ပြည်သူ့သဘောထား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပြည်သူ့သဘောထား၊ ပြည်သူ့ထင်မြင်ချက်တို့သည် နိုင်ငံရေးလောကတွင် အရေးကြီးပါသည်။ ပဒေသရာဇ်ခေတ်တွင် ပြည်သူတို့ ထင်မြင်ချက်သဘောထားသည် အုပ်ချုပ်သူတို့ထံပေါက်ရောက်ချင်မှပေါက်ရောက်ပေလိမ့်မည်။ ပြည်သူတို့အသံကို အုပ်ချုပ်သူဘုရင်မကြားစေရန် နံရံတွေကများလှသည်။ မင်းတုန်းမင်းကြီးက ငါမကောင်း ငါ့ကိုရေးရန် လမ်းဖွင့်ပေးခဲ့သည် မှန်သော်လည်း ငါ့ထံရေးလိုက်သည့်စာသည် ဘုရင့်ထံမည်မျှပေါက်ပြီး၊ မည်မျှလောက်အထိ အရေးတယူဆောင်ရွက်ပေးခဲ့ ကြောင်းကား မှတ်တမ်းတွေနည်းပါးပေသည်။

အများပြည်သူထင်မြင်ချက် (Opinion) သည် အရှိန်အဝါကောင်းလာလျှင်၊ အမှန်တကယ်စစ်မှန်သည့် Opinion ဖြစ်လာလျှင် ဒီမိုကရေစနစ်ထွန်းကားလာပြီဟုဆိုရမည်ဖြစ်သည်။ လူတိုင်းတွင် ထင်မြင်ချက်တို့ရှိနိုင်သည်။ ထုတ်ဖော်နိုင်သည်၊ မထုတ်ဖော်နိုင်သည်၊ ထုတ်ဖော်ခွင့်ရှိသည်၊ ထုတ်ဖော်ခွင့်မရှိတို့ကွာခြားကောင်း ကွာခြားနိုင်သည်။ ထင်မြင်ချက် သို့မဟုတ် သဘောထားဆိုသည်မှာ မူလက တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ပြီး ပြည်သူ့သဘောထား၊ ပြည်သူ့ထင်မြင်ချက်အသွင်မဆောင်ခဲ့ပေ။

ထင်မြင်ချက်သဘောထားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ဖြစ်စေ၊ လူအချို့ကဖြစ်စေ၊ လူအများစုကြီး အနေဖြင့်ဖြစ်စေ ဟုတ်ကောင်းဟုတ်နိုင်သည်၊ မှန်ကောင်းမှန်နိုင်သည်ဟူ၍ ယုံကြည်ချက်အလိုက် လက်ခံကြသည့် ခံယူချက်သာ ဖြစ်နိုင်သည်။ သို့သော် ထိုယုံကြည်ချက်သဘောထားသည် မည်မျှအတိုင်းအတာအထိမှန်ကန်ကြောင်းကိုကား သက်သေပြရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ထင်မြင်ချက်သဘောထားကို မည်မျှအတိုင်းအတာအထိ ထိရောက်မှုရှိသနည်း၊ အကျိုးကျေးဇူး ရှိသနည်း၊ ဩဇာသက်ရောက်မှုရှိသနည်း၊ မှန်ကန်ကြောင်းသက်သေအထောက်အထားဖြင့် မည်မျှအထိပြသနိုင်သနည်း ဆိုသည်တို့ကို သုံးသပ်ရန်ထက်၊ ထိုထင်မြင်ချက်သဘောထားများကို အများပြည်သူတို့ စွဲစွဲမြဲမြဲမည်မျှအထိလက်ခံပြီး၊ ရင်ထဲ အသည်းထဲက အမှန်အကန်သဘောထားဟုတ်,မဟုတ်ဖြင့်သာတိုင်းတာကြရန်သာဖြစ်သည်။

