ဗစ်တာဟူးဂိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဗစ်တာဟူးဂိုး

ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။

ပြင်သစ်စာဆိုတော် ဝတ္ထုစာရေးဆရာကြီး ဗစ်တာမာရီ ဟျူးဂိုးသည် ဥရောပစာဆိုတို့၏ အလယ်တွင် မားမားမတ်မတ် ရပ်နိုင်ခဲ့သူ ဖြစ်လေသည်။ သူသည် တစ်သက်လုံး ကြိုးကြိုးပမ်းပမ်း စာရေးသွား၏။ သူရေးသောစာများမှာ အရေ အတွက်အားဖြင့်လည်းများ၏။ အဆင့်အတန်းအားဖြင့်လည်း မြင့်၏။ အမျိုးအစားအားဖြင့်လည်း များပြား၏။ ထိုကြောင့် ဤမျှ မြောက်မြားလှသောစာကောင်းပေကောင်း အမျိုးမျိုးကို ရေးစွမ်းနိုင်သူ ဗစ်တာဟျူးဂိုးသည် အခြား စာရေးဆရာများနှင့်မယှဉ်သာအောင် ဖြစ်နေတော့၏။

ဟျူးဂိုးသည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ ဗီဆန်ဆွန်မြို့၌ ၁၈ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွားမြင်၍ အီတလီနိုင်ငံ၊ စပိန်နိုင်ငံများသို့ လှည့်လည်ခဲ့ဘူး၏။ မဒရစ် မြို့တော်နှင့် ပါရစ်မြို့တော်တို့၌ ပညာသင်ကြားခဲ့၍ အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါ ဟျူးဂိုး၏ ပညာအရည် အချင်းကို ကြည့်၍ သူသည် မုချ စာရေးဆရာကြီး တစ်ဦး ဖြစ်ရမည်ဟု လူတိုင်း အကဲဖြတ်နိုင်၏။ အသက် ၁၇ အရွယ် တွင် ကဗျာတစ်ပုဒ်ရေးခြင်းဖြင့် ပြင်သစ်နိုင်ငံ ပညာတံခွန် အသင်းကြီး၏ ဆုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဟျူးဂိုးသည် ပညာရေး၌သာမက နိုင်ငံရေးဘက်တွင်လည် အရေးပါ အရာ ရောက်သူတစ်ဦး ဖြစ်လေသည်။ ၁၈၄၃ ခုနှစ်မှ ၁၈၅၃ ခုနှစ် အထိ ၁ဝ နှစ်လောက် အတွင်းတွင် နိုင်ငံရေးကို အတော် လိုက်စား၏။ ၁၈၄၆ ခုနှစ်တွင် ပြင်သစ်ပါလီမန် အထက် လွှတ်တော်၌ ပထမဦးဆုံးအကြိမ် မိန့်ခွန်းစကား ပြောကြားခဲ့ ၏။ သူသည် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်၍ လူဝီနပိုလီယန် လက်ထက်၌ ပြင်သစ်နိုင်ငံမှ ဘရပ်ဆဲလ်သို့ ထွက် ပြေးခဲ့ရလေသည်။ ထိုမှ ဂျာဆီကျွန်း၊ ဂန်ဇီကျွန်းတို့သို သွား ရောက် နေထိုင်ခဲ့၏။ ဤသို့ တစ်ကျွန်းတစ်မြေ၌ အေးဆေးစွာ နေထိုင်ယင်း သူဝါသနာပါသော စာများကို ရေးသားခဲ့လေ သည်။

ဗစ်တာဟျူးဂိုး၏ ကဗျာများကို စာဆိုတော်ကြီးတစ်ဦးက ဤသို့ ခြီးကျူးထားသည်။ ဗစ်တာဟျူးဂိုး၏ ကဗျာသစ် တစ်ပုဒ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏တေးကဗျာကို ပဲ့တင်ခတ်ကြသည်။ သံယောင် လိုက်ကာ တေးချင်းညည်း ကြသည်။ သီဆိုကြသည်။ သူ၏ ရွှန်းရွှန်းပသော တေးကဗျာ၊ ချိုအေးသာယာသော တေးကဗျာ၊ နှစ်လို့ဖွယ်ကောင်းသော တေးကဗျာသည် တူရိယာသံစုံ တစ်ခဲနက် တီးမှုတ်လိုက်ဘိ သကဲ့သို့ အသံမျိုးစုံ စီရရီထွက်ကာ လူတို့၏စိတ်ကို ပီတိ လွှမ်းမိုးစေနိုင်သည်။

