ဗတင်၊ သခင် (လက်သီးပုန်း)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လက်သီးပုန်း သခင်ဗတင် (ခရစ် ၁၉၁၆-၁၉၆၅)

လက်သီးပုန်း သခင်ဗတင်ကို ၁၉၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် သံတွဲခရိုင်ကျိန္တလီမြို့ လယ်ဝန်ဦးဘိုးဖေ ၊ ဒေါ် မယ်သီ တို့ မှ ဖွားမြင်၍ မွေးချင်း ရှစ်ဦးအနက် ဒုတိယ မြောက် သားဖြစ်သည်။ ငယ် စဉ်က ညီဖြူဟု ခေါ်ကြသည်။ သံတွဲမြို့ အေဘီ အမ်ကျောင်နှင့် အစိုးရအထက်တန်းကျောင်း တို့ တွင် ဒသမတန်းအောင် သည့် အထိ ပညာသင်ကြားခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

မိဘလက်ငုတ် စီးပွားရေး လုပ်ကိုင်နေရာမှ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်လာပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး စတင်ပေါက်ပွား လာသောအခါ အထွေထွေအတွင်ရေးမှူးဖြစ်လာပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးသပိတ်တိုက်ပွဲများနှင့် ၁၃ဝဝပြည့် ရေနံမြေအရေးတော်ပုံတို့တွင် ပါဝင် လှုပ်ရှားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်အတွင်းရေးမှူးအဖြစ် လည်းကောင်း ၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်ဝန်ကြီးရုံး ၊ စစ်ဝတ်ဌာနမှူးအဖြစ် လည်းကောင်း ၊ ဗမာ့ မျိုးချစ်တပ်မတော်တိုင်း(၄) ဒုတိုင်းမှူးအဖြစ်လည်းကောင်း စစ်မှုထမ်းခဲ့ရာ ဗိုလ်ဗတင်ဟုလူသိများပါသည်။ ကျောင်းသားဘဝက ရေးသားခဲ့သော 'ဘဝတစ်သက်တာ' စာအုပ်နှင့် သခင်ဘဝက ရေးသာသော အိုင်ယာလန်တော်လှန်ရေး နောက်ခံ 'လက်သီးပုန်း' စာအုပ်တို့ကြောင့် လက်သီးပုန်းသခင်ဗတင်ဟု ခေါ်ဝေါ်လာကြသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

စစ်အတွင်း ဖက်ဆစ်အကျဉ်းသမားဘဝကို ခြယ်မှုန်းသော ‘ဖက်ဆစ်အကျဉ်းသမားဘဝ’ ကိုယ်တွေ့ဆောင်ပါးများကို ၁၉၅၆ ခုနှစ်က ရှုမဝ မဂ္ဂဇင်းတွင် ရေးသားခဲ့ပါသည်။

ထို့နောက် စစ်ပြီးကုန်သည်ဘဝတွင် ကျင်လည်ခဲ့သည်။ ၁၉၆၅ ခု အောက်တိုဘာလ ၁၆ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပါသည်။ လက်သီးပုန်းသခင်ဗတင်သည် ဦးဘသော် ၊ ဒေါ်မမကြီး တို့၏သမီး ဒေါ်ကြည်နှင့် လက်ထပ်၍ သားသမီး ၈ ဦး ထွန်းကားခဲ့ သည်။ သားသမီးများမှာ ဦးမျိုးဝင်းတင် ၊ ဦးဇော်ဝင်းတင် ၊ ဒေါ်လင်းလင်းတင် ၊ ဒေါ်စမ်းစမ်းတင် ၊ ဦးဝင်းသော် ၊ ဦးစိုးမျိုးတင် ၊ ဦးခင်မောင်တင် တို့ဖြစ်သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်ကြည်နှင့် သားသမီး ရှစ်ဦးကျန်ရစ်ပါသည်၊။

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

သခင်ဗတင်သည် နိုင်ငံ့တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပထမဆင့်၊ အရေးတော်ပုံတံဆိပ်၊ တိုက်ပွဲဝင်တံဆိပ်၊ လွတ်လပ်ရေးတံဆိပ် တို့ကိုရရှိခဲ့သည်။

ကျိန္တလီမြို့ရှိ လမ်းဆုံအဝိုင်းမှ ဘိုတဲ (ယခု ဆောက်လုပ်ရေးရိပ်သာ) ဆီသို့ သွားသောလမ်းမကြီးအား ဗိုလ်ဗတင်လမ်း ဟု အမှတ်တရ ဂုဏ်ပြု အမည်ပေးထားသည်။

[၁]

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. လက်သီးပုန်းသခင်ဗတင်၏မိသားစုပြောပြချက် ( ၁၀ - ၁၂ - ၉၈ )