် ဆိုရှယ်လစ် ပါတီ နှစ်ခြမ်း ကွဲပြီးနောက် ဗားကရာ တိုက်နယ် ပမညတ အဖွဲ့ဝင် ဖြစ်လာသည်။ ယင်းမှ ရန်ကုန် ခရိုင်၊ ပမညတ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ သခင် ဗဟုန်သည် မြေနီကုန်း ဓမ္မာရုံလမ်းတွင် အိမ်ခန်းရှည်ကြီးဖြင့် နေထိုင်ခဲ့သည်။
စီးပွားရေး
[ပြင်ဆင်ရန်]သခင် ဗဟုန်သည် တဘက်ကလည်း စီးပွားရေး လုပ်ငန်း အဖြစ် စာအုပ် ထုတ်ဝေရေး လုပ်ငန်းများ လုပ်ကိုင်သည်။ စာပေ ဝါသနာ အခံရှိသော သခင် ဗဟုန်သည် ပြည်ထောင်စု သတင်းစာတွင် 'လေနီ'ကလောင် အမည်ဖြင့် သတင်း ဆောင်းပါးများ ရေးသည်။ ဖဆပလ နှစ်ခြမ်းကွဲပြီး နောက် ဦးနုက 'ပြည်ထောင်စု ပါတီ' ဖွဲ့စည်း တည်ထောင်သည့် အခါ သခင် ဗဟုန်သည် မြေနီကုန်း ပြည်ထောင်စု ပါတီ (ပထစ) တွင် အမှုဆောင် ဖြစ်လာသည်။
တော်လှန်ရေး အစိုးရ တက်လာသည့် အခါ သခင် ဗဟုန်သည် နိုင်ငံရေး မလုပ်တော့ဘဲ သာသနာရေးနှင့် လူမှုရေး အဖွဲ့အစည်းများတွင် ပါဝင် လှုပ်ရှား ခဲ့လေသည်။ ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်းနှင့် မြန်မာပြည် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းတို့တွင် နာယက အဖြစ် ဆောင်ရွက်သည်။ တရား အားထုတ်ရာ ရက်ပေါင်း ၇၀ ကြာသည့်အခါ တရားထူး တရားမြတ်၏ အနှစ်သာရကို ရရှိပြီး မဟာစည် ဆရာတော် ဘုရားကြီးထံတွင် ဉာဏ်စဉ် နာခဲ့ရလေသည်။
ဆရာကြီး သခင် ဗဟုန်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များတွင် ပါဝင် လှုပ်ရှား နေချိန်တွင် ဆရာကြီး သခင် ဗဟုန်၏ ပါရမီဖြည့်ဖက် ဒေါ်မြင့်ကြည်က မြေနီကုန်း ဈေးတွင် ကုန်စုံဆိုင် ဖွင့်၍ အိမ်စီးပွားရေးကို ဦးဆောင် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်နေရာမှ ဒေါ်မြင့်ကြည်သည် ၁၉၆၄ ခုနှစ်တွင် နှလုံး ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ရှိ ခဲ့လေသည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ နှစ် ရှိပြီ ဖြစ်သည်။ ဇနီးသည် ဒေါ်မြင့်ကြည် ကွယ်လွန်ပြီးနောက် အိမ်၏ စီးပွားရေးကို ဇနီးသည် အဒေါ် ဒေါ်မေထွေးက ကုန်စုံဆိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ခဲ့သည်။ ဆရာကြီး သခင် ဗဟုန်၏ တဦးတည်းသော သမီး မနုနုယဉ်သည် ၁၉၆၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ပညာရေးဘွဲ့များ ရရှိပြီး အထက်တန်းပြ ဆရာမ အဖြစ် အမှုထမ်းရင်း ဖခင်ကြီးကို ပြုစု စောင့်ရှောက်ခဲ့သည်။
လူမှုရေး