ဟျူးဂိုးသည် ပြဇာတ်နှင့် ဝတ္ထုများလည်း ရေးသားခဲ့ရာ သူ၏ ဝတ္ထုများသည် ပြင်သစ်စာပေနယ်၌သာ မက ဥရောပရှိ အခြားစာပေနယ်များ၌ပင် ထင်ရှားကျော်စောလေသည်။ ဟျူးဂိုး၏ ကဗျာများမှာ ဘာသာ တစ်ခုမှတစ်ခုသို့ ပြန်ဆို ရာတွင် ကဗျာ့အရသာ ပေါ့ပျက်သွားရန်ရှိသဖြင့် စကားပြေစာ များကိုသာ ဘာသာပြန် ဆိုကြသည်က များလေသည်။ ဟျူးဂိုး၏ ဝတ္ထုများထဲတွင် အကျော်စောဆုံးမှာ လာမီဇာ ရေးဗဲ (အပယ်ခံများ)နှင့် နိုထရာဒမ်မှ ခါး ကုန်းကြီးတို့ ဖြစ်သည်။ ထိုဝတ္ထုနှစ်ခုစလုံး၌ တဏှာမဘက် စင်ကြယ်သော မေတ္တာသက်သက်နှင့် အနစ်နစ်ခံခြင်း၊ စွန့်စားခြင်းတို့ကို ဂုဏ်တင် ရေးသားထားလေသည်။ အပယ်ခံများ ဝတ္ထု၌ ရာဇဝတ်ပြစ်မှုများအတွက် အဆမတန် ကြီးလေးသည့် အပြစ် ဒဏ်များပေးခြင်းမှာ လူတို့ကို ပြုပြင်ရာမရောက် ဆိုးသူကို ပို၍ ဆိုးစေသည့်အကြောင်း၊ အကျဉ်းထောင် စံနစ်များကို ပြုပြင်သင့် ကြောင်းတို့ကို ရည်ရွယ်၍ ရေးသားထားလေသည်။ ထိုဝတ္ထု ဇာတ်လိုက်မှာ ငတ်နေသော နှမငယ်နှင့် ကလေးမျာအတွက် ပေါင်မုံ့ခိုးမိသဖြင့် ထောင်ဒဏ် ၁၉ နှစ် ခံရသည်။ ထောင်မှ လွတ်လာသောအခါ ထောင်ထွက်ဟူ၍ မည်သူကမျှ လက်မခံ၊ ပိုက်ဆံ မပေး၊ ဝယ်စားချင်၍မျှ ရောင်းမည့်သူမရှိ၊ မောင်းထုတ် ခြင်းကိုသာ ခံရလေသည်။ ထိုအခါ ဘုန်းကြီးတစ်ပါးက အစား အစာ ကျွေးမွေး၍ တစ်ညဉ့်အဖို့ လက်ခံထားလေသည်။

