ပြည်သူ့ အခွင့်အရေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အခွင့်အရေး ဆိုသည်မှာ ခိုင်မာတိကျစွာ အဓိပ္ပါယ်ဖွင့်ရန် ခက်ပါသည်။ သူ့နေရာနှင့်သူ အလေးအနက်၊ အတိမ်အနက် ကွာခြား နိုင်သောကြောင့် ဖြစ်သည်။ ပြည်သူ ဆိုသည့် စကားလုံးနှင့် ယှဉ်တွဲ သုံးလိုက်လျှင် ထိုအခွင့်အရေး ဆိုသည့် စကားလုံးက ပိုကျယ်ပြန့် သွားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်း ဆိုင်ရာ လွတ်လပ်ခွင့် နှင့်လည်း ပတ်သက် နေကြောင်း တွေ့ရသည်။

အခွင့်အရေး ဆိုသည်မှာ အကြွင်းမဲ့ပြီး ပြည့်စုံသည့် သဘော မဆောင်ပေ။ လူတစ်ယောက်၏ လွတ်လပ်ပိုင် ခွင့်သည် အခြား တစ်ယောက်၏ လွတ်လပ်ပိုင်ခွင့်ကို ထိပါး နှောင့်ယှက်ရာ ရောက်သည့် အခွင့်အရေးမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော် ဆိုသည်မှာ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ခြင်း တာဝန်ကို ဖော်ဆောင် ရသူများ ဖြစ်လာသည်။

ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ အစိုးရ တစ်ရပ်၏ အကန့်အသတ် အတွင်းမှာသာ ရှိသည်။ ဆိုလိုသည်မှာ တရုတ်ပြည်တွင် နေထိုင်သူများ အနေဖြင့် အမေရိကန် နိုင်ငံပြည်သူများ၏ အခွင့်အရေးမျိုး တောင်းဆို၍ မဖြစ်နိုင်ပေ။ သို့သော် အမေရိကန် လွတ်မြောက်ရေး ကြေညာစာတမ်း ထွက်လာသည်။ အင်္ဂလိပ်နှင့် အမေရိကန်တို့ ပေါင်းစပ် ထားသည့် ထိုအခွင့်အရေး တောင်းဆိုချက်များကို ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံများက မျက်စိကျ လာကြသည်။

ပြည်သူ့ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးရေးသည် နိုင်ငံတော် တာဝန်သာ ဖြစ်သည်။ နိုင်ငံတော်က ပြည်သူတို့၏ အခွင့်အရေးကို နည်းလမ်း သုံးရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးရသည်။

ထိုနည်းလမ်းများမှာ-

  1. ဥပဒေဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း (Legislative Provision)
  2. ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း (Constitutional Provision)
  3. ဥပဒေနှင့် ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း (Legislative and Constitutional Provision) တို့ဖြစ်သည်။

ပြည်သူ့ အခွင့်အရေးကို ဥပဒေဖြင့် သတ်မှတ်ပေးခြင်း ဆိုသည်မှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေးကို ဥပဒေ တစ်ခုတည်းဖြင့်သာ အကာအကွယ် ပေးထားသည်။ ဥပမာ ဗြိတိန်တွင် ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ "Magna Charta" "Bill of Rights" တို့နှင့်သာ သက်ဆိုင်ပြီး ထိုဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်လေ့ ရှိသည်။ ပါလီမန်သည် နိုင်ငံတော်တွင် အထွတ်အထိပ် နေရာတွင် ရှိနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များသည် Magna Charta ESifh Bill of Rights ပါ ဥပဒေများကို လွှမ်းမိုး ထိန်းချုပ်ခွင့် မရှိပေ။ ဆိုလိုသည်မှာ ပါလီမန်သည် ပြည်သူ့ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကျော်လွန်ခွင့် မရှိရခြင်း ဖြစ်သည်။ ဗြိတိန် ပြည်သူတို့ အတွက် ရိုးရာနှင့် အစဉ်အလာ ဥပဒေများသည် ပြည်သူ့ အခွင့်အရေး အတွက် အခိုင်အမာ ရပ်တည် ပေးထားသည်ဟု ဆိုနိုင်သည်။

