ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်
ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်
[ပြင်ဆင်ရန်]၁၉၄၅ခုနှစ် စက်တင်ဘာလအတွင်း၌ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်သော အမျိုးသမီးတစ်စုနှင့် လူမှုရေးလုပ်ငန်းများ၌ စိတ်ပါဝင်စားသူ အမျိုးသမီးတစ်စုတို့ပူးပေါင်းကာ ‘ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်’ကို ဖွဲ့စည်းခဲ့ကြသည်။ ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌမှာ ဒေါ်ခင်ခင်ကြီး(သခင်သန်းထွန်း၏ဇနီး)ဖြစ်၍ ဒုတိယဥက္ကဋ္ဌမှာ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး)တို့ဖြစ်ကြသည်။ အတွင်းရေးမှူးမှာ ဒေါ်ခင်ကြည်(ဦးသိန်းဖေမြင့်၏ဇနီး)ဖြစ်ကြသည်။ ဒေါ်ခင်ကြည်ခွင့်ယူသောအခါ ဒေါ်သန်းနိုင်က ဆောင်ရွက်သည်။ အမှုဆောင်များမှာ လေဒီမြဘူး(ဆာမြဘူး၏ဇနီး)၊ ဒေါ်သန်းခင်(ဂဠုန်ဦးစော၏ဇနီး)၊ လေဒီပေါ်ထွန်း(ဆာပေါ်ထွန်း၏ဇနီး)၊ ဒေါ်စောရွှေ(အမတ်ဟောင်း)၊ ဒေါ်မမ(ပညာအုပ်)၊ မစောချစ်၊ မခင်ရီ၊ မစံကျော့ခိုင်၊ မနှင်းဆီ(ခ)ဒေါ်ရီရီ၊ မခင်အုံးရင်၊ မစောမြ စသည်တို့ဖြစ်ကြသည်။ ယင်းအဖွဲ့တွင် ရန်ကုန်မြို့ပေါ်ရှိ အစိုးရအဖွဲ့ဝင်လူကြီးများ၊ အရာရှိကြီးများ၏ဇနီး ဦးရေ အတန်းများများပါဝင်နေသည်။ ထို့ပြင် အဖွဲ့ဝင်များဖြစ်ကြသော ယခင်က နိုင်ငံရေးအစဉ်အလာရှိသူ အမျိုးသမီးအများစုမှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တော်လှန်လိုသူများသာ ဖြစ်ကြ၍ တိုင်းလုံးဆိုင်ရ အမျိုးသမီးအဖွဲ့ဝင်အချင်းချင်းပင် အတွေးအခေါ် အယူအဆကွဲကြားလျက်ရှိကြသည်။
- သက်သာချောင်ချိရေး၊ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေးလုပ်ငန်းတို့တွင် ဝင်ရောက်ဆောင်ရွက်ကြရန်၊
- ပြည့်တန်ဆာစနစ်ကိုသုတ်သင်ရန်၊ အမျိုးသမီးစောင့်ရှောက်ရေးဌာနများ တည်ထောင်ရန်၊
- သားဖွားရုံများနှင့် ကလေးထိန်းကျောင်းများဖွင့်လှစ်ရန်၊
- အချက်အပြုတ်ပညာ၊ အိမ်တွင်းလက်မှုပညာ၊ ဥယျာဉ်စိုက်ပျိုးရေးပညာများကို အားပေးရန်၊ အမျိုးသမီများအား ထိုကိစ္စများအတွက်စည်းရုံးရန်၊
- ဗမာ့ယဉ်ကျေးမှုဆိုင်ရာ အတတ်ပညာများကိုအားပေးရန်၊
- ကစားခုန်စား ပြိုင်ပွဲများတွင် ပါဝင်သော အမျိုးသမီးများကိုအားပေးရန်၊
- စာဖတ်ခြင်း အလေ့အထနှင့် သက်ကြီးပညာရေးကို အားပေးရန်၊
- အမြှောင်ထားသည့်စနစ်ကို ဥပဒေအရ အပြစ်ပေးရန်၊
- အမျိုးသမီးအလုပ်သမားများအတွက် အများဆုံးလုပ်ခရရှိရေး ကြိုးစားရန်၊
- အမျိုးသမီးချင်း မိတ်ဆုံပွဲများ ကျင်းပရန်၊
- ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်နှင့် ဆက်သွယ်ရန်တို့ဖြစ်ကြသည်။
ယင်းအဖွဲ့၏ ရည်ရွယ်ချက်များအတိုင်းပင် စစ်ပြီးစနိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီကြ၏။ ဗြိတိသျှတို့ထံမှ ရာရှင်ယူကာ နွမ်းပါးသူတို့အား ဝေငှပေးကြသည်။ အသင်းကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာလိုသူများနှင့် ဗြိတိသျှနယ်ချဲ့အလိုတော်ရိအရာရှိဇနီးများအား အင်အားများသောအသင်း၏ လှုပ်ရှားမှုမှန်သမျှတို့မှ အစိုးရကို အထောက်အကူပြုရုံသာမက အစိုးရ၏ သဘောတူညီချက်မရဘဲ မလုပ်ဝံ့ကြပေ။
