ဖွားမှီ
ဖွားမှီ(၁၉၀၂-၁၉၆၂) | |
---|---|
ဒေါ်ဖွားမှီ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၀၂ ရန်ကုန်မြို့ |
ကွယ်လွန် | ၁၉၆၂ ဇွန် ၂၆ ရန်ကုန်မြို့ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဦးမြင့်သိန်း |
မိဘ | ဦးထွန်းသော်(ဖခင်) ဒေါ်သဲနု(မိခင်) |
မိခင်ကျောင်း | ရန်ကုန်ကောလိပ် အင်္ဂလန်(Inner Temple) |
အလုပ်အကိုင် | ဝတ်လုံတော်ရရှေ့နေ |
ကျော်ကြားမှု | ပထမဦးဆုံး အမျိုးသမီးဝတ်လုံတော်ရ |
ဒေါ်ဖွားမှီ (၁၉၀၂-၁၉၆၂)[၁] သည် မြန်မာအမျိုးသမီးများထဲ တစ်ဦးတည်းသော ဝတ်လုံဘွဲ့ရ ဖြစ်သည်။သူမသည် မြန်မာပြည်၏ နောက်ဆုံး ပြည်ထောင်စုတရားဝန်ကြီးချုပ်ဦး မြင့်သိန်း ၏ ဇနီးဖြစ်သည်။ ဗြိတိသျှတရားလွှတ်တော်ချုပ်နှင့်အောက်ရုံးများတွင် ရှေ့နေလိုက်ခွင့်ရှိသော မြန်မာပြည်၏တစ်ဦးတည်းသော အမျိုးသမီးရှေ့နေလည်းဖြစ်ခဲ့သည်။ ၁၉၆၂ ခု၊ ဇွန်လ ၂၆ ရက်နေ့ တွင် ကွယ်လွန်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဒေါ်ဖွားမှီသည် ရန်ကုန်မြို့ ကော်ပိုရေးရှင်းအခွန်ဝန် ဦးထွန်းသော်နှင့် ဒေါ်သဲနုတို့၏ သားသမီး ငါးယောက်အနက် အကြီးဆုံးဖြစ်ပြီး ၁၉၀၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က စိန်မေရီဒိုင်အိုနှင့် ရန်ကုန်ကောလိပ်မှ အိုင်အေအောင်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာအား မြန်မာပညာတော်သင်တစ်ဦးအနေဖြင့် သင်ခဲ့သည်။ ၁၉၂၃ ခုနှစ်က ရှေ့နေအဖြစ် ရုံးတော်များ၌ လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားနေသော ယောက်ျားများ နှင့်အတူ အင်္ဂလန်ပြည်သူ တစ်ဦးနှစ်ဦးသာ ရှိသေးသည့် အခြေအနေ၌ ဒေါ်ဖွားမှီသည် ကမ္ဘာ့ အရှေ့ပိုင်းဒေသ မြန်မာပြည်မှ အမျိုးသမီးတစ်ဦး အဖြစ် ပေါ်ပေါက်လာသည့်အတွက် တအံ့တဩ စိတ်ဝင်စားခြင်းခံရသည်။
ထိုခေတ်က ဗြိတိသျှ တရားလွှတ်တော်ချုပ်နှင့် အောက်ရုံများတွင် ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားပေးသည့် (Inns of Court) ခေါ် ကျောင်းကြီးလေးကျောင်း ရှိသည့်အနက် (Inner Temple) ခေါ် ကျောင်းတွင် ဒေါ်ဖွားမှီသည် တက်ရောက် သင်ကြားပြီး ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ထိုအခါကျမှ သတ်မှတ်ပေးထားသော ဝတ်လုံတော်အင်္ကျီ ကို အပ်နှံခံရပြီး ဝတ်ဆင်ခွင့် ရခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ဗြိတိသျှ တရားလွှတ်တော်၌ ဝတ်လုံတော်ရ ရှေ့နေများ စာရင်းတွင် နာမည်ထည့်သွင်းခွင့် ရရှိခဲ့သည်။ ဤကဲ့သို့ ထူးထူးချွန်ချွန် အရှေ့တိုင်းသူတစ်ဦး အောင်မြင်သည့် အတွက် ဗြိတိသျှ သတင်းစာများကလည်း အသားပေးပြီး ချီးကျူး ဖော်ပြခဲ့ကြသည်။