ပြည်သူ့ အခွင့်အရေးကို ဖွဲ့စည်းပုံဖြင့် သတ်မှတ်ပေးခြင်း ဆိုသည်မှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံတွင် ရောထွေး ထည့်သွင်းထားလေ့ ရှိကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံတွင် နောက်ထပ် ဖြည့်စွက်ချက် ၁၀ ချက်ကို ထပ်ဖြည့်ကာ ထည့်သွင်း ထားခြင်းမျိုး ဖြစ်သည်။ ဥပဒေထက်ပိုပြီး လေးနက် စေကာ မဖြစ်မနေ ကာကွယ် စောင့်ရှောက် ပေးမည် ဆိုသည့်သဘော သက်ရောက် သွားစေရန် ဆောင်ရွက် လိုက်သည့် သဘော ဖြစ်သည်။ အခြားသော နိုင်ငံများသည်လည်း လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့်များကို ဖွဲ့စည်းပုံတွင် အခြေခံ ရပိုင်ခွင့်များ အနေဖြင့် ထည့်သွင်းခြင်း ပြုလာကြောင်း တွေ့ရသည်။

ဥပဒေနှင့် ဖွဲ့စည်းပုံ ရောထွေးကာ ပြဋ္ဌာန်း သတ်မှတ်ပေးခြင်းမှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေးကို ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ် ပေးထားပြီး နောက်မှ ဥပဒေဖြင့် အသေးစိတ် ပြန်လည် ပြဋ္ဌာန်းပေးခြင်းကို ဆိုလိုပါသည်။ ခေတ်သစ် ဆွစ်ဇာလန်နိုင်ငံနှင့် ဖက်ဆစ်စနစ်ကို ကျင့်သုံးစဉ်က အီတလီနိုင်ငံတို့တွင် ပြည်သူ့ အခွင့်အရေးများကို သီးခြားပြဋ္ဌာန်း ထားသော်လည်း သီးခြား ဥပဒေများဖြင့် ပြဋ္ဌာန်း ဆောင်ရွက်မှုများလည်း ရှိကြောင်း တွေ့ရသည်။ ဤသို့နှစ်မျိုး ပေါင်းစပ် ပြဋ္ဌာန်းခြင်းကို ခိုင်မာသည့် ပြည်သူ့ အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုဟု မဆိုနိုင်ပေ။ မူဆိုလိုနီခေတ်တွင် အီတလီနိုင်ငံ၌ နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး သတင်းစာ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်ခဲ့သည်။ သို့သော် သတင်း လွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံက သတ်မှတ် ပေးခဲ့ပြီး ဖြစ်သည်။

ပြည်သူ့အခွင့်အရေး အမျိုးအစားများ[ပြင်ဆင်ရန်]

ပြည်သူ့ အခွင့်အရေးကို ၅ မျိုး ခွဲခြား သတ်မှတ် နိုင်ပါသည်။

  1. ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေး
  2. ပိုင်ဆိုင်မှု ဆိုင်ရာ အခွင့်အရေး
  3. ဥပဒေအရ အညီအမျှ ခံစားပိုင်ခွင့် အခွင့်အရေး
  4. နိုင်ငံရေးဆိုင်ရာ အခွင့်အရေး
  5. လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခွင့်အရေးတို့ဖြစ်သည်။

၁။ ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေး[ပြင်ဆင်ရန်]

