ဖေသွန်

ဝီကီပီးဒီးယား မှ

ဖေသွန် (ရှေးဟောင်းဂရိ: Φαεθων ၊ မြန်မာ: ထိန်လင်း) သည် နေနတ်ဘုရား ဟီးလယပ်နှင့် မြစ်စောင့်နတ်သမီး ကလင်မနီတို့မှ မွေးသောသားဟု ဂရိဒဏ္ဍာရီ၌ လာသည်။

ဒဏ္ဍာရီ[ပြင်ဆင်ရန်]

နေရထားမောင်းသော ဟီးလယပ် (Helius) မှာ ကလင်မနီ (Clymene) နှင့် မေတ္တာမျှကာ ဖေသွန် ဟူသော သားတယောက် ရသည်။ ဟီးလယပ် အိုလံပတ်တောင်ခြေသို့ ပြန်သွားရာ ကလင်မနီက အီသီယိုပီးယားမှမင်းသား မီရော့ (Merops) နှင့် လက်ထပ်လိုက်သည်။

ဖေသွန် အရွယ်ရောက်သော် မီရော့မှာ သူ၏ဖခင်ရင်း မဟုတ်ကြောင်း ဟီးလယပ်သာ ဖခင်ရင်းဖြစ်ကြောင်း ကလင်မနီက ထုတ်ပြောသည်။ ဖခင်အတွက် ဂုဏ်ယူသော ဖေသွန်က သူငယ်ချင်းများကို ပြောပြသည်။ သူငယ်ချင်းများက မယုံသဖြင့် မိခင်အား ပူဆာရာ ဟီးလယပ်ရှိရာ နန်းတော်သို့ ဖေသွန်အား ကလင်မနီက လမ်းညွှန်လိုက်သည်။ ထိုနေရာသို့ ဖေသွန် သွားသည်။

မိခင်နှင့် ရုပ်ဆင်သော ဖေသွန်ကို ဟီးလယပ်က မြင်မြင်ချင်းပင် သိသည်။ ဖေသွန်က သူငယ်ချင်းများအား ဟီးလယပ်ကို ဖခင်ရင်းဖြစ်ကြောင်း သက်သေပြလိုသည်ဟု တောင်းဆိုသည်။ ဟီးလယပ်ကလည်း ပထမဆုံးတွေ့ချိန်ဖြစ်၍ သားဖြစ်သူဆန္ဒကို လိုက်လျောသည်။ ဖေသွန်က ဟီးလယပ်မောင်းနေကျဖြစ်သော နတ်ရထားကို မောင်းလိုကြောင်း ဆိုလာသည်။ ဟီးလယပ်မှာ လိုက်လျောမိခြင်းကို နောင်တရတော့သည်။ နတ်မြင်းတို့မှာ အလွန်ရိုင်းပြီး ဟီးလယပ်သာ နိုင်နင်းသည်။ သို့ဖြစ်ရာ အခြားတခုပြောင်းရန် ဖေသွန်ကို အကြံပေးသည်။ သို့သော် ဖေသွန်က နတ်ရထားမောင်းရန်သာ ပူဆာရာ အကောင်းဆုံးကို မျှော်လင့်၍ ခွင့်ပြုလိုက်သည်။

နောက်တနေ့ နံနက်ခင်းတွင် နေရထားကို ဖေသွန် ဝင့်ဝင့်ကြွားကြွား မောင်းသွားသည်။ သို့သော် ထိုကာလမှာ မကြာလိုက်။ မြင်းတို့သည် ဟီးလယပ်မဟုတ်ကြောင်း သိလာသည်နှင့် သွားလိုရာသို့ ဦးတည်ကြတော့သည်။ ဖေသွန်မှာ ရထားမှမကျရန်သာ အားထုတ်နေရ၏။ နတ်ရထားသည် ညကောင်းကင်ကိုပါ ဝင်ရောက်၍ တိုးမိသမျှကို လောင်မြိုက်သွားစေသည်။ ထိုအမာရွတ်ကိုပင် နဂါးငွေ့တန်းဟု ခေါ်ကြပြီး ညအခါ တွေ့နိုင်သေးသည်။

ထိုနတ်ရထား၏ ကသောင်းကလန်ဖြစ်သည့်သတင်း အိုလံပတ်တောင်သို့ ရောက်လာ၏။ နတ်တို့၏ ပထမမိခင် ဂိုင်အာက ဇုအား ဖြေရှင်းရန် တောင်းဆိုသည်။ ရွေးစရာမရှိတော့၍ ဇုက မိုးကြိုးပစ်ရသည်။ မိုးကြိုးမှန်ကာ အရစ်ဒနော့မြစ် (Eridanos) သို့ နတ်ရထားနှင့်အတူ ဖေသွန် ကျသွားသည်။ ပန်းပဲဆရာ မီးနတ်ဘုရား ဟစ်ဖစ်စတပ်က ရထားသစ် ပြန်လုပ်ပေးသည်။ နေမင်း၏သမီးတော်များ (Heliades) မှာ မောင်အတွက် ဝမ်းနည်းကာ အရစ်ဒနော့မြစ်ဘေး၌ နှစ်များစွာ ငိုကြသည်။ နတ်များက သနားသဖြင့် ၎င်းတို့ကို ကျူပင်များအဖြစ် ပြောင်းပေးလိုက်သည်။