[ပြင်ဆင်ရန်]ထို့ပြင် ဆရာကြီး သခင် ဗဟုန်သည် လူမှုရေး လုပ်ငန်းများတွင်လည်း စိတ်ဝင်စားသူ ဖြစ်ရာ ရန်ကုန်မြို့တွင် တောင်ကြီး အသင်း၊ မန္တလေး အသင်း (၁၉၇၂)၊ ဗန်းမော် အသင်း (၁၉၇၂) စသည့် လူမှုရေး အသင်းများ တည်ထောင်ရာတွင်လည်း ဦးဆောင်ခဲ့သူ ဖြစ်သည်။ သခင် ဗဟုန်၏ မွေးရာ ဇာတိမှာ တောင်ကြီးမြို့ ဖြစ်၍ တောင်ကြီး အသင်းတွင် နာယက အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မန္တလေး အသင်း၌ နာယက အဖြစ် ဆောင်ရွက်ရခြင်းမှာ မန္တလေး မြို့သည် သခင် ဗဟုန်၏ မိဘမျိုးရိုး ဇာတိဖြစ်ခြင်း၊ မူလတန်း ကျောင်းသား ဘဝ ပညာ ဆည်းပူးရာ မြို့ဖြစ်ခြင်း၊ စစ်အတွင်း ရဲအရာရှိ အဖြစ် လုပ်ကိုင် ခဲ့ရသည့် မြို့ဖြစ်ခြင်း တို့ကြောင့် ဖြစ်သည်။ ဗန်းမော် အသင်း၌ သခင် ဗဟုန် ပါဝင် လှုပ်ရှားရခြင်းမှာ ဗန်းမော်မြို့သည် မူလတန်း၊ အလယ်တန်း ကျောင်းသား ဘဝက ပညာ ဆည်းပူးရာ မြို့ဖြစ်ဖြင်း၊ အစိုးရ ဝန်ထမ်းဘဝ စတင်ရာ မြို့ဖြစ်ခြင်း၊ ငယ်ပေါင်း ကြီးဖော်တို့နှင့် ကြီးပြင်းရသည့် ပဝတ္တိမြို့ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ အကြောင်း အမျိုးမျိုးကြောင့် ဗန်မော် အသင်း လှုပ်ရှားမှု မရှိလျှင် အသင်း ရှင်သန်ရေး အတွက် အမှုဆောင် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ နာယက အဖြစ် လည်းကောင်း၊ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဆရာကြီး သခင် ဗဟုန်သည် မြန်မာနိုင်ငံရေး သမိုင်း ဖြစ်စဉ်တွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတို့တွင် ပါဝင် လှုပ်ရှားခဲ့ခြင်း၊ လွတ်လပ်ရေး ခေတ်တွင်လည်း နိုင်ငံရေး အဖွဲ့အစည်းများတွင် ပါဝင် လှုပ်ရှားခဲ့ခြင်းတို့ကြောင့် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) ကို ချီးမြှင့် ခဲ့လေသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]အသက် ၈၇ နှစ် အရွယ် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ရှိ ခဲ့လေသည်။ ကွယ်လွန်ချိန်တွင် သမီး ဒေါ်နုနုယဉ်၊ သမက် ဦးထွန်းအောင်နှင့် မြေးမလေး နှစ်ဦး ကျန်ရစ် ခဲ့လေသည်။ ဆရာကြီး သခင် ဗဟုန်သည် ခန္ဓာရုပ်နာမ်တို့ ချုပ်ငြိမ်းခဲ့ပြီ ဖြစ်သော်လည်း၎၏ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး အတွက် လှုပ်ရှားခဲ့မှုများ၊ လွတ်လပ်ရေးခေတ် လူမှုဘာသာ သာသနာ အကျိုးအတွက် ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမော်ကွန်း ကျန်ရစ်နေမည် ဖြစ်ပါသတည်း။