ပုဂ္ဂလိက အခွင့်အရေးတွင် လူတစ်ဦးချင်း အလိုက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်တို့ ပါဝင်ပြီး လူသား တစ်ယောက်၏ ဘဝအတွက် အခြေခံ အခွင့်အရေးများ အနေဖြင့် သတ်မှတ်ကြသည်။ သို့သော် ထိုအခွင့်အရေးများသည် ရှိသာရှိပြီး နိုင်ငံတိုင်းတွင် အတိုင်းအတာ မတူနိုင်ပေ။ နိုင်ငံ၏ အနေအထားအရ ရချင်လည်း ရမည်။ မရတာတွေလည်း ဖြစ်နိုင်သည်။ နိုင်ငံတော်နှင့် ယှဉ်လာလျှင် လူတစ်ဦးချင်းစီ၏ အခွင့်အရေး ဆိုသည်မှာ ဘာမျှ မဟုတ်ဟူ၍ ခံယူထား တတ်သည်နှင့်လည်း ကြုံတွေ့နိုင်သည်။ လွတ်လပ်စွာ ပြောဆိုခွင့် ပုံနှိပ် ထုတ်ဝေခွင့်များကို နိုင်ငံတော်အား အကြည်အညို ပျက်စေနိုင်မှု အသရေ ဖျက်နိုင်မှုများဖြင့် ကန့်သတ် ထားလေ့ ရှိသည်။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ဆိုသည်မှာလည်း ကျန်းမာရေးကို မထိခိုက်စေလျှင်၊ လူမှု အကျိုးစီးပွားကို မထိခိုက်စေလျှင် ဆိုသည့် အကန့်အသတ်လေးများ ရှိနေမည်သာ ဖြစ်သည်။ လူတိုင်း အသက်ရှင် နေထိုင်ခွင့် ရှိသဖြင့် ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးရသည်။ လူ့ဘောင် အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်လိုသဖြင့် လက်နက်ကိုင် ရမ်းကားပြီး လုပ်ချင်တိုင်း လုပ်ခွင့်မရှိစေရန် ထိန်းချုပ်ရမည်။ စစ်ရေးဖြင့် စစ်တပ်ကသာ ဆောင်ရွက်ခွင့် ရှိသည့် ကိစ္စများကို အရပ်ဖက်မှ ဝင်ရောက်စွက်ဖက် လုပ်ဆောင်ခြင်း မရှိရန်လည်း ထိန်းချုပ်ရမည်သာ ဖြစ်သည်။

၂။ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး[ပြင်ဆင်ရန်]

ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ လူတစ်ဦးချင်း ဆိုင်ရာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်များနှင့် သက်ဆိုင်သည်။ သို့သော် ထိုရောင်းဝယ် ပိုင်ဆိုင်ခွင့်များသည် နိုင်ငံတော်က သတ်မှတ်ထားသည့် ဥပဒေနှင့် အညီသာ ဖြစ်ရမည်။ ဤကဏ္ဍတွင် လူတိုင်း လွတ်လပ်စွာ လုပ်ကိုင်နိုင်သည် ဆိုသော်လည်း နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့် ရှိသည့် ကိစ္စများကို နိုင်ငံတော်ကသာ သီးခြား သတ်မှတ် လုပ်ဆောင်ခွင့် ရှိသည်။ ဥပဒေအရလည်း သတ်မှတ်သင့်သည့် နှုန်းထားများ အတိုင်း ရောင်းဝယ်ရန် နိုင်ငံတော်မှ သတ်မှတ်ခွင့် ရှိသည်။ ထို့ပြင် နိုင်ငံတော်သည် ထိုရောင်းချသည့် လုပ်ငန်းများ၏ အကျိုး အမြတ်များထဲမှ နိုင်ငံတော် အတွက် အခွန်အဖြစ် သတ်မှတ် ကောက်ခံခွင့် ရှိသည်။

၃။ ဥပဒေအရ အညီအမျှ ခံစားပိုင်ခွင့် အခွင့်အရေး[ပြင်ဆင်ရန်]

လူတိုင်း (လူမျိုး၊ ဘာသာ၊ ကျားမ၊ အရွယ်) မခွဲခြားဘဲ ဥပဒေအရ အညီအမျှ ရပိုင်ခွင့် ရှိသည်။ ပြည်သူ ပြည်သားတိုင်း၏ ရပိုင်ခွင့် တစ်ခု အနေဖြင့်လည်း အစိုးရတိုင်းက ထိုအခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးရသည်။ ဥပဒေဆိုသည်မှာ ဘက်လိုက်ခြင်း မရှိရ။ အစိုးရ ဆိုသည်ကလည်း ဥပဒေကို ဘက်လိုက်စေရန် တွန်းအား မပေးရ။ အမှန်တကယ်တော့ လူတိုင်းဖြစ်စေ၊ အဖွဲ့အစည်းတိုင်း ဖြစ်စေ၊ ဥပဒေအရ တစ်တန်းစားတည်း တစ်သားတည်း ဖြစ်ရန် မသတ်မှတ်နိုင်ပေ။ ဥပမာ လူတိုင်း ညီမျှစေရန် ငွေကြေး မည်မျှသာ ပိုင်ဆိုင်ရမည်ဟု သတ်မှတ်ပိုင်ခွင့် မရှိပေ။ အချို့သော ကိစ္စများတွင် လူတန်းစား အဖွဲ့အစည်း၊ ဘာသာရေး၊ လူမျိုးရေး အလိုက် ခွဲခြား သတ်မှတ် ပြဋ္ဌာန်းရသည်များလည်း ရှိနိုင်သည်။ လူတိုင်း အခွန်ဆောင် ရမည်ဆိုပြီး ချမ်းသာသာ ဆင်းရဲရဲ တစ်သားတည်း သတ်မှတ် ကောက်ခံရန် မဖြစ်နိုင်ပေ။ ဤနေရာမျိုးတွင် သူ့ဝင်ငွေ၊ သူ့အဆင့်အတန်း အလိုက် ခွဲခြား သတ်မှတ်မှုမျိုး ကတော့ ရှိနေမည်သာ ဖြစ်သည်။