လောကကြီးကို စိတ်နာမုန်းတီး နေသော ထောင်ထွက်သည် ကျေးဇူးရှင်ကိုပင် သတ်မည်ဟု ကြံပြီးမှ နောက်ပြန်တုံ့၍ ပစ္စည်းများ ခိုးယူ ထွက်ပြေးလေသည်။ ပုလိပ်များက လမ်းမှာ တွေ့၍ ဖမ်းကာ ဘုန်းတော်ကြီးထံသို့ ခေါ်ဆောင်လာရာ ဘုန်းတော်ကြီးက ထိုပစ္စည်းများကို သူက ပေးလိုက်ကြောင်း ပြောလိုက်သဖြင့် ချမ်းသာခွင့်ရလေသည်။ သူ၏ဘဝတွင် ဤကဲ့သို့ ဆင်းရဲသူတစ်ဦးအား သနားညှာတာ ခွင့်လွှတ် လိုက်ခြင်းကို ပထမဦးစွာ တွေ့ကြုံရသဖြင့် ထိုအချိန်မှစ၍ လူကောင်းဖြစ်ရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။ လောကတွင် ကိုယ်ကသာ အနာခံရမည်ဟူသော ဆုံးမစကားနှင့် ဘုန်းတော် ကြီးက ငွေဖယောင်းတိုင်ခွက်တစုံကို ပေးလိုက်လေသည်။ ထိုအခါမှစ၍ ထောင်ထွက်ယောက်ျားသည် နောက်ကြောင်း ဖြစ်သော လူဆိုးဘဝကို ဇာတ်မြှုပ်၍ လူကောင်း တစ်ဦး အဖြစ်သို့ ရောက်ခဲ့လေသည်။ သနားကြင်နာခြင်း၏ အရသာကို လက်တွေ့ခံစားခဲ့ရသော ထိုသူသည် မိဘမဲ့ဖြစ်၍ သူတပါး၏ အိမ်၌ ကျွန်ခံနေရသော ကလေးမကလေးတယောက်ကို မွေးစား ကာ သမီးရင်းပမာ ချစ်ခင်နေလေသည်။ ထိုကလေးမကလေး အရွယ်ရောက် သောအခါ လူငယ်ပျိုတစ်ဦးနှင့် ချစ်ခင်နေကြောင်း သိရသောအခါ မိမိ၏ အထီးကျန် ဘဝ၌ တစ်ဦးတည်းသော အဖော်ကလေးကို မခွဲနိုင်ပဲ ရှိလေသည်။ သို့သော် ကိုယ်က သာ အနာခံရမည်ဟူသော ဩဝါဒအတိုင်း အနူးအညွတ် ခွင့်လွှတ်သည်သာမက ထိုသူငယ်ပျိုအား အဓိကရုဏ်းကြားထဲမှ အသက်စွန့်ကာ ကယ်ယူပေးခဲ့လေသည်။ ထိုဝတ္ထုကြီး၌ ဇာတ်လိုက်ဖြစ်သူ ထောင်ထွက်ယောက်ျား၊ သူ့အား ပြုပြင်ပေး သူ ဘုန်းတော်ကြီးနှင့် ထောင်ထွက်အား အမြဲလိုက်နေသူ ပုလိပ်အရာရှိ၊ ဤသုံးဦး၏ ပတ်ဝန်းကျင်တွင် ဇာတ်အိမ်တည် ထားသည်။ ပုလိပ်အရာရှိမှာလည်း သူ့နေရာနှင့်သူ အလွန် ဆီလျော်သော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ဥပဒေနှင့် ညီအောင် လုပ်ရမည် ဟူသောဝါဒကို ရိုးတွင်းခြင်ဆီ အထိ စွဲမြဲပုံကို သရုပ်ဖော်ထားသည်မှာ စာဖတ်သူတို့စိတ်ကို ထိခိုက် စေသည်။

ထိုဝတ္ထုတွင် စိတ်ထိခိုက်ဖွယ် အကောင်းဆုံးသော အခန်းမှာ ထောင်ထွက်ယောက်ျားသည် သူ့မွေးစားသမီး၏ ချစ်သူကို အဓိကရုဏ်းထဲမှနေ၍ ပါရစ်မြို့တော်၏ မြေအောက် အညစ် အကြေး ရေများသွားရာ လိုဏ်မြောင်း လမ်းကြောင်း အတိုင်း ထမ်းယူ ကယ်ဆယ်သောအခန်း ဖြစ်သည်။ ထိုအခန်းမှာ သူတို့လာရသောခရီး၏ စက်ဆုပ်ရွံရှာဖွယ် ကောင်းပုံကို ဝိဘစ္ဆရသပေါ်အောင်လည်းကောင်း၊ ဇာတ်လိုက်၏ အံ့ဩ ဖွယ်ကောင်းလောက် အောင် ဝီရိယစိုက်ပုံကို အ¸ုတရသ ပေါ်အောင်လည်းကောင်း၊ ချစ်သမီးအတွက် အသက်ကြီးရင့်မှ အသက်စွန့် ရရှာသော ဇာတ်လိုက်အား သနားဖွယ်ကောင်းပုံကို ကရုဏာရသပေါ်အောင်လည်းကောင်း သရုပ်ဖော် ရေးသားခြင်း မှာ ကြက်သီးမွေးညှင်းထဖွယ် ကောင်းလေသည်။ ဗစ်တာဟျူးဂိုးသည် အံ့ဩဖွယ်ကောင်းသည့် အဖြစ်အပျက် မျိုးကို သနားဖွယ် ကြောက်မက်ဖွယ်နှင့် ရောစပ်ရေးသားရာတွင် သူမတူအောင် ကောင်းမွန်လေသည်။

နိုထရာဒမ်မှ ခါးကုန်းကြီးဝတ္ထု၌ နိုထရာဒမ် ဘုရားရှိခိုး ကျောင်း မျှော်စင်ကြီးပေါ်၌နေသော ရုပ်ရည် ရူပကာ အလွန် ဆိုးဝါး စက်ဆုပ်ဖွယ်ကောင်းသော သတ္တဝါကြီးကို ဇာတ်လိုက် အဖြစ်နှင့် ရေးသားခဲ့သည်။ ထိုသတ္တဝါကြီးသည် ဝတ္ထုဖတ်သူ တို့၏ စိတ်တွင် အခြားအခြားသော ဝတ္ထုများ၌ တွေ့ရသော ဇာတ်လိုက်များထက်ပင် စွဲလမ်းစိတ်ထိခိုက်စေခဲ့သည်။ ထိုဝတ္ထု တွင် ဇာတ်လိုက်မင်းသမီးကို ကြိုးပေး ကွပ်မျက်မည့်ဆဲဆဲတွင် ခါးကုန်းကြီးက ပွေ့ယူကာ ဘုရားရှိခိုးကျောင်းကြီး ခေါင်းမိုး ပေါ်သို့ သာသနာ့မြေ သာသနာ့မြေ ဟု ဟစ်အော်တက် ပြေးသည့်အခန်းမှာ တစ်အုပ်လုံးတွင် အကောင်ဆုံးသော အခန်း တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထိုခေတ်က ဘုရင့်အမိန့်သည် သာသနာ့မြေထဲသို့ မလိုက်နိုင်သဖြင့် မင်းသမီးအား သယ်ယူ ပြေးခြင်း ဖြစ်ရာ ထိုအခန်းမှာ အသည်းထိတ်ဖွယ် ကောင်းလှ သည်။

ဗစ်တာဟျူးဂိုးသည် ၁၈၇ဝ ပြည့်နှစ်တွင် နိုင်ငံခြားမှ မိမိ ၏ဇာတိ ပြင်သစ်နိုင်ငံသို့ ပြန်ရောက်လာကာ လူအများ၏ ချီးမြှောက်ခြင်းကို ခံယူရလေသည်။ ယခင်က မထုတ်ရဟု တားမြစ်ပိတ်ပင်ထားသော ပြဇာတ်များကို ထိုအခါမှ တစ်ဖန် ပြန်လည် ထုတ်ဝေကာ စင်တင်ကပြရလေသည်။ သူ၏ ကဗျာ များကိုလည်း သီချင်း များအဖြစ် တီးမှုတ် သီဆိုကြလေသည်။ ၁၈၈၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အသက် ၈၃ နှစ်အရွယ် ၌ ဗစ်တာဟျူးဂိုး ကွယ်လွန်ရာ ပြင်သစ်နိုင်ငံ၏ ကျော်စော ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ မြှုပ်နှံရာ သင်းချိုင်း၌ ခမ်းနား ကြီးကျယ်စွာ မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)