မှတ်စု
[ပြင်ဆင်ရန်]- ဆရာမ ဒေါ်ဘို့မယ်သည် မိမိ ပညာ ဆည်းပူးခဲ့သည့် မန္တလေးမြို့၊ အမေရိကန် နှစ်ချင်းအသင်း သာသနာပြု မိန်းကလေးကျောင်း (အေဘီအမ်) တွင် မူလတန်း ဆရာမ အဖြစ် ဝင်ရောက် အမှုထမ်းသည်။ သားကြီး မောင်ဗဟုန်ကိုလည်း ယင်းကျောင်း၌ ပညာ စတင် ဆည်းပူးစေသည်။
- ထိုစဉ်က ဗန်းမော်မြို့ ညောင်ပင်ရပ် မြောက်ပိုင်း အေဘီအမ် ကျောင်းဝင်းတွင် နှစ်ချင်း ခရစ်ယာန် တရားဟော ဆရာများ၊ ဆရာမများ သီးသန့် အိမ်ကလေးများဖြင့် နေထိုင်ကြသည်။ မကြာမီ ပဲခူးမြို့မှ တရားဟော ဆရာ ဦးနေ၊ ဒေါ်စောမြိုင်တို့ မိသားစုလည်း ရောက်ရှိ လာကြသည်။ ဦးနေ၊ ဒေါ်စောမြိုင်တို့တွင် သားသမီး သုံးဦးရှိရာ အကြီးဆုံးသား မောင်တင်ဦး (နောင်တွင် နိုင်ငံကျော် စာရေးဆရာ ဗန်းမော် တင်အောင်) က မောင်ဗဟုန်၏ညီ မောင်ရဲမြင့်နှင့် အရွယ်တူ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်လေသည်။ မောင်တင်ဦး (ဗန်းမော် တင်အောင်) က မောင်ဗဟုန်အား၎င်း၏ ညီငယ် မောင်ရဲမြင့် ခေါ်သလို အစ်ကိုကြီးဟု ရင်းနှီးစွာ ခေါ်ပြီး အစ်ကိုရင်းကဲ့သို့ လေးစား ချစ်ခင်မှု ရှိသည်ဟု ဆိုသည်။
- အလယ်တန်း အောင်မြင်ပြီးနောက် ဗန်းမော်မြို့တွင် အထက်တန်းကျောင်း မဖွင့်သေး၍ မောင်ဗဟုန်သည် ကူရှင်ကျောင်း၌ ကျောင်းအိပ် ကျောင်းစား အဖြစ် ပညာ ဆည်းပူးခြင်း ဖြစ်သည်။ ကျောင်းပိတ်ရက်များတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် နေထိုင်သော မိခင်၏ အစ်မရင်း၊ ကြီးတော် ဒေါ်မမလေး (ခ) ဒေါ်လေးလေးတို့အိမ် သွားရောက် လည်ပတ်လေ့ ရှိသည်။ မောင်ဗဟုန်သည် ကူရှင်ကျောင်းမှ အင်္ဂလိပ် - မြန်မာ နဝမတန်း အောင်မြင်ပြီးနောက် မိခင်ရှိရာ ဗန်းမော်မြို့သို့ ပြန်လာသည်။ စာပေ ဝါသနာ ပါသော မောင်ဗဟုန်သည် ကျောင်းသား ဘဝကပင် စာနယ်ဇင်းများ အထူးသဖြင့် နိုင်ငံရေး စာပေများကို ဦးစားပေး ဖတ်လေ့ ရှိသည်။ ထိုအချိန်ကပင် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားကာ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်များ ထက်သန်လျက် ရှိသည်။
- မောင်ဗဟုန်တို့ မျိုးရိုးမှာလည်း သာမန် မျိုးရိုး မဟုတ်ပေ။ မန္တလေး ရတနာပုံ နပြေည်တော်တွင် မိခင်ဘက်မှ အဘိုးအဘွားတို့သည် နန်းတွင်း မင်းမှုထမ်းများ ဖြစ်ကြသည်။ မိခင် ဆရာမ ဒေါ်ဘို့မယ်၏ မိဘနှစ်ပါး ဖြစ်သည့် ဖခင် မောင်မောင်ဖိုးသည် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက် စာတော်ဘက် စာဆိုတော် တဦး ဖြစ်ပြီး၊ မိခင်ဒေါ်မယ်ထိန်ကမူ သီပေါမင်း၏ အဂ္ဂမဟေသီ အရှင်နန်းမတော် စုဖုရားလတ်၏ အပျိုတော် ကွမ်းရေတော်ဆက် ခင်ထိန် ဖြစ်လေသည်။ မောင်မောင်ဖိုးနှင့် မယ်ထိန်တို့သည် အရှင်နှစ်ပါး ပါတော်မူပြီးနောက် နန်းမြို့တွင်းမှ မြို့ပြင်သို့ ပြောင်းရွှေ့ နေထိုင်ကြကာ ဈေးချိုတော်တွင် ကုန်စုံဆိုင် ဖွင့်ကာ အသက်မွေး ဝမ်းကျောင်း ပြုကြသည်။ မိမိတို့ သားသမီး ၅ ယောက်ကိုလည်း ခေတ်ပညာများ တတ်မြောက်စေရန် အမေရိကန် နှစ်ချင်း အသင်းတော်က ဖွင့်လှစ်သော သာသနာပြု ကျောင်းများတွင် ပညာ ဆည်းပူး စေခဲ့သည်။ မောင်မောင်ဖိုးနှင့် မယ်ထိန်တို့သည် သမီးကြီး မမလေးနှင့် သမီးထွေး မဘို့မယ် တို့ကို မန္တလေးမြို့ အေဘီအမ် မိန်းကလေး ကျောင်းတွင် ပညာ သင်ယူစေသည်။ မမလေးက မူလတန်း အထိ ပညာသင်ကြားပြီး ကျောင်းထွက်ကာ မိဘများကို ဈေးကူရောင်းသည်။ သမီးထွေး မဘို့မယ်သည် အလယ်တန်း အဆင့် ကျောင်းသူဘဝတွင် ကျောင်းအိပ် ကျောင်းစား ဘော်ဒါနေ၍ ပညာ ဆည်းပူးသည်။ ထို့နောက် မဘို့မယ်သည် နှစ်ချင်း ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်ပြီး နှစ်ခြင်း ခံယူလိုက်လေသည်။ ထို့ကြောင့် မဘို့မယ်၏ ဆွေမျိုးများက မိမိတို့ သားသမီးများကို သာသနာပြု ကျောင်းများတွင် မထားတော့ဘဲ မြန်မာ စာသင် ကျောင်းများသို့ ပြောင်းရွှေ့ ပညာ သင်ယူ စေလေသည်။ မဘို့မယ်သည် အင်္ဂလိပ် - မြန်မာ အလယ်တန်း အောင်မြင်ပြီး နောက် မော်မန် ဆရာဖြစ် သင်တန်း တက်ရောက်သည်။ ဆရာမ ဖြစ်လာသည့် မဘို့မယ်သည် နှစ်ချင်း ခရစ်ယာန် ဘာသာဝင် ရဲအရာရှိ ဦးမောင်မောင်နှင့် လက်ဆက်သည့် အခါ သားကြီး မောင်ဗဟုန်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။
- အငယ်တန်း စာရေး၏ လစာမှာ ထိုအချိန်က ၃၀ ဖြစ်သည်။ ယင်းအငယ်တန်း စာရေး ရာထူး ရရှိရေး အတွက် ရုံးအုပ်ကြီး မစ္စတာ ရာဖဲယ်လ်အား လစာ ခြောက်လစာ ၁၈၀ ကို လာဘ်ထိုးရသည်။ မောင်ဗဟုန်သည် မိမိ၏ လုပ်အားခ ခြောက်လစာကို ရုံးအုပ်ကြီး မစ္စတာ ရာဖဲယ်လ်အား ထုတ်ယူခွင့် ပြုကာ လာဘ်ထိုးရခြင်း ဖြစ်သည်။ ၁၀ တန်း အောင်မြင်သည့် စာရေးဝန်ထမ်း တဦးသည် လစာ ၆၀ ရရှိပြီး အလုပ်ရလိုပါက ရုံးအုပ် မစ္စတာ ရာဖဲယ်လ်အား ခြောက်လစာ ၃၆၀ လာဘ် ထိုးရသည်ဟု ဆိုသည်။ ရုံးအုပ် စာရေးကြီး မစ္စတာ ရာဖဲယ်လ်သည် လာဘ်ယူရာတွင် နာမည်ကြီးလှသည်။
- ဗန်းမော်တွင် နေထိုင်စဉ်က ညီငယ်လို ရင်းနှီး ချစ်ခင်သော ဗန်းမော် တင်အောင်တို့ မိသားစု ရန်ကုန် ရောက်လာသည့် အခါ မိမိ နေအိမ်၏ မြောက်ဘက်ခန်းတွင် လခ မယူဘဲ နေစေခဲ့၏။ ဗန်းမော် တင်အောင် မိသားစုသည် သုံးနှစ်ခန့် နေပြီး ကပ္ပလီ ကွက်သစ်သို့ နေအိမ် ဆောက်လုပ်ကာ ပြောင်းရွှေ့ သွားကြလေသည်။
- ၁၉၉၀ ပြည့်နှစ်တဝိုက် သခင် ဗဟုန်သည် စမ်းချောင်းမြို့နယ် မြေနီကုန်း ဓမ္မာရုံလမ်းရှိ အဆောက်အဦကို ဖျက်၍ ၇ ထပ် ကန်ထရိုက်တိုက်ကို ဆောက်လုပ် နေထိုင်ပြီး ကိုယ်ပိုင်ကား၊ တယ်လီဖုန်း စသည်တို့ဖြင့် မြို့နေ လူတန်းစားတို့၏ လူနေမှု အဆင့်အတန်းတို့ဖြင့် ပြည့်စုံစွာ နေထိုင် နိုင်ခဲ့သည်။ တကြိမ်တွင်မူ ကျွန်တော်သည် မနၩလေး ရောက်ခိုက် သတင်းစာ ဆရာနှင့် စာရေး ဆရာမ ကြီး လူထု ဒေါ်အမာကို ဂါရဝပြုရင်း စကားစပ်မိ၍ မိမိအား ရန်ကုန်မြို့တွင် လူမှုရေးနှင့် ဘာသာရေး အသင်း အဖွဲ့တို့တွင် ပါဝင် လှုပ်ရှားနိုင်ရန် မြေတောင် မြှောက်ကာ စင်တင် ပေးခဲ့သော ဆရာကြီး သခင် ဗဟုန်၏ လက်ရှိ အခြေအနေ၊ လူမှုဘဝ ဇာတ်ကြောင်း ပြောပြပါသည်။ ထိုအခါ လူထု ဒေါ်အမာက မိမိ၏ ပြောပြချက် အရ ဆရာကြီး သခင် ဗဟုန်သည် ၇ ထပ်တိုက်ကြီးနှင့် တင့်တင့်တယ်တယ်နှင့် နေနိုင်သည့် သတင်း ကြားရသည့် အခါ မုဒိတာ ပွားပြီး မိမိအား ဤသို့ ပြောပြ ခဲ့သည်။ "ဒေါ်ဒေါ်ကလည်း သခင် ဗဟုန်တို့လို နိုင်ငံရေးသမားကြီးတွေ ချမ်းချမ်းသာသာ နေထိုင်ရတယ်လို့ ကြားရတော့ ဝမ်းသာပါတယ်။ တချိန်တုန်းက နိုင်ငံရေးသမားတွေ တိုင်းပြည် လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ကြတော့ မပြည့်မစုံနဲ့ ပေါ့လေ။ ဒါကြောင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ပြောဖူးတယ်။ တနေ့ကျရင် တို့ဗမာ သခင်တွေ ပြည့်ပြည့်စုံစုံ နေရမယ်တဲ့။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောတဲ့အတိုင်း သခင် ဗဟုန်တို့ ပြည့်ပြည့်စုံစုံ နေရတော့ ဒေါ်ဒေါ်တို့လည်း မုဒိတာ ပွားပြီး ဝမ်းသာ မိပါတယ်။ မင်းရဲ့ ဆရာကြီး သခင် ဗဟုန်ကို ဒေါ်ဒေါ်က နှုတ်ဆက် လိုက်တယ်လို့ ပြောပြပါ။" ကျွန်တော် သည် ဒေါ်ဒေါ် လူထု ဒေါ်အမာ၏ အမှာစကားကို ဆရာကြီး သခင် ဗဟုန်အား ပြောပြပါသည်။ ဆရာကြီး သခင် ဗဟုန်ကလည်း ဒေါ်ဒေါ် လူထု ဒေါ်အမာ၏ အမှာစကားကို ကြားရသည့် အခါ ဝမ်းပန်း တသာ ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ကျော်သန်းမြင့် (ဗန်းမော်) (၂ဝဝ၈၊ဇွန်လ)။ သမိုင်းဖြစ်စဉ်ထဲက ဆရာကြီး သခင်ဗဟုန်။ အမှတ် (၁၉၅)။ အတွေးအမြင်။
|year=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)