၄။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး[ပြင်ဆင်ရန်]

လူတိုင်း မိမိကိုယ်မိမိ အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကိုယ့်အမျိုးသားများက အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ နိုင်ငံတော် ဆိုသည်မှာ ပြည်သူနှင့် တစ်သားတည်း ဖြစ်သည်။ လူမျိုးရှိလျှင် နိုင်ငံအဖြစ် တည်ရှိပိုင်ခွင့် ရှိရမည် ဖြစ်သည်။ ဤနိုင်ငံရေး ဆိုင်ရာ အခွင့်အရေးသည် အထူး အခွင့်အရေး မဟုတ်၊ ပြည်သူ ပြည်သားတိုင်း၊ နိုင်ငံသူ နိုင်ငံသားတိုင်း ရပိုင်ခွင့် အခွင့်အရေး တစ်ခု ဖြစ်သည်။ ဒီမိုကရေစီကို အကြောင်း ပြုထားသော အစိုးရမျိုးသည် နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးများကို ပိုပြီး အလေးထား လေးစားရမည်။ နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်သည့် လွတ်လပ်စွာ စုဝေး ဆွေးနွေးခွင့်၊ အစိုးရအပေါ် ရသင့် ရထိုက်သည့် အခွင့်အရေးများ တောင်းဆိုပိုင်ခွင့်၊ မိမိ နှစ်သက်သည့် ပါတီ သို့မဟုတ် လူပုဂ္ဂိုလ်ကို မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ စည်းရုံး လှုပ်ရှားခွင့်များ ရရှိနေရမည် ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင် ရတတ်သည့် ကိစ္စများ ဖြစ်နိုင်ပါသည်။ စုဝေးခြင်းမှသည် သတ်မှတ် ထားသည့် ဥပဒေများကို ချိုးဖောက်ပါက အခွင့်အရေးများ ဆုံးရှုံးတတ်သည်။ ပါတီ ထောင်ခြင်း၊ မဲဆွယ်ခြင်း၊ မဲပေးခြင်း တို့တွင်လည်း သတ်မှတ် ထားသည့် ဥပဒေအတိုင်း လိုက်နာမှသာ အခွင့်အရေး ရတတ်သည်။

၅။ လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခွင့်အရေး[ပြင်ဆင်ရန်]

ဤကဏ္ဍတွင် ပြဋ္ဌာန်းထားသည့် တရားဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်းနှင့် သက်ဆိုင်သည်။ နိုင်ငံတိုင်းတွင် ပြည်သူတိုင်း အတွက် လိုက်နာရမည့် ဥပဒေက သတ်မှတ် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ပြည်သူတိုင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ တရားစီရင်ခြင်းကို ပြည်သူများ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြင်ဆင် ဖြည့်စွက်ချက် ဥပဒေများအရ ပြစ်မှု တစ်ခုခုအတွက် စွဲချက်တင်ရာတွင် စွဲချက်တင်သင့်၊ မတင်သင့် အဆုံးအဖြတ် ပေးရသည့် grand jury အဖွဲ့၊ တရားဥပဒေအရ စစ်ဆေးရသည့် ဂျူရီအဖွဲ့၊ ပြည်သူများ ရှေ့မှောက် တရား စီရင်ခြင်း၊ အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးမှု မပြုခြင်း၊ ဥပဒေကို ကျော်ပြီး တရား စီရင်ပိုင်ခွင့်များ မရှိစေရန် ကာကွယ် စောင့်ရှောက်ခြင်းများသည် ပြည်သူများ အတွက် လုပ်ထုံး လုပ်နည်းများ အတိုင်း ကျင့်သုံးပြီး အခွင့်အရေးများ ပေးအပ်ထားခြင်း ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Political Science, by Thomas H.Stevenson