ပွင့်လန်း (သတ္တုတွင်း)

ဝီကီပီးဒီးယား မှ

ပွင့်လန်း (သတ္တုတွင်း) (၁၉၃၆-၁၉၉ဝ)[ပြင်ဆင်ရန်]

စာပေလောက၌ ပွင့်လန်း (သတ္တုတွင်း) ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သော ဦးလှထွန်းအား ၁၉၃၆ ခု၊ ဧပြီလ ၆ ရက်နေ့တွင် အဖ နယ်စီးတောအုပ် ဦးဘိုးခန့်၊ အမိ ဒေါ်နန်းတင့်တို့က ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက်ဖြစ်ပြီး အမည်အရင်းမှာ ဦးလှထွန်း ဖြစ်သည်။


ပျဉ်းမနားဇာတိ ဖြစ်သော်လည်း စေတုတ္တရာမြို့နယ် တန်းလည်ကျင်းရွာ၌ ကြီးပြင်းခဲ့သည်။ ထိုကျေးရွာ မူလတန်းကျောင်း၌ ပထမတန်း အောင်မြင်သည်။ ဂျပန်ခေတ်တွင် စစ်ဘေးကို တိမ်းရှောင်ရင်း မုန်းမြစ်ဖျားရှိ ချီချောင်းချင်း အမျိုးသား ကျေးရွာဘုန်းကြီးကျောင်း၌ ပညာသင်သည်။ စစ်အပြီးတွင် စလင်း မြူနီစီပယ်ကျောင်း၊ ပွင့်ဖြူ အစိုးရ အလယ်တန်းကျောင်း၊ စလင်း အထက်တန်းကျောင်းတို့တွင် ပဉ္စမတန်းအောင်သည် အထိ ပညာသင်သည်။ မုံရွာ ဦးဘစိန် အလွတ်ပညာ သင်တန်းကျောင်း ထိုနောက် အခြေခံ ဆေးသင်တန်း (မန္တလေး) တို့တွင် ပညာသင်သည်။ ဆေးသင်တန်း ပထမနှစ် အောင်မြင်ခဲ့သည်။ အနုပညာနယ် ဖြစ်သော စာပေနှင့် ရုပ်ရှင်နယ်သို့ ဝင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၄၅ ခုတွင် ရန်ကုန်သို့ ဆင်းလာသည်။


၁၉၅၅-၅၆ တွင် ရန်ကုန်မြို့ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့၌ စာရေး ဝင်လုပ်သည်။ ၁၉၅၆ တွင် တက္ကသိုလ်ဝင်တန်း အောင်သည်။ ထို့နောက် ခွေးရူးကိုက် ရောဂါကု ဆေးရုံတွင် ဖွင့်လှစ်သော ဓာတ်ခွဲမှူး သင်တန်းသို့ တတ်ပြန်သည်။ သို့သော် သင်တန်းဆုံးအောင် မတက်ဘဲ စာတိုက်ကြီးတွင် ဝင်ရောက် အမှုထမ်းပြန်သည်။ ထို့နောက် ဘူမိဗေဒဌာနတွင် ငွေစာရင်းကိုင် အဖြစ် အမှုထမ်းသည်။ သတ္တုတွင်းဌာန အထက်တန်း ဘူမိဗေဒ လက်ထောက်အဖြစ် ၁၁ နှစ် အမှုထမ်းပြီး ၁၉၆၇ ခုနှစ်တွင် အလုပ်မှ ထွက်သည်။


မင်းဘူး အစိုးရ အထက်တန်းကျောင်းတွင် ပညာသင်စဉ် ကျောင်းလက်ရေး စာစောင်၌ စာရေးသည်။ မန္တလေး၊ အမှတ် (၁) အထက်တန်း ကျောင်းသား သမဂ္ဂတွင် ပညာရေးမှူး တာဝန်ယူပြီး နံရံကပ် စာစောင်နှင့် ပုံနှိပ်စာစောင်များ ဦးစီးထုတ်ဝေသည်။ ထိုစာစောင်များတွင် ဝတ္ထုများ၊ ကဗျာများ ရေးသည်။


၁၉၆၅ ခုနှစ်အတွက် အမျိုးသား စာပေဆု ပြိုင်ပွဲတွင် 'တောင်ကျစမ်းများ မခန်းလေ' ဝတ္ထုစာမူဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရသည်။


ပွင့်လန်း (သတ္တုတွင်း) သည် စာပေဆုရချိန်၌ အသက် ၂၉ နှစ် အရွယ်မျှ ရှိသေးသည်။ ထိုအချိန်တွင် သူသည် လုံချင်းဝတ္ထု နှစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးပြီးနောက် စာရေးခြင်း ရပ်ဆိုင်းနေသော အချိန် ဖြစ်သည်။ ဆုမရခင် ထုတ်ဝေဖူးသော ဝတ္ထုရှည် နှစ်ပုဒ်မှာ 'မမမင်းသမီး' (၁၈၅၇) နှင့် 'မောင်တော်ဝင်ပန်း' (၁၉၅၈) တို့ ဖြစ်သည်။


