ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ

ဝီကီပီးဒီးယား မှ

နိဒါန်း[ပြင်ဆင်ရန်]

1/   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ

(1)  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၁၀ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ

(2)  ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆/၂၀၁၁ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(3)  ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃/၂၀၁၂ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ

(4)  ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀/၂၀၁၅ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(5)  ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂/၂၀၁၇ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

အခန်း(၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်[ပြင်ဆင်ရန်]

၁။      ဤဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည် −

(က)    ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။

(ခ)     လွှတ်တော် ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည် −

(၁)  ပြည်သူ့လွှတ်တော်၊

(၂)  အမျိုးသားလွှတ်တော်၊

(၃)  တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်။

(ဂ)     လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ကိုလည်းကောင်း ဆိုသည်။

(ဃ)    ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာ လွှတ်တော် ပုံမှန်သက်တမ်း အတွင်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် ကော်မရှင်က အခါအားလျော်စွာ သတ်မှတ် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲလည်း ပါဝင်သည်။

(င)     မဲဆန္ဒနယ် ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရန် ဥပဒေနှင့်အညီ ကော်မရှင်က သတ်မှတ် သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကို ဆိုသည်။

(စ)     မဲစာရင်း ဆိုသည်မှာ မဲဆန္ဒနယ်များအတွက် ပြုစုထားသော ဆန္ဒမဲပေးခွင့်ရှိသူများ၏ စာရင်းကိုဆိုသည်။

(ဆ)    ကော်မရှင် ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေး အတွက်လည်းကောင်း ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဆိုသည်။

(ဇ)     ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် −

(၁)  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊

(၂)  ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၃)  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ၊

(၄)  ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊

(၅)  မြို့နယ်​ကော်မရှင်အဖွဲ့ခွဲ၊

(၆)  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ။

(ဈ)     နိုင်ငံရေးပါတီ ဆိုသည်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းကို ဆိုသည်။

(ည)    ရွေးကောက်ပွဲခုံအဖွဲ့ ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုများကိုလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်ရွေးချယ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်ကိုလည်းကောင်း ကြားနာစစ်ဆေးရန် ကော်မရှင်က ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်။

အခန်း(၂) ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် အရည်အချင်းများ[ပြင်ဆင်ရန်]

ဖွဲ့စည်းခြင်းနှင့်ခန့်အပ်တာဝန်ပေးခြင်း[ပြင်ဆင်ရန်]

၃။      နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ငါးဦးကို ခန့်အပ် တာဝန်ပေးနိုင်သည်။

၄။      ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အရည်အချင်းများ[ပြင်ဆင်ရန်]

၅။      ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် −

(က)    အသက် (၅၀)နှစ် ပြည့်ပြီးသူများဖြစ်ရမည်။

(ခ)     အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်။

(ဂ)     (၁)  ပြည်ထောင်စုတရာသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် အဖြစ်ဖြစ်စေ၊ အလားတူ ရာထူးတာဝန် တစ်ခုခုတွင်ဖြစ်စေ၊ အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်၊

(၂)  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်၊

(၃)  တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး၂၀နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်၊

(၄)  ထင်ပေါ်ကျော်ကြားသည့်ဂုဏ်သတင်းရှိသောပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်။

(ဃ)    သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်။

(င)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ညှိစွန်းခြင်း မရှိသူဖြစ်ရမည်။

(စ)     နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည်။

(ဆ)    နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်။

(ဇ)     လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဖြစ်ရမည်။

(ဈ)     လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်။

အခန်း(၃) ကော်မရှင်၏ရာထူးသက်တမ်း၊ ရာထူးမှနှုတ်ထွက်ခြင်း၊ စွပ်စွဲပြစ်တင်ခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း[ပြင်ဆင်ရန်]

ရာထူးသက်တမ်း[ပြင်ဆင်ရန်]

