ဖိလစ်မျဉ်းကွေး
ဖိလစ်မျဉ်းကွေးသည် ညီမျှခြင်းတကြောင်းသုံး စီးပွားရေးမော်ဒယ် (Economic model) တခုဖြစ်ပြီး စတင်ဖော်ထုတ်သူမှာ ဝီလျံဖိလစ်ဖြစ်သောကြောင့် ဖိလစ်မျဉ်းကွေးဟူ၍ တွင်သည်။ ၎င်းမျဉ်းကွေးသည် အလုပ်လက်မဲ့နှုန်းနှင့် လစာတိုးနှုန်းတို့ ပြောင်းပြန်အချိုးကျကြောင်း ဆိုထားသည်။ အလွယ်ဆိုသော် နိုင်ငံ့စီးပွား (Economy) တွင် အလုပ်ရသူများ၍ အလုပ်လက်မဲ့နှုန်း ကျလာလေလေ၊ လစာတိုးနှုန်း မြင့်လာလေလေ ဖြစ်သည်။ လူတိုင်းအလုပ်ရှိနေသောအခါ အရည်အချင်းရှိသူ ကျွမ်းကျင်သူကို ငွေများများပေး၍ ခေါ်ရခြင်းကြောင့်တည်း။ ဖိလစ်က အလုပ်အကိုင်နှင့် ငွေပွခြင်း (inflation) အဆက်အစပ်ကို ထည့်မပြောခဲ့ပေ။ သို့သော် သူကောက်ခဲ့သော စာရင်းများမှသည် ပေါဆင်မြူယယ်ဆန်နှင့်ရောဘတ်ဆောလိုတို့က ဖော်ယူသည်။ တပြိုင်တည်းဆိုသလိုပင် မေလတန်ဖရိုင်းမန်းနှင့်အဒ္ဒမန်ဖဲ့တို့က သီအိုရီဖွဲ့စည်းပုံရအောင် ဆင်နိုင်ခဲ့သည်။ ထိုသို့ လုပ်စဉ်ပင် ဖရိုင်းမန်းသည် ဖိလစ်ထုတ်သောသီအိုရီ၏ အဆက်အစပ်မဝင်မှုကိုလည်း အောင်အောင်မြင်မြင် တွက်ကိန်းထုတ်နိုင်ခဲ့သည်။
ကာလတိုအတွက်မူ အလုပ်လက်မဲ့နှုန်းနှင့် ငွေပွနှုန်းသည် အတိုးအလျော့ရှိသည်။ သို့သော် ကာလရှည်အတွက်မူ မမှန်ပေ။ ၁၉၆၇ ခုနှင့် ၁၉၆၈ ကာလတွင် ဖရိုင်းမန်းနှင့်ဖဲ့တို့က ဖိလစ်မျဉ်းကွေးကို ကာလတိုအတွက်သာသုံးနိုင်ကြောင်း၊ ရေရှည်တွင် ငွေပွမှုထိန်းသောမူဝါဒများသည် အလုပ်လက်မဲ့နှုန်းကို မကျစေကြောင်း ဖြည့်စွက်သည်။ ဖရိုင်းမန်းသည် ၁၉၇၃-၇၅ စီးပွားကြပ်ချိန်၌ အလုပ်လက်မဲ့နှုန်းရော ငွေပွနှုန်းပါ တိုးလာမည်ဟု မှန်မှန်ကန်ကန် ဟောကိန်းထုတ်နိုင်ခဲ့သည်။ ယခုအခါ ကာလရှည်အတွက်သုံးသည့် ဖိလစ်မျဉ်းကွေးကို ငွေပွနှုန်းက အလုပ်လက်မဲ့နှုန်းကို မထိခိုက်စေသော ကြားနေနှုန်းအဖြစ် ဒေါင်လိုက်မျဉ်းဆွဲ၍ သုံးကြသည်။ ၂၀၁၀ ကာလများတွင် ဖိလစ်မျဉ်းကွေးနှင့်ငွေပွခြင်းကို ခန့်မှန်းခြင်းသည် အသုံးဝင်မဝင်ကို အငြင်းအခုန်များရှိလာသည်နောက် သုံးစွဲမှုနည်းလာသည်။ မည်သို့ပင်ဆိုစေကာမူ ဗဟိုဘဏ်များ၌ ဖိလစ်မျဉ်းကွေးသည် ငွေပွခြင်းကို သိရှိခန့်မှန်းရန် အခြေခံမူဘောင်အဖြစ် ရှိနေသေးသည်။