ဖေးလစ် မင်ဒယ်ဇုန်

ဝီကီပီးဒီးယား မှ

ယာကွပ် လုဒဗစ် ဖေးလစ် မင်ဒယ်ဇုန် ဗာသိုလဒီ (ဂျာမန်။ Jakob Ludwig Felix Mendelssohn Bartholdy) သည် ဂျာမန်လူမျိုး ဂီတစာဆို စန္ဒရားဝိဇ္ဇာ၊ ဂီတမှူး ဖြစ်၏။ ငယ်ရွယ်စဉ်က ခရစ်ယန်အယူဝါဒီအဖြစ် သွတ်သွင်းခံယူ သည့် အချိန်မှစ၍ မယ်ဒယ်ဇုန်ဟူသော ဆွေမျိုးစုအမည်တွင် ဗာသိုလဒီဟူသော အမည်ကို ထည့်ပေါင်းခြင်းဖြင့် ဆွေမျိုးစု အမည်မှာ မင်ဒယ်ဇုန် ဗာသိုလဒီ ဟု ပြောင်းသွားလေသည်။ မင်ဒယ်ဇုန်သည် ၁၈ဝ၉ ခုနှစ်တွင် ဟမ်းဗတ်မြို့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ အေဗရာဟမ် မင်ဒယ်ဇုန်ဖြစ်၍ ယဟူဒီသွေးပါကာ ဘဏ်လုပ်ငန်းရှင် ဖြစ်သည်။ မင်ဒယ်ဇုန်သည် သူ၏ဘဝတစ်လျှောက်တွင် ဆင်းရဲဒုက္ခကို အခြား ဂီတပညာရှင်များကဲ့သို့ ရင်မဆိုင်ရဘဲ သက်တောင့်သက်သာပင် မိမိပါရမီသန်ရာဖြစ်သော ဂီတကို အေးငြိမ်းစွာ ပြုစုပျိုးထောင် ၍ ထင်ရှားကျော်စောမှုကို ရရှိ၏။

မင်ဒယ်ဇုန်သည် အသက် ၄ နှစ်အရွယ်မှစ၍ အကောင်းဆုံးဆရာများဖြင့် အိမ်တွင်ပင်ပညာသင်ရလျက်၊ ဂီတ ပညာကို ဂရုတစိုက်သင်ယူရသဖြင့် ၅ နှစ် အရွယ်တွင် စန္ဒရား ကောင်းစွာ တီးတတ်ခဲ့၏။ အသက် ၁၁ နှစ်အရွယ်မှ စ၍ ဂီတသီချင်းများကို အဆက်မပြတ် ရေးသားနိုင်ခဲ့သည်။ ၁၃ နှစ် သားတွင် ပြဇာတ်ကြီးတစ်ခုကို ရေးသားနိုင်ခဲ့၏။ ထိုမှတစ်ပါး အခြား ဇာတ်သီချင်းများကိုလည်း ရေးခဲ့သည်။

အသက် ၁၆ နှစ်အရွယ်တွင် သူ၏ဖခင်က သူ့အား ဂီတပညာသည်များ စုဝေးရာ ပါရစ်မြို့သို့ ခေါ်သွားရာ၊ ထို ခေတ်ကနာမည်ကျော် တူရိယာပညာသည်များနှင့် တွေ့ဆုံခွင့် ရခဲ့လေသည် ဘာလင်မြို့သို့ ပြန်ရောက်သောအခါ သူ၏မိဘများသည် ကျယ်ဝန်းသော ဥယျာဉ်ခြံမြေနှင့် အိမ်တစ်ဆောင်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သဖြင့် သူ၏ဂီတကို လူများစွာတို့လာရောက် နားထောင်နိုင်ကြလေသည်။ ၁၈၂၇ ခုနှစ်တွင် ရှိတ်စပီးယား၏ နွေလယ်ညအိပ်မက် ပြဇာတ်အတွက် တီးကွက်များရေးခဲ့ရာ အလွန်ပင် လူကြိုက်များလှသဖြင့် တမဟုတ်ခြင်း နာမည်ကျော် လာလေသည်။ ထိုအခါ မင်ဒယ်ဇုန်မှာ ၁၈ နှစ်မျှသာ ရှိသေး သည်။ ထိုအချိန်တွင်ပင် လွန်ခဲ့သော ၇၅ နှစ်ခန့်က နာမည် ကျော် ဂီတဆရာကြီး ဗာခ်၏ သီချင်းများကို တီးမှုတ်ကပြစေ ခဲ့ရာ ထိုဆရာကြီး၏ ခေတ်တိမ်နေသောသီချင်းများသည် ထိုခေတ်ကစ၍ တစ်ဖန် ပြန်လည်ဆန်းသစ်ကာ လူကြိုက်များလာ ခဲ့လေသည်။