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဒေါ်ဖွားမှီ မြန်မာပြည်သို့ ပြန်ရောက် လာသောအခါ ရန်ကုန်လွှတ်တော်ချုပ်၏ ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် ခွင့်တောင်းခဲ့ရာ တရားဝန်ကြီးချုပ်က လျှောက်ထားသူမှာ ဗြိတိသျှ လွှတ်တော်ချုပ်တွင်ပင် အမှုလိုက်နိုင်ခွင့်ရသူ (Barister Law) ပထမ မြန်မာအမျိုးသမီး ဖြစ်သည်ဟု ဖော်ပြကာ ကြိုဆိုသည့် အခမ်းအနားကို ရုံးခန်းအမှတ် (၁) တွင် တရားဝန်ကြီးများ၊ ရှေ့နေချုပ်ကြီးများနှင့် ဥပဒေလောကမှ ရှေ့နေကြီးများ ရှေ့မှောက်၌ ဂုဏ်ပြုခဲ့လေသည်။ ထိုနေ့ကား ၂၆၊ ၁၊ ၂၇ ရက်နေ့ပင် ဖြစ်သည်။
ဒေါ်ဖွားမှီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ၌ တရားဝန်ကြီးချုပ်၏ ချီးကျူး စကားများမှာ မိမိတစ်ဦးတည်း အဖို့သာမက မြန်မာအမျိုးသမီး တစ်ရပ်လုံးကိုပါ ချီးကျူးခြင်း ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒေါ်ဖွားမှီသည် အမျိုးသားများသာ ကျက်စားနေသော တရားရုံးတော်ကြီး၌ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့၏။ မိန်းကလေး တစ်ယောက် တိုးလာ၍အနေကျုံ့လိမ့်မည်ဟုလည်း စောစောပိုင်းက အမျိုးသားအချို့က စိုးရိမ်ခဲ့ကြသည်။ ရန်ကုန် ရှေ့နေကြီးများ အသင်းသို့ ဝင်ခွင့်ရ၍ အသင်းလူကြီးများ က လက်ခံရာ၌ နာယက အမျိုးသမီး အပန်းဖြေ အပေါ့အပါးသွားနိုင်ရန် သီးသန့် ပေါင်ဒါခန်းတော့ ဆောက်လုပ် မပေးနိုင်၍ ဝမ်းနည်းပါသည်ဟု ထေ့ငေါ့ ပြောသည်ကိုပင် ဒေါ်ဖွားမှီကား ခေါင်းငုံ့၍ ခံလာခဲ့သည်။ သူ၏ ဗီဇာ မကျယ်တတ်သော၊ ရောင့်ရဲလွယ်တတ်သော ဝါသနာ ဗီဇအရ ယခုကဲ့သို့သော အဆင်မပြေမှုများ အတွက်ကို ခေါင်းရှုပ်ခံ၍ ပြသာနာတက်သောသူ မဟုတ်သဖြင့် သူ့စိတ်သဘောထားကို ကောင်းစွာ သိလာကြသည့်အခါ၌ ဒေါ်ဖွားမှီကို အမျိုးသမီးဟူ၍ မခွဲခြားတော့ဘဲ ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြလေသည်။
ဟိုက်ကုတ်တွင် သာမက အခြား အောက်ရုံးများ၌လည်း အမှုလိုက်ခဲ့ရာ တစ်ခါက သာယာဝတီ တရားရုံးသို့ အမှုလိုက်သွားစဉ် သူ့ကို လာကြည့်ကြသော ပရိသတ်ကြီးမှာ များလွန်း၍ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။ ထို့အတွက် ခက်ထန်သော ဗြိတိသျှ တရားသူကြီးက ရုံးတော်ကို မရိုမသေမှုဖြင့် လူတစ်ယောက်အား ဒဏ်ငွေ ၅ဝိ-/ တပ်လိုက်သည်။ ဒေါ်ဖွားမှီမှာ များစွာ အားလည်းနာ၊ ကရုဏာလည်း သက်၍ ထိုငွေကို မိမိက စိုက်ပြီး ဆောင်မည်ပြုရာ ဒဏ်တပ်ခံရသူက လက်မခံသည့်အပြင် အခြားရုံးတွင် ရှိနေသော မိမိ၏ အမှုတစ်ခုကိုပါ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့လေသည်။
ဒေါ်ဖွားမှီသည် အင်္ဂလန်တွင် အတူ ပညာသင်ကြားလာခဲ့၍ ရှေ့နေလိုက်ဖော် လိုက်ဖက်ချင်း လည်းဖြစ်ပြီး တစ်ဦးကို တစ်ဦးလည်း ကူညီရိုင်းပင်း လာခဲ့ကြသော ဝတ်လုံတော်ရ ဦးမြင့်သိန်းနှင့် ၁၉၃၂ ခုနှစ်တွင် လက်ထပ်ခဲ့သည်။၎င်းတို့မှာ အသွင်တူ၍ အလိုက်ဖက်ဆုံးသော ဇနီးမောင်နှံများ ဖြစ်ကြလေသည်။ သူတို့၏ အိမ်ထောင်သည် ချမ်းငြိမ်းသာယာ အေးမြလှ၏။ သားထောက် သမီးခံ လည်း မရှိခဲ့ပေ။
လောကဓမ္မတရား အတိုင်းပင် အဘက်ဘက်က ပြည့်စုံခဲ့သော်လည်း တစ်ထောင့်တစ် ကွေ့တွင်ကား ချို့ယွင်းမှုလေးတွေက ရှိကြစမြဲ။ ကျန်းမာရေး ကလည်း ချို့တဲ့လာပြန်သည်။ ဒေါ်ဖွားမှီသည် ရှေ့နေအလုပ်ကို ဆက်လက် လုပ်ခဲ့သော်လည်း ရန်ကုန် ရာဇဝတ်ရုံးမှ အမှုများကိုမူ အထူးသဖြင့် ရှောင်ကြဉ်ခဲ့သည်။ အကြောင်းမှာ သူ၏ ခင်ပွန်းသည်မှာ ထိုစဉ်က ရန်ကုန်မြို့အစိုးရရှေ့နေဖြစ်၍ အမှုအခင်းအားလုံး ဟူသ၍ကို ကွပ်ကဲရသည့်အတွက် ခင်ပွန်းသည်၏ အလုပ်ကို မနှောင့်ယှက်မိစေရန် ရှောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင်ကား ကျန်းမာရေး မညီညွတ်သည့် အတွက် ရှေ့နေလိုက်ခြင်းကို ရပ်စဲခဲ့သည်။ သို့သော် တတ်ထားသည့် ပညာကို အသုံးပြုပြီး အစိုးရ အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် တရားဝန်ကြီးချုပ်နှင့် ပြည်ထဲရေး၊ တရားရေးဝန်ကြီးတို့က တိုက်တွန်းခဲ့ရာ ချို့တဲ့သော ကျန်းမာရေးကြောင့် အချိန်ပြည့် တာဝန် မထမ်းဆောင်နိုင်သည့်အတွက် တိုင်းပြည်နှင့် လူထုအကျိုးငှာ စေတနာ့ဝန်ထမ်း သမာဓိမြို့ဝန် ပထမအဆင့် ရာထူးကို လက်ခံခဲ့သည်။
ရှေ့နေမလုပ်တော့သည့် တိုင်အောင် သူ လေ့လာ ဆည်းပူးခဲ့သော ဥပဒေပညာရပ်နှင့် ကင်းကွာခဲ့သည် မဟုတ်ပါ။ သမာဓိမြို့ဝန် ခုံရုံးများအပြင် ကလေး တရားရုံးများ၌လည်း ၁၉၃၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ ရုံးထိုင်၍ စစ်ဆေးကွပ်ကဲ ဖြေရှင်းပေးရသော တာဝန်ကို ထမ်းရွက်လာခဲ့သည်။ ကလေးတရားရုံးများ၌ ၎င်းတို့၏ မိသားစု အခြေအနေ ပတ်ဝန်းကျင်ဘဝ စသည်များကို စုံစမ်းလေ့လာပြီး အမှုစစ်သကဲ့သို့ မဟုတ်ဘဲ ကလေးတို့ ပြသာနာ အရပ်ရပ်ကို စိတ်ရှည်လက်ရှည် ကရုဏာအပြည့်နှင့် ဖြေရှင်းပေးခဲ့ခြင်း၊ မိဘလက်သို့ ပြန်လည်အပ်ခြင်း စသော လူမှုရေး စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ကူညီ ခဲ့သည်။ ထိုခေတ်က ဆရာအတတ်သင် ကျောင်းကိုလည်း စစ်ဆေးကြည့်ရှုရန် ခန့်အပ်ခြင်း ခံရသည်။
ဂျူးဘန်းလမ်းရှိ ကလေးစောင့်ရှောက်ရေး ဂေဟာအဖွဲ့ဝင် လူကြီး အဖြစ်လည်း နှစ်ပေါင်းများစွာ ကူညီခဲ့သည်။ လူမှုရေး လုပ်ငန်းများ၌ စိတ်ပါဝင်စားစွာ အောင်အောင်မြင်မြင် ပါဝင်လှုပ်ရှားလာခဲ့သူ တစ်ဦးဖြစ်၍လည်း မြန်မာပြည် လွတ်လပ်ပြီးနောက် ၁၉၅၃ ခုနှစ်တွင်ဒေလီမြို့၌ ကျင်းပသော တောင်အာရှ အမျိုးသမားများ အခွင့်အရေး ဆွေးနွေးပွဲသို့ ငါးဦးအဖွဲ့၏ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရသည်။ လာအို၊ အင်ဒိုနီးရှား၊ ယူနက်စကို၊ ပါကစ္စတန်၊ ထိုင်းမှ ကိုယ်စားလှယ် (၄၆) ဦးနှင့်အတူ တောင်အာရှ အမျိုးသမီးတို့၏ အခွင့်အရေးများ အကြောင်း တင်ပြဆွေးနွေးခဲ့သည်။
လွတ်လပ်ရေးရပြီးသည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အချိန်များ၌ကား မြန်မာပြည်တွင် လူမှုဝန်ထမ်း လုပ်ငန်းများကို မဆောင်ရွက် နိုင်ခဲ့ပေ။ ခင်ပွန်းသည် ဦးမြင့်သိန်းမှာ တရုတ်ပြည် သံအမတ်ကြီးအဖြစ် နန်ကင်း၊ ပီကင်းမြို့များသို့ ပြောင်းရွှေ့သွားရသောကြောင့် ဖြစ်သည်။ ၁၉၅၂ ခုနှစ်လယ်တွင် တရားဝန်ကြီး ခန့်အပ်ခြင်း ခံရ၍ မြန်မာပြည် ပြန်ရောက်လာမှသာ ရှေးကကဲ့သို့ လူမှုဝန်ထမ်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြန်သည်။
အိန္ဒိယသံ အမတ်ကြီး တစ်ဦးဖြစ်သော မစ္စတာပင်နီကာက ၎င်းရေးသားခဲ့သော (In two Chinas) ခေါ် စာအုပ်တွင် ဒေါ်ဖွားမှီသည် ပညာတတ် ဇနီးသည် တစ်ဦး အဖြစ်နှင့် လူတန်းစား အလွှာ အသီးသီးတွင် ချစ်ခင်လေးစား ကျော်ကြားသော မြန်မာအမျိုးသမီး ဖြစ်သည်ဟု ဖော်ပြခဲ့ဖူးသည်။
ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ တရုတ် အမျိုးသား ကူမင်တန်အစိုးရ ထပ်သား ၁၂၀၀၀ ဝင်ရောက် ကျူးကျော်၍ ၁၉၄၃ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ လွှတ်တော် ညီလာခံသို့ ဦးမြင့်သိန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့က သွားရောက် တိုင်တန်းခဲ့သည်။ ဒေါ်ဖွားမှီသည် ထိုအဖွဲ့နှင့် ကိုယ်စားလှယ် တစ်ဦးအဖြစ် လိုက်ပါသွားခဲ့၏။
ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော နိုင်ငံရေးရာနှင့် လုံခြုံကောင်စီက နိုင်ငံခြားတပ်များ မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာသွားရမည်၊ သို့မဟုတ်လျှင် လက်နက်ချ အပ်၍ ချက်ချင်း အဖမ်းခံရမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ မဲခွဲ၍ အဆုံးအဖြတ်ပေးသည့် ထိုကုလသမဂ္ဂကို သတ္တမ အကြိမ်မြောက် အစည်းအဝေးကြီး၌ နိုင်ငံတကာက မြန်မာပြည်အား ထောက်ခံခဲ့သည့်အတွက် ဤအောင်မြင်မှုမှာ သမိုင်း တစ်ရပ်အနေနှင့် ကျန်ရစ်ခဲ့ပေသည်။
ဝတ်လုံတော်ရ ဒေါ်ဖွားမှီသည် အမျိုးသမီးများ၊ မြန်မာလူမျိုးများကို နေရာကောင်းပေးရန် မလွယ်ကူလှသော ထိုအချိန်ကပင် မိမိ၏ အရည်အသွေးဖြင့် မားမားမတ်မတ် ရပ်တည်ပြနိုင်ခဲ့၍ နေရာမှန်ကို ထိုက်ထိုက်တန်တန် ရခဲ့သူ ဖြစ်သည်။ အမျိုးသမီးများနှင့် ဥပဒေလောကကိုလည်း ပေါင်းကူး ဆက်သွယ်ပေးခဲ့သော ပထမဆုံးလမ်းပြ အမျိုးသမီးကြီး ဖြစ်ခဲ့သည်။ ယခင့်ယခင်က အမျိုးသားတွေချည်းသာလှုပ်ရှားခဲ့သော ဥပဒေ အသိုင်းအဝိုင်းထဲသို့ အမျိုးသမီး တစ်ယောက်အနေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် ထိုးဖောက် ဝင်ရောက်လာခဲ့သော အမျိုးသမီးကြီးဖြစ်ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရအာဏာသိမ်းယူပွဲ၌ အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ခင်ပွန်းဖြစ်သူ ဦးမြင့်သိန်း အထိန်းသိမ်းခံရစဉ် ၁၉၆၂ ခု၊ ဇွန်လ ၂၆ ရက်နေ့[၂] တွင် ကွယ်လွန်ခဲ့သည်။[၃]
အမျိုးသမီးလောက၊ ဥပဒေလောက၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဒေါ်ဖွားမှီ၏ အသက်ရှင်စဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ကောင်းသတင်းများက သူမရှိတော့ပြီ ဖြစ်သော်လည်းအပေါင်းအသင်းများ၏ ပတ်ဝန်းကျင်၌ မွှေးကြိုင်နေဆဲ။ သူ့ကို ချစ်ခင်မြတ်နိုးစွာ သတိရနေဆဲ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒီမိုကရက်တစ် တရားမျှတမှုကို ကိုယ်တိုင် ကျင့်ဆောင်ခဲ့တဲ့ တရားဝန်ကြီးချုပ်။ BBC Burmese (၁၃ ဩဂုတ် ၂၀၂၀)။ ၂၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ The best and the ‘baddest’: remembering U Myint Thein (20 March 2020)။
- ↑ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (၂ဝဝ၈ ဩဂုတ်လ). "မြန်မာလူချွန် လူမွန်များ-တရားဝန်ကြီးချုပ် ဦးမြင့်သိန်း".