Oxford English Dictionary တွင် Opinion ဟူသည့်ဝေါဟာရနှင့်ပတ်သက်ပြီး ‘‘တစ်စုံတစ်ခုနှင့်စပ်လျဉ်းပြီး လူတစ်ဦးတစ်ယောက်၏ သဘောထားထင်မြင်ချက်သာဖြစ်သည်။ မှန်ကန်ကြောင်း အခိုင်အမာ သက်သေအထင်အရှား ပြနိုင်လောက်အောင် ပြည့်စုံသည်ဟု မဆိုနိုင်ပေ။ သေချာကြောင်းအခိုင်အမာမပြောနိုင်သော်လည်း လူတစ်ဦးတစ်ယောက်၏ စိတ်ထဲတွင် ဖြစ်တန်ရာသည်၊ မှန်ကန်နိုင်သည်ဟု သဘောရသည့် ထင်မြင်ယူဆချက်၊ မှတ်ယူချက်သာဖြစ်သည်’’ ဟု ဖွင့်ဆို ထားပါသည်။ ထို့ပြင် Opinion သည် ‘‘အမှန်မသိခြင်း’’၊ ‘‘စိတ်မချရခြင်း’’ စသည့်စကားများနှင့်လည်း အဓိပ္ပာယ်ချင်း တူညီနေ ကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၃၈၈ ခုနှစ်တွင် ကွပ်မြက်ခံရသည့် သောမတ်စ်အတ်စ်က ‘‘ထင်မြင်ချက်သဘောထားသည် မှန်ကန်ကြောင်း သေချာစွာမပြောနိုင်ပေ။ ထင်မြင်ချက်တစ်ခုဆိုသည်မှာ အကျိုးအကြောင်းဆင်ခြင်ဆက်စပ်ပြီးမှ ထွက်ပေါ်လာသည့် ကောက်ချက် တစ်ခု ဟုတ်ချင်မှဟုတ်မည်’‘ ဟုဖွင့်ဆိုခဲ့ဖူးသည်။

ထင်မြင်ချက်သဘောထားကို ပုဂ္ဂလိကဆန်သဖြင့် မှားရန်များသောကြောင့် ထည့်သွင်းစဉ်းစားရန်မလိုဟု ဥရောပ တွေးခေါ်ရှင်များက ယူဆခဲ့ကြသည်။ ၁၈ ရာစုနှောင်းပိုင်းတွင် အများပြည်သူဆိုင်ရာဝါဒသဘောတရားတို့ခေတ်စားလာသည်။ ‘‘ပြည်သူ’’ ဆိုသည့်စကားလုံးသည် အများသုံးဖြစ်စေရန် ကြိုးစားလာခဲ့ကြသည့်ဝါဒများပေါ်ပေါက်လာပြီးနောက် ထင်မြင်ချက် သဘောထားတို့ကို ပြည်သူနှင့်တွဲဖက်ကာ သုံးစွဲလာကြသည်။ ထိုအချိန်မှစပြီး ထင်မြင်ချက်သဘောတရားတို့အပေါ် အလေးထားစရာဖြစ်လာသည်။ ပုဂ္ဂလိကသဘောထားသည် ပြည်သူ့သဘောထားအသွင်ဆောင်သွားသဖြင့် အများနှင့်ဆိုင်သော သဘောထား၊ လူတိုင်းအတွက်သဘောထားယောင်ယောင်ဖြစ်သွားကာ တန်ခိုးအရှိန်အဝါလည်း ကြီးမားလာခဲ့ရတော့သည်။

အက်ဒဝပ်ဂစ်ဘွန်းဆိုသူက သူ၏ Decline and Fall of the Roman Empire စာအုပ်တွင် ‘‘လူ့သမိုင်းဖြစ်စဉ်ကို ဖန်တီးပေးသော အင်အားစုများအနက် ပြည်သူ့ထင်မြင်ချက်သဘောထားသည် တစ်တပ်တစ်အားဖြစ်သည်’’ ဟု ရေးသားထား ပါသည်။ ထိုအချိန်မှစပြီး အများပြည်သူဆိုင်ရာထင်မြင်ချက်သဘောထားကို အင်အားစုကြီးတစ်ခုအနေဖြင့် ထင်မြင်ယူဆ လာခဲ့ကြသည်။