ထိုနောက် ဥရောပတစ်ခွင်သို့ လှည့်လည်၍ တီးမှုတ်ခဲ့ရာ မင်ဒယ်ဇုန်၏နာမည်မှာ ထင်ရှားကျော်ကြား လာလေသည်။ မင်ဒယ်ဇုန်သည် ၁၈၂၉ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပထမ အကြိမ် ရောက်ရှိသောအခါ ကောင်းမွန်စွာ ကြိုဆိုခြင်းခံရ၏။ စကော့တလန်ပြည်သို့လည်း သွားရောက်သည်တွင် ဖင်ဂယ်၏ ဂူ အမည်ရှိသော ထင်ရှားသည့် သီချင်းကိုရေးခဲ့ပေသည်။ မင်ဒယ်ဇုန်သည် အင်္ဂလန်ပြည်သို့ ၁ဝ ကြိမ်ရောက်ဘူးပေသည်။ အသက် ၂၄ နှစ်အရွယ်တွင် ဒူဆယ်ဒေါ့မြို့၌ တူရိယာဂီတညွှန်ကြားသူအဖြစ် ခန့်ထားခြင်းခံရ၏။ ၂ နှစ်ကြာသော် လိုက်ပဆစ်မြို့ရှိ ဇာတ်အဖွဲ့တွင် ညွှန်ကြားသူအဖြစ် ခန့်ထားခြင်း ခံရပြန်သည်။ ဤရာထူးမှာ ဂျာမနီပြည်တွင် ဂီတပညာရှင်များ အဖို့ အမြင့်ဆုံးရာထူးဖြစ်၏။

၁၈၃၇ ခုနှစ်တွင် ပရိုတက်စတန့်ဂိုဏ်းဝင် ပြင်သစ် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်လေရာ သူ၏အိမ်ထောင်ရေး သည် ချမ်းမြေ့သာယာ၏။ ထိုနောက်တွင် ပရပ်ရှားဘုရင်၏ နန်းတွင်းဂီတမှူးအဖြစ် ခန့်ထားခြင်းခံရ၏။ သို့သော်လိုက်ပဆစ် မြို့ပြဇာတ်အဖွဲ့တွင် ညွှန်ကြားသူအဖြစ်လည်း ဆောင်ရွက်မြဲ ဆောင်ရွက်၏။ လိုက်ပဆစ်တွင် ဂီတဗိမာန် တည်ထောင်သူ များတွင် တစ်ဦးအပါအဝင် ဖြစ်၏။

မင်ဒယ်ဇုန်သည် ၁၈၄၇ ခုနှစ် အသက် ၃၈ နှစ် အရွယ်တွင် ကွယ်လွန်သည်။ သူ၏အစ်မ အနိစ္စရောက်သည်ဟု သိရသည်တွင် ဒုက္ခအခက်အခဲ သောကပရိဒေဝကို မတွေ့မကြုံ ဖူးသူ မင်ဒယ်ဇုန်သည် စိတ်ထိခိုက်သွား၏။ စိတ်ပန်းလူပန်း လည်း ဖြစ်နေရကား နာလန်မထူတော့ဘဲ အရွယ်ကောင်းတွင် လောကကို ကျောခိုင်းသွားရပေသည်။ မင်ဒယ်ဇုန်သည် သူ၏ ခေတ်တွင် အထူးတလည်ထင်ပေါ်ကျော်ကြား၍ လူချစ်လူခင်များ ရကား သူကွယ်လွန်သောအခါ လိုက်ပဆစ်မြို့သူ မြို့သားများ ယူကျုံးမရ ဖြစ်ရလျက် လိုက်ပဆစ်မြို့တွင် သူ့ကို ဂုဏ်ပြု၍ အထိမ်းအမှတ် ကျောက်ရုပ်တစ်ခု ထုလုပ်ထားသည်။ မင်ဒယ်ဇုန်၏ ထင်ရှားသော လက်ရာများမှာ 'စိန်ပေါ' နှင့်'အီလိုင်ဂျာ' တီးလုံးများ၊ 'ဂုဏ်ပြုချီးကျူးသော ဓမ္မသီချင်း'၊ 'နွေလယ်ညအိပ်မက်ဇာတ်ကွက် တီးလုံး'၊ ထို့ပြင် 'အက္ခရာမဲ့တေးများ'၊ 'နွေဦးရာသီ' သီချင်း စသည်တို့ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)