ဖီးမားရှယ် အီဒီအာမင်ဒါဒါ

ဝီကီပီးဒီးယား မှ
Idi Amin

အာမင်၊ အီဒီ (ခရစ် ၁၉၂၅ ဖွား)[ပြင်ဆင်ရန်]

ဖီးမားရှယ် အီဒီအာမင်ဒါ⁠ဒါသည် ၁၉၂၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၇၁-ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှသည် ယနေ့တိုင် ယူဂန်းဒါနိုင်ငံ၏ သမ္မတဖြစ်သည်။ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝတွင် အာမင်စစ်ထဲဝင်၍ သာမန်စစ်သည် အဖြစ် အမှူထမ်းရာမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာတွင် ဗြိတိသျှဘက်မှ တိုက်ပွဲဝင်ခဲ့သည်။ စစ်တပ်သည် သာ သူ၏ဘဝကျောင်းရာ အလုပ်ခွင်ဖြစ်သည်နှင့်အညီ အာမင်သည် တပ်တွင်း၌ ၁ဝ နှစ်တိုင်တိုင် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့၏။

၁၉၆၂ ခုနှစ်တွင် ယူဂန်းဒါး နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဗိုလ်ချုပ်မှူး ရာထူးအထိ တိုးတက်ခန့်ထားခြင်း ခံရသည်။ အီဒီအာမင်နှင့် အပေါင်းပါ စစ်ဘက်ပုဂ္ဂိုလ်တို့က စင်္ကာပူဓနသဟာယ အစည်းအဝေးသို့ သမ္မတအိုဘိုတေး တက်ရောက်နေစဉ် အာဏာသိမ်းယူလိုက်ကြသည်။ အာမင်သည် အာဏာရသည်နှင့် တစ်ပြိုင်နက်ပါလီမန်ကို ဖျက်သိမ်းသည်။ မြို့ပြအုပ်ချုပ်ရေးကို ရပ်ဆိုင်းသည်။ နိုင်ငံရေးလှုပ်ရှားမှု အားလုံးကို အဆုံးသတ်၍ စစ်တပ်အား အထူးအာဏာများ ပေးထားသည်။ စစ်သေနာပတိ ရာထူးကိုပါ ပူးတွဲကိုင်ကာ စစ်တပ်နှင့် နိုင်ငံကိုအုပ်ချုပ်သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာလတွင် အိုဘိုတေးတို့အုပ်စုက အာမင်အားဖယ်ရှားရန် ကြံစည်တိုက်ခိုက်သည်။ မအောင်မြင်ခဲ့ချေ။ အီဒီအာမင်သည် အထူးသဖြင့် အရင်းရှင်နိုင်ငံနှင့် ထိုနိုင်ငံသားများ၊ ထိုနိုင်ငံတို့၏ ဘက်တော်သားများနှင့် ဆက်ဆံမှုများ အလွန်အမင်း မပြေမလည်ဖြစ်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်။ အင်္ဂလိပ်လူမျိုးတစ်ဦးကို အာမင်အား တောသားအဓမ္မလက်ျာ ဆိုရပါမည်လောဟု မျက်မာန်ပွားလျက် သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်နေ၍ ထိုစဉ်က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ကလယ်လာဟန် ကိုယ်တိုင် မေတ္တာရပ်ခံပေးရသည်။ သတင်းစာသမားတစ်ဦးနှင့် မာကရေးရေး တက္ကသိုလ် ကထိကတစ်ဦး(ပေါင်းအမေရိကန်နှစ်ဦး) အား လူသတ် သတင်းစူးစမ်းစေမှု့ကြောင့် သတ်ပစ်လိုက်သည်။ ယင်းကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ ဂျူရီကော်မရှင်က အဓမ္မမှု ကြီးစိုးတိုက်ခိုက်ဖြစ်နေပြီဟု ကမ္ဘာသို့ တင်ပြခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အာရှသားများစွာအား ညှဉ်းပန်းခြင်း၊ နိုင်ငံမှ နှင်ထုတ်ခြင်းတို့ ပြုသည့်အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ မိမိသည် ဟစ်တလာက ဂျူး ခြောက်သန်းအား သုတ်သင်ခဲ့မှုကို ထောက်ခံကြောင်း သတင်းပို့သည်။ နီးဂရိုး ဘုန်းတော်ကြီး ဂျာနာနီလူဝမ်နှင့် ယူဂန်းဒါးဝန်ကြီး နှစ်ဦးကို အိုဘိုတေးတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်သည်ဟု သင်္ကာမကင်း၍ ဖမ်းဆီးထားပြီး တစ်နေရာမှ တစ်နေရာသို့အပို့တွင် ကားချင်းတိုက်၍ အသက်ဆုံးသည်ဟုဆိုသည်။

၁၉၇၆ ခုဇူလိုင်လတွင် အကြမ်းဖက်သမားတစ်စုက လေယာဉ်နှင့် ခရီးသည်များကို ပြန်ပေးဆွဲလျက် ယူဂန်းဒါးရှိ အင်တက်ဘီလေဆိပ်တွင် လိုလားချက်များကို်ဖော်ပြရင်း ဆင်းသက်နေစဉ် အဇ္ဇာရီယယ်ကွန်မန်ဒိုတို့က စွမ်း⁠စွမ်းတမံ တိုက်ခိုက်ကယ်တင်ခဲ့သည်။ ဤအရေးတွင် လေဆိပ်မှ တာဝန်ရှိသူများကို အာမင်က အကျဉ်းနည်းစစ်ဆေးစီရင်သည်။ အာမင်သည် သူ့အား ကိုးကြိမ် လုပ်ကြံရန် စိုင်းပြင်းခဲ့ကြသည်ကိုလည်း ဂုဏ်ယူ၍မဆုံးချေ။ ၁၉၇၂ ခုနှစ်က တန်ဇားနီးယားကို ဝင်တိုက်မည်ဟု ကြိမ်းခဲ့သလို ယခုလည်း ယူဂန်းဒါးမှ ထွက်ပြေးနေကြသူများ ကျက်စား၍ အာမင်အကြောင်း သွားပုပ်လေလွင့်ပြုရာ စခန်းဖြစ်သော ကင်ညာနိုင်ငံအား ချေမှုန်းမည်ဟုခြိမ်း ခြောက်လျက်ရှိသည်။ အာမင်သည် ၁၉၇၆ ခုနှစ်တွင် မိမိကိုယ်မိမိ ရာသက်ပန် သမ္မတတင်မြေှာက်ခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)