ပွင့်လန်း၏ ဝတ္ထုသည် 'တောင်ကျစမ်းရေ ဘယ်အခါမျှမခန်း' ဟူသော သဘောကို ယူ၍ တိုင်းရင်းသား ချစ်ကြည်ရေးစိတ်သည် ဘယ်အခါမျှ မပျက်ဟူသော ဦးတည်ချက်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ချင်းတောင်ဒေသ ဖွံ့ဖြိုးရေးနှင့် ချင်းတောင်ကို နောက်ခံပြုသော ဝတ္ထုဇာတ်လမ်း ဖြစ်သည်။ အဆိုပါ စာအုပ်ကို ကျောက်မြောင်းဈေးလမ်း ပဒေသာစာပေမှ ၁၉၆၇ ခု၊ မတ်လတွင် ထုတ်ဝေသည်။ အုပ်ရေ ၃ဝဝဝ ရိုက်နှိပ်၍ တအုပ်လျှင် သုံးကျပ်နှုန်းဖြင့် ရောင်းချသည်။ အဖုံးကို ပန်းချီ သောင်းဟန်က ရေးဆွဲပေးသည်။ ဝတ္ထုရှေ့ပိုင်းတွင် ထီလာဘရီက အမှာစာရေးသည်။


ထိုစာမူကို ပုံနှိပ်ထုတ်ဝေသည့် နှစ်တွင် အလုပ်မှ ထွက်ပြီး စာရေးသားမှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည်။ ထိုအချိန်မှ စ၍ ၁၉၇၁ ခုနှစ်၊ မတ်လအထိ သုံးနှစ်ကျော်ကာလ အတွင်း ဝတ္ထုအရှည် ၁၉ ပုဒ်၊ ဝတ္ထုတို ၂ ပုဒ်၊ ဆောင်းပါး ၁ဝ ပုဒ် ရေးခဲ့သည်။


ပွင့်လန်း (သတ္တုတွင်း) ၏ ဝတ္ထုများ အနက် တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်း (၁၉၆၇)၊ မိုးလမ်းလေလမ်း မုန်တိုင်းလမ်း၌ (၁၉၆၇)၊ ရွက်စိမ်း (၁၉၆၈)၊ နေထွက်တောင်နှင့် နေဝင်တောင် (၁၉၆၈)၊ ဖလံဖြူမလေး (၁၉၆၈)၊ ကျားတထောင် (၁၉၆၈)၊ ဇလပ်ပန်း၊ ရေငတ်ပန်း၊ ပန်ပန်းလေးလား ခရေလားကွယ်၊ ရွှေကိန္နရီလား သူဇာလား၊ ဒုဋ္ဌဝတီ ရေကြည်ချောင်း၊ ပင်လယ်ပြာပြာ မိုးပြာပြာ၊ ကျွန်တော်နှင့် ဒေဝစာ္ဆရာ၊ နွေပွင့်ပန်းနှင့် စမ်းသီတာ၊ ရွက်တိုက်ပြေးပါ ရော်ရွက်ဝါ၊ ခနောင်းလမ်းနှင့် ပန်းခရေ၊ အနုပညာရယ် အသည်းနှလုံးရယ် မိန်းကလေးရယ် စသည်တို့ ဖြစ်သည်။


သူရေးခဲ့သော 'တောင်ခိုးဝေဝေ မြူမြူဆိုင်းဆိုင်း' ဝတ္ထုကို ရွှေဟင်္သာ ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေ၊ ခင်ယုမေနှင့် ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ရွက်စိမ်း အမည်ရှိ ဝတ္ထုကိုလည်း လျှပ်စစ်ရုပ်ရှင်က မင်းသားဝင်းလှိုင်၊ နွဲ့နွဲ့မူ တို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။


ဦးကြင်ဥ၏ 'လေးကြီးရှင်' ကဗျာလာ "သက်တံကွေးနှင့် ဘေးဘိုးပါဆင်းသက်၍၊ 'ဘ' လက်ထက်တိုင်၊ လေးတော်နှင့် ပွင့်လန်း၊ မှုတော်ကို ထမ်းခဲ့သည်" ဟူသော စာသားကို အစွဲပြုပြီး ကလောင်အမည် ယူခဲ့သည်။ နောင်တွင် တက္ကသိုလ် ပွင့်လန်း အမည်ဖြင့် နာမည်တူ ပေါ်သဖြင့် ပွင့်လန်း (သတ္တုတွင်း) ဟု ပြင်ခဲ့ခြင်း ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အမျိုးသား စာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း) သည် ၁၉၉ဝ ပြည့်နှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် သန်လျင်မြို့ နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လှမြနှင့် သားသမီးများ ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှ