ပြားငါးဆယ်

ဝီကီပီးဒီးယား မှ

တတိယမြောက် ကာတစ် ဂျိမ်း ဂျက်ဆန် (၁၉၇၅ ဇူလိုင် ၆ ဖွား) သည် ပြားငါးဆယ်ဟူသောအမည်ဖြင့် ကျော်ကြားသည့် အမေရိကန်နိုင်ငံသား ရပ္ပါ၊ တေးရေး၊ ရုပ်သံထုတ်လုပ်သူ၊ သရုပ်ဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ ဟစ်ပဟော့နယ်ပယ်တွင် သူ၏ရိုက်ခတ်မှုမှာ အားကောင်းသဖြင့် တေးစကားလုံးအရာတွင် ဆရာတဆူအဖြစ် သတ်မှတ်ကြသည်။

ကွင်းအနီး တောင်ဂျမေကာ၌ မွေးသည်။ ၁၉၈၀ ကာလများ၌ အသက် ၁၂ အရွယ် ဂျက်ဆန်က မူးယစ်ဆေး ရောင်း၏။ နောက်ပိုင်းတွင် ဂီတနယ်၌ အခြေချဖြစ်ပြီး ၂၀၀၀ ပြည့်တွင် ကိုလံဘီယာတေးထုတ်လုပ်ရေးမှ ဒေါ်လာရဲ့ပါဝါ အယ်လ္ဘံကို ထုတ်ရန်ပြင်သည်။ သို့သော် မထုတ်မီတရက်တွင် သေနတ်ပစ်ခံရပြီး ၎င်းအယ်လ္ဘံမှာ ဘယ်သောအခါမှ ထွက်မလာတော့။ ၂၀၀၂ ခုတွင် ဘယ်သူလာပလဲ မှန်းစမ်း ခွေကို ထုတ်သည်။ အမီနာက သဘောတွေ့ကာ သူ၏ သျှိတ်ဓီတေးထုတ်လုပ်ရေးနှင့် ပြားငါးဆယ်ကို စာချုပ်လုပ်သည်။ ၎င်းထုတ်လုပ်ရေးမှာ ငယ်သော်လည်း ဒေါက်တာဒရေးအာဖတာမတ်ဖျော်ဖြေရေးနှင့် အင်တာစကုတေးထုတ်လုပ်ရေးတို့ကို နောက်ခံပြုသော မသေးလှသည့် ထုတ်လုပ်ရေးတခုတည်း။

အမီနာနှင့် ဒေါက်တာဒရေးတို့ အကူဖြင့် ချမ်းသာအောင်လုပ်မလား ကြိုးစားရင်းသေမလား အယ်လ္ဘံ ထွက်လာသည်နောက် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ရပ္ပါနေရာကို ရလာပြီး အရှေ့ဘက်ကမ်းရိုးတန်းရပ္ပါလူစု ဂျီယူနစ်၏ အတုမဲ့ခေါင်းဆောင်ဖြစ်လာသည်။ ၂၀၀၃ ခုတွင် ဂျီယူနစ်တေးထုတ်လုပ်ရေးကို ထူထောင်သည်။ အဖွဲ့ဝင်များဖြစ်သော ယန်းဘက်၊ လွိုက်ဘဏ်နှင့် တိုနီယာယိုတို့ကို စာချုပ်ချုပ်သည်။

ဒုတိယမြောက်အယ်လ္ဘံသည်လည်း အဝေအဖန်များသည့်နည်းတူ စီးပွားရေးအရလည်း အောင်မြင်သည်။ ထိုအယ်လ္ဘံ လူသတ်ပွဲ ကို ၂၀၀၅ ခုတွင် ဖြန့်သည်။ ဆိုဟန်ဆိုလက်အပြောင်းအလဲကို ၂၀၁၄ ထွက် ပဉ္စမမြောက်အယ်လ္ဘံ တိရစ္ဆာန်တို့ရည်မှန်းချက် ၌ လုပ်သည်။ ၂၀၂၁ ခုတွင် ဆဋ္ဌမမြောက်အယ်လ္ဘံ လမ်းဘုရင်မသေမျိုး ကို ထုတ်ဝေရန် စီစဉ်နေသည်။ ရုပ်သံဇာတ်လမ်းတွဲ ပါဝါ (၂၀၁၄-၂၀၂၀) တွင် ထုတ်လုပ်သူအဖြစ်ရော သရုပ်ဆောင်အနေနှင့်ပါ လုပ်သည်။