ပြည်သူ့သဘောထားဆိုသည်မှာ ပြည်သူများထဲတွင် တဖြည်းဖြည်းအမြစ်တွယ်လာစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်။ ပြည်သူတို့ထံမှ အမှန်တကယ်ပေါက်ဖွားလာခြင်း ဖြစ်ချင်မှဖြစ်လိမ့်မည်။ အထူးသဖြင့် လူတို့စုဝေးနေထိုင်လာကြသည့်အခါတွင် လူမျိုးစုအတွင်း ခေါင်းဆောင် သို့မဟုတ် ဩဇာအရှိဆုံးပုဂ္ဂိုလ်၏ ထင်မြင်ချက်သဘောထားသည် အများ၏သဘောထား ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်

ပြည်သူတို့ထင်မြင်ချက်သဘောထားသည် လူ့ဘောင်အတွင်းအရေးပါလာသည်နှင့်အမျှ အုပ်ချုပ်သူ အာဏာပိုင်တို့ အနေဖြင့် နေရာတကာတွင် ထိပ်တိုက်ရင်ဆိုင်စရာများဖြစ်လာသည်။ ထင်မြင်ချက်တစ်ခုသည် လူတိုင်းတွင်ရှိလာနိုင်ပြီး ထိုထင်မြင်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သည့်အခါတွင် တိုးတိုးတိတ်တိတ်ပြောဆိုကြတော့သည်။ တိုးတိုးတိတ်တိတ်ပြောသံတွေများလာလျှင် ကျယ်လောင်သည့်အသံဖြစ်လာတတ်သည်။ ပေါင်းအိုးထဲတွင် ဖိသိပ်အားများလာပါက အပေါက်ကလေးတစ်ပေါက်ရလိုက်သည်နှင့် ဝုန်းခနဲထွက်ပေါက်ရှာကာ တွန်းကန်ထွက်လာတတ်သည့်သဘောကိုလည်း ဆင်ခြင်ရမည်ဖြစ်သည်။

အမေရိကန်သမ္မတတစ်ဦးဖြစ်ခဲ့သူ ရုစဗဲ့က ‘‘လူသားတို့၏သာမန်ထင်မြင်ချက်များသည် အစပထမပိုင်းတွင် ဟိုလူပြော၊ သည်လူပြောနှင့် ရိုးသယောင်ရှိနေသော်လည်း ရေရှည်တွင် လူတစ်စုအပြောထက်ပို၍သာသည်’’ ဟုဆိုခဲ့သည်။ သူဆိုလိုသည်မှာ လူတစ်စု အပြောထက် လူထုအပြောကပိုပြီး ထိရောက်ကြောင်းဖြစ်သည်။

ဒီမိုကရေစီထွန်းကားလာခြင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် ပြည်သူတို့အား မိမိတို့ဆန္ဒသဘောထားအမှန်ကို ထုတ်ဖော်ခွင့်ပေးခြင်းကြောင့်ဖြစ်ပြီး၊ ပဒေသရာဇ်စနစ်ကျဆုံးရခြင်းသည် အာဏာကိုအသုံးချပြီး ပိတ်ပင်ထားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီထွန်းကားလာခြင်းသည် ဆင်ခြင်တုံတရားထွန်းကားလာပြီး၊ ထိုဆင်ခြင်တုံတရားကို ထင်မြင်ချက် သဘောထားအဖြစ် ထုတ်ဖော်ခွင့် ရလာသောကြောင့်ဖြစ်သည်ဟုဆိုနိုင်သည်။

ပြည်သူတို့ဖော်ထုတ်ခွင့်ရလာခြင်းသည် မိမိတို့အပေါ်အုပ်ချုပ်သူတို့အား ကြားသိစေရန် အခွင့်အရေးဖြစ်သည်။ ဒီမိုကရေစီတွင် ပြည်သူအချင်းချင်း မိမိတို့အကြိုက်ကို သိခွင့်ရစေရန်ပြုလုပ်ရန်သာမက အခြားသူများသိရှိစေရန်ပြုလုပ်ခြင်း၊ မိမိတို့တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်လောင်း၏ ဆန္ဒသဘောထားကို သိရှိရန်ပြုလုပ်ခြင်းတို့သည် အရေးပါလာသည်။ မဲဆန္ဒဖြင့်ရွေးချယ်ခြင်းသည် ပြည်သူတို့ ထင်မြင်ချက်သဘောတရားကို သိရှိရန်အခွင့်အရေးပေးခြင်းဖြစ်သည်။ ဒီမိုကရေစီ စနစ်မတိုင်မီ အစိုးရကိုပြည်သူတို့ရွေးချယ်ခွင့်လည်းမရှိ၊ ဖြုတ်ချခွင့်လည်းမရှိပေ။ ဒီမိုကရေစီကြောင့် ပြည်သူတို့ အစိုးရတစ်ရပ်ကို မိမိတို့စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဖြုတ်ချပိုင်ခွင့်များရရှိလာကြသည်။ တစ်ဦးချင်းထင်မြင်ချက်များကို ပြည်သူ့ထင်မြင်ချက် သဘောထား အဖြစ်ပြောင်းရန် မဲပုံးထောင်ပြီးရွေးချယ်ခြင်းသည် ဒီမိုကရေစီ၏ပထမအဆင့်ဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ အစိုးရတစ်ရပ်ရပ်ကကြီးမှူးကျင်းပပေးရသည်။ အစိုးရကလည်း ရာထူးနှင့် ပတ်သက်၍ လည်းကောင်း၊ ရွေးချယ်ခံမည်သူများနှင့်ပတ်သက်၍လည်းကောင်း၊ အစိုးရမူဝါဒများနှင့်ပတ်သက်၍လည်းကောင်း မိမိတို့မူဝါဒ သဘာထားများကို ပြည်သူတို့အား ထုတ်ပြန်ကြရသည်။ အစိုးရတစ်ရပ်ထူထောင်နိုင်သည့်အခါတွင်လည်း မိမိတို့အစိုးရအဖွဲ့ကို ပြည်သူတို့ကြိုက်-မကြိုက် လူထုထင်မြင်ချက်ကောက်ယူခြင်းကို နိုင်ငံရေးတွင် အသုံးပြုလာခဲ့ကြသည်။ သို့ဖြစ်ရာ ပြည်သူ့ သဘောထားသည် အမတ်လောင်းများ၊ နိုင်ငံရေးပါတီများအတွက် အရေးပါသည့်မှတ်ချက်ဖြစ်လာသည်။

ပြည်သူ့ထင်မြင်ချက်များကို ကောက်ယူရာတွင် မီဒီယာသည်အရေးပါသည့်အခန်းတွင် ဝင်ရောက်လာသည်။ အများ ပြည်သူသို့ ထင်မြင်ချက်ကောက်ယူလျှင် မတူသည့်အမြင်အမျိုးမျိုး ကွဲပြားစွာ ပေါ်ထွက်လာမည်သာဖြစ်သည်။ လူဆိုသည်က မှားတတ်သည်၊ တစ်ဖက်သတ်မြင်တတ်သည်၊ အဂတိတရားလက်ကိုင်ထားတတ်သည်။ သို့ဖြစ်ရာ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ထင်မြင်ချက်သဘောထားဆိုသည်မှာ စိတ်ချခိုင်လုံမှုမရှိနိုင်ပေ။

ထင်မြင်ချက်သဘောထားရှေ့တွင် ပြည်သူကိုတင်လိုက်ပါက တစ်ဦးတစ်ယောက်အမြင်မဟုတ်တော့ဘဲ၊ အများပြည်သူ ထင်မြင်ချက်သဘောထားဖြစ်သွားသည်။ လူတိုင်းကထင်မြင်သယောင်၊ လက်ခံသယောင်ယောင်ဖြစ်သွားတတ်သည်။ တစ်ဦး တစ်ယောက်အားမှသည် ပြည်သူ့အင်အားအသွင်ဆောင်သွားပြီး ပို၍အားပါလာသည်။ အများပြည်သူဆိုရာတွင် လမ်းဘေး ပုဂ္ဂိုလ်မှသည် တက္ကသိုလ်မှပညာရှင် အထိပါဝင်နိုင်သည်ဖြစ်ရာ ပြည်သူ့သဘောထားသည် ပို၍လေးစားစရာ အသွင်ဆောင် လာသည်။ လက်နက်ကိုင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထက် စစ်တပ်ဆိုသည်က စွမ်းအားပိုကောင်းလာပြီး ပို၍အထင်ကြီး လေးစား စရာကောင်းလာသည်။

ဒီမိုကရေစီစနစ်ထွန်းကားလာသည့်အခါတွင် လူတန်းစားအဖွဲ့အစည်းများ၊ ပါတီများအားကောင်းလာသည်။ ပါတီဆိုသည်မှာ ပါတီထဲတွင်ပါဝင်ကြသူများ၏ ထင်မြင်ချက်သဘောထားသာဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် အမြင် သဘောထားတူသူတို့ပေါင်းစုကာ ပါတီအဖွဲ့အစည်းများထူထောင်ကြသည်။ ပါတီတစ်ခုခုဖြင့် တူသူများစုဝေးလိုက်သည့်အခါတွင် ပို၍ဣန္ဒြေရသည့်အစုအဝေးတစ်ခုဖြစ်လာသည်။ ပြည်သူတို့သည် မိမိတို့နိုင်ငံရေးဆိုင်ရာသဘောထားကို ပါတီများမှတစ်ဆင့် ဖော်ထုတ်လာကြခြင်းသည် နိုင်ငံရေးအရပို၍အားကောင်း လာသည့် ‘‘မဟာထင်မြင်ချက်ကြီး’’ ဖြစ်လာစေသည်။

၂ဝ ရာစုနှောင်းပိုင်းမှစတင်ပြီး မဟာထင်မြင်ချက်များထွန်းကားလာသည်။ နိုင်ငံရေးလောကတွင် မဟာထင်မြင်ချက်များ လွှမ်းမိုးလာသည့်နည်းတူ၊ စီးပွားရေးလောကတွင်ပါ ကုန်ပစ္စည်း၊ ထုတ်လုပ်မှုအရည်အသွေးနှင့်ဈေးနှုန်းတို့အတွက် ပြည်သူတို့ထံမှ မဟာထင်မြင်ချက်များရရှိရန် ကြိုးပမ်းမှုကလည်းအရေးပါလာသည်။ အသိပညာဆိုသည်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရန် လိုသော်လည်း ထင်မြင်ချက်တို့သည့် ရှေ့နောက်ညီမှု၊ အဆက်အစပ်ရှိမှု ရှိချင်မှရှိမည်။ မတူသည့်ထင်မြင်ချက်များကို စစ်တမ်းကောက်ခြင်း၊ သုံးသပ်ခြင်း၊ ထင်မြင်ချက်များအပေါ် ပြန်လည်ထင်မြင်ချက်ပေးရသည့်လုပ်ငန်းများခေတ်စားလာသည်။

အသိပညာကိုလိုက်စားသူများအနေဖြင့် ဘယ်လိုလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာလဲစသည့် မေးခွန်းများကို အခြေခံကာ လေ့လာကြရသည်။ အသိပညာသည် ‘‘ဘာလဲ’’ ဖြင့်စတင်တတ်ပြီး၊ ထင်မြင်ချက်က ‘‘ဒီလိုသာဆိုရင်’’ ဖြင့် စတင် တတ်သည်။ အသိပညာသည် ဆင့်ကဲတိုးပွားလာသည့်သဘောဆောင်သည်။ အချက်အလက်တစ်ခုမှသည် ဆင့်ပွားသိလိုစိတ်များကို အခြေခံကာ ပညာဗဟုသုတများတိုးပွားလာရသည်။ ထင်မြင်ချက်သဘောထားဆိုသည်မှာ အနာဂတ်နှင့်ဆိုင်ပြီး၊ အသိပညာသည် အတိတ်သို့မဟုတ် ပစ္စုပ္ဋာန်နှင့်ဆိုင်သည်။ ထင်မြင်ချက်တို့သည် အကန့်အသတ်မရှိ၊ ထင်ချင်သလိုထင်နိုင်သည့်သဘောရှိသည်။

လူအများ၏ဆန္ဒမဲဆိုသည်မှာ အမှန်တရားတစ်ခုဟူ၍ ယူဆရန်မဖြစ်နိုင်ပေ။ အများဖြစ်နေသောကြောင့် အားကောင်း သည့်အသွင်ကိုသာဆောင်စေပြီး အမှန်တရားဖြစ်ချင်မှဖြစ်ပေမည်။ သို့သော် ဒီမိုကရေစီဆိုသည်က အများဆန္ဒ၊ အများ သဘောထားကိုလေးစားရသည် ဖြစ်သောကြောင့် ‘‘အများ’’ ဆိုသည်မှာ ‘‘အားများ’’ ရာသို့ဖြစ်သွားစေတော့သည်။

ဒီမိုကရေစီ၏အန္တရာယ်သည် အသိပညာ၏ဆွဲဆောင်ခြင်းဘက်သို့ပါသွားသည်ထက်၊ အပြောကောင်းသူများဘက်သို့ ပါသွားတတ်ခြင်းမှာ စိုးရိမ်စရာကောင်းသည်ဟု ပလေတိုက သတိပေးဖူးသည်။ ဒီမိုကရေစီလူ့ဘောင်သည် အမှန်တရားကို အာရုံပြုရန်ထက်၊ လူအများ ဘာကိုယုံကြည်ကြသနည်းဆိုသည့်အချက်ကို ပိုပြီးအာရုံပြုကြသည်။ သို့ဖြစ်ရာအများဆိုသည်မှာ ဒီမိုကရေစီသဘောတရားဖြစ်သော်လည်း အများနောက်မလိုက်နိုင်သည့် ပြည်သူထဲကပြည်သူတို့တွင်လည်း သူတို့ သဘောထားနှင့် သူတို့ ရပ်တည်ခွင့်ပေးနိုင်သည့်စနစ်သည်သာ ပြည်သူများအတွက်အကောင်းဆုံးဟုဆိုရမည်ဖြစ်သည်။ ပြည်သူ့သဘောထား ဆိုသည်မှာ စာရွက်ပေါ်တွင်မရှိ၊ စာရွက်ပေါ်တွင်ရေးထား၍လည်းမရ။ ရင်ထဲနှလုံးထဲတွင်သာရှိသည့် Opinion များကို အမှန် တကယ်ဖော်ထုတ်ခွင့်ပေးခြင်း၊ နားထောင်ပေးခြင်း၊ လိုက်လျောပေးခြင်း၊ နားလည်ပေးခြင်းတို့ဖြင့်သာ စစ်မှန်သည့် ဒီမိုကရေစီကို တည်ဆောက်နိုင်ပေလိမ့်မည်။

ကိုးကား[ပြင်ဆင်ရန်]