သို့သော် ဗြိတိသျှနယ်ချဲ့အစိုးရက ယင်းတို့၏ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကြီးအား ပြန်လည်အသက်သွင်းနေသည်ကို မလိုလားသည်အပြင် လွတ်လပ်ရေးတိုက်ပွဲနှင့်ယှဉ်၍ အမျိုးသမိးဘဝ လွတ်မြောက်ရေးကို လုပ်ကိုင်လိုသော အမျိုးသမီးအင်အားစုများလည်း ယင်းအဖွဲ့ထဲ၌ ပါဝင်နေရာ ဗြိတိသျှအလိုတော်ရိက အမျိုးသမီးများနှင့် သဘောကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ ၁၉၆၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့က ရန်ကုန်မြို့ဘဒ်လမ်း (ယခုပဒုမ္မာလမ်း)ရှိ ဥက္ကဋ္ဌဒေါ်ခင်ခင်ကြီး၏ နေအိမ်၌ ကျင်းပသော ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ် အစည်းအဝေး၌ အဖွဲ့ချုပ်အမှုဆောင်များနှင့် နယ်ကိုယ်စားလှယ်အချို့တက်ရောက်သော အစည်းအဝေးတွင် ရခိုင်ပြည် မြေပုံမြို့၌ ဗြိတိသျှစစ်သားနှင့် ပုလိပ်တို့က အမျိုးသမီးကလေးများအား စော်ကားသည့်ကိစ္စ၊ ပုလိပ်အရာရှိကြီးများနှင့် လယ်ပိုင်ရှင်များပူးပေါင်းကာ လယ်သမားများနှင့် လယ်သမားခေါင်းဆောင်များကို အပြစ်ရှာ၍ ဖမ်းဆီးချုပ်နှောင်သည့် ကိစ္စများအား အမျိုးသမီးကလေးများက လေးနက်စွာ အပြစ်တင်ရှုတ်ချကြောင်းနှင့် ဆိုင်ရာက အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုကြောင်းစသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ထိုသတင်းကို သတင်းစာအချို့၌ ဖော်ပြပါရှိရာ ဗြိတိသျှအာဏာပိုင်တို့က တတ်နိုင်သရွေ့ဖုံးကွယ်ထားလိုသည့်သတင်း ဖြစ်နေသောကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့အပေါ် ဗြိတိသျှတို့က မကျေနပ်ကြပေ။
ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်တို့က အသင်းအစည်းအဝေးကို အမြန်ဆုံးခေါ်စေ၍ ယင်းကိစ္စကို တစ်မျိုးတစ်ဖုံဖြစ်စေရန် ကြိုးစားကြသည်။ သို့သော် အမျိုးသမီးအများစုက ရခိုင်တိုင်းမှ အမျိုးသမီးများ၏အရေးသည် မြန်မာအမျိုးသမီအားလုံး၏ အရေးဖြစ်ကြောင်း၊ ဤကိစ္စကို ထိရောက်စွာ အရေးမယူခြင်းသည် အမျိုးသမီးတို့၏ဘဝ လွတ်မြောက်ရေးအတွက် အာမခံချက်မရှိသည်မှာ ထင်ရှားကြောင်း၊ ဗမာတိုင်းလုံးဆိုင်ရာအမျိုးသမီးလွတ်လပ်ရေးအဖွဲ့က အမျိုးသမီများဘက်မှ မရပ်တည်နိုင်လျှင် ဤအသင်း၌ ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားသည်။ယင်းကိစ္စနှင့်ပက်သက်၍ အသင်း၌ အခြေအနေတင်းမာလာကာ အမျိုးသမီးအချို့အသင်းမှ နုတ်ထွက်ကုန်ကြသည်။ ဗမာတိုင်းလုံးဆိုင်ရာအမျိုးသမီးလွတ်လပ်ရေးအဖွဲ့ဝင်များသည် နိုင်ငံလွတ်လပ်ရေး၊ တောင်သူလယ်သမားအရေး၊ အမျိုးသမီးအရေး၊ စီပွားရေး၊ လူမှုရေးစသည်တို့ကို ဦးတည်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း အယူအဆမတူသော အမျိုးသမီးအင်အားစုနှစ်ရပ်ကြောင့် အသင်း၏ အင်အားမှာ ပြိုကွဲခဲ့ရသည်။
၁၉၄၆ခုနှစ်နောက်ပိုင်းမှ ဗမာတိုင်းလုံးဆိုင်ရာအမျိုးသမီးလွတ်လပ်ရေးအဖွဲ့အမည်ဖြင့် ဒေါ်ခင်ခင်ကြီး၏ ဦးဆောင်မှုအရ လူမှုရေးလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်ရင်း တဖြည်းဖြည်း အသင်း၏ အမည်သာ ကျန်တော့သည်အထိ အင်အားမရှိတော့သည့် အခြေအနေသို့ဆိုက်ရောက်သွားသည်။