ဖစ်တာ (ဆစ်ဂနယ်)

ဝီကီပီးဒီးယား မှ

ဖစ်တာ ဆိုသည်မှာ ဆစ်ဂနယ်နှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆစ်ဂနယ်အတွင်းရှိ မလိုအပ်သော အစိတ်အပိုင်း ကို ဖယ်ထုတ်ရန် အတွက် အသုံးပြုသော ကိရိယာ သို့မဟုတ် လုပ်ဆောင်ချက် ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဖစ်တာဖြင့် ဖယ်ထုတ်ခြင်းသည် ဆစ်ဂနယ်နှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း၏ တစိတ်တဒေသဖြစ်သည်။ ဖစ်တာသည် ဆစ်ဂနယ်၏ အချို့သော အစိတ်အပိုင်းများကို တပိုင်းတစ သို့မဟုတ် လုံးဝ ဖယ်ထုတ်ပစ်လေ့ ရှိသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အချို့သော ကြိမ်နှုန်းတို့ကို ဖယ်ရှားပစ်ပြီး အချို့ကြိမ်နှုန်းတို့ကိုမူ မူလအတိုင်း ချန်လှပ်ထားခဲ့လေ့ ရှိသည်။ ဆစ်ဂနယ်အတွင်း အနှောင့်အယှက်ပေးနေသော ဆစ်ဂနယ်များနှင့် နောက်ခံ ဆူညံသံများကို ဖော်ပြနေသော ကြိမ်နှုန်းများကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည်။ သို့သော်လည်း ဖစ်တာဖြင့် ဖယ်ရှားခြင်းသည် ကြိမ်နှုန်းတစ်ခုကိုသာလျှင် ဖယ်ရှားခြင်း မဟုတ်ပဲ အခြားမလိုအပ်သော ဆစ်ဂနယ်များကိုလည်း ဖယ်ရှားလေ့ ရှိသည်။

ပုံမှန်အားဖြင့် ဖစ်တာ များကို ၎င်းတို့၏ လုပ်ဆောင်ချက် ပေါ်တွင် မူတည်၍ (၄) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ

  1. လိုးပတ်စ် ဖစ်တာ (Low-pass Filter) - သတ်မှတ်ထားသော ကြိမ်နှုန်းထက် နည်းသော ဆစ်ဂနယ်များကို သာ ခွင့်ပြုသည်။ သတ်မှတ်ထားသော ကြိမ်နှုန်းထက် များသော ဆစ်ဂနယ်များကို ဖယ်ရှားသည်။
  2. ဟိုင်းပတ်စ် ဖစ်တာ (High-pass Filter) - သတ်မှတ်ထားသော ကြိမ်နှုန်းထက် များသော ဆစ်ဂနယ်များကိုသာ ခွင့်ပြုသည်။ သတ်မှတ်ထားသော ကြိမ်နှုန်းထက် နည်းသော ဆစ်ဂနယ်များကို ဖယ်ရှားသည်။
  3. ဘန်းပတ်စ် ဖစ်တာ (Band-pass Filter) - သတ်မှတ်ထားသော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကြိမ်နှုန်း နှစ်ခု အတွင်း ကျရောက်သော ဆစ်ဂနယ် များကို သာ ခွင့်ပြုသည်။ အနိမ့်ဆုံး ကြိမ်နှုန်းထက် လျော့နည်းသော သို့မဟုတ် အမြင့်ဆုံး ကြိမ်နှုန်းထက် များသော ဆစ်ဂနယ်များကို ဖယ်ရှားပစ်သည်။
  4. ဘန်းစတော့ ဖစ်တာ (Band-stop Filter) - သတ်မှတ်ထားသော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကြိမ်နှုန်း နှစ်ခု အတွင်း ကျရောက်သော ဆစ်ဂနယ် များကို ဖယ်ရှားပစ်သည်။ အနိမ့်ဆုံး ကြိမ်နှုန်းထက် လျော့နည်းသော သို့မဟုတ် အမြင့်ဆုံး ကြိမ်နှုန်းထက် များသော ဆစ်ဂနယ်များကို ခွင့်ပြုသည်။