၆။      ဖွဲ့စည်းထားသောကော်မရှင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ သို့ရာတွင် သက်တမ်း ကုန်ဆုံးပြီး ဖြစ်သော်လည်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ကော်မရှင်အသစ်တစ်ရပ် ဖွဲ့စည်းပြီးသည့် အချိန်အထိ မိမိ၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

ရာထူးမှနှုတ်ထွက်ခြင်း[ပြင်ဆင်ရန်]

၇။     (က)    ကော်မရှင်ဥက္ကဋ္ဌသည် ရာထူးတာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး နုတ်ထွက်နိုင်သည်။

(ခ)     ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးသည် ပုဒ်မခွဲ(က)ပါအတိုင်း ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

စွပ်စွဲပြစ်တင်ခြင်း[ပြင်ဆင်ရန်]

၈။      နိုင်ငံတော်သမ္မတသည် ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၀၊ ပုဒ်မခွဲ(က)ပါ အကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၀၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

လစ်လပ်ရာထူးနေရာဖြည့်စွက်ခန့်ထားခြင်း[ပြင်ဆင်ရန်]

၉။      ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခု ကြောင့်ဖြစ်စေ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အသစ် ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့အသစ်ခန့်အပ် တာဝန်ပေးခြင်းခံရသည့် ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ ရာထူး သက်တမ်းသည် ကော်မရှင်၏ ကျန်ရှိသည့် သက်တမ်းအတွက်သာ ဖြစ်စေရမည်။

အခန်း(၄) ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

၁၀။    ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊

(ခ)     လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်း၊

(ဂ)     ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊

(ဃ)    မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊

(င)     မဲစာရင်းများပြုစုခြင်း၊ ပြုစုစေခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြင်ဆင်စေခြင်း၊

(စ)     သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း၊

(ဆ)    လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊

(ဇ)     ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊

(ဈ)     ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၆၊ ပုဒ်မခွဲ(ဇ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားရာ၌ ယင်းသို့ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့် ပတ်သတ်၍ ကန့်ကွက်ချက်များ ရှိပါက ယင်းကန့်ကွက်ချက်များကို စစ်ဆေးဆုံးဖြတ်ပေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊

(ည)    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်း လိုကြောင်း သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က ကော်မရှင်က တင်ပြလာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ(ဂ)၊ (ဃ)၊ (င)တို့နှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်း၊

(ဋ)     ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရန်ပုံငွေခွဲဝေချထားခြင်း၊ အသုံးစရိတ်များကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊

(ဌ)     နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊

(ဍ)     ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၁၁။    အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် -

(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊

(ခ)  ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊

(ဂ)        နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များ။

အခန်း(၅) ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် အရည်အချင်းများ[ပြင်ဆင်ရန်]

၁၂။    ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ)ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ အောက်ပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရမည် -

(က)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(ခ)     ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(ဂ)     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(ဃ)    ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(င)     မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

၁၃။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကော်မရှင်က သတ်မှတ်ထားသည့် မူဝါဒ နှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းရမည်။

၁၄။    ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲစည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ် အနည်းဆုံး ၃ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်များထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာရွေးကောက်ပွဲ အရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။

၁၅။    တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပုဒ်မ ၁၃အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်း ခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်များ ထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးသည် ယင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ရမည်။

၁၆။    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များသည် အောက်ပါ အရည်အချင်းများ နှင့် ပြည့်စုံရမည် -

(က)    အသက် ၄၀နှစ် ပြည့်ပြီးသူ (ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အတွက် အသက် ကန့်သတ်ချက်ကို လျော့ပေါ့ စဉ်းစားနိုင်သည်။)၊

(ခ)     နိုင်ငံသားဖြစ်သူ၊

(ဂ)     သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ၊

(ဃ)    နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊

(င)     သက်ဆိုင်ရာဒေသတွင် အမြဲနေထိုင်ပြီး ဒေသခံပြည်သူများက ယုံကြည်လေးစားသူ၊

(စ)     နိုင်ငံရေးပါတီဝင်မဟုတ်သူ၊

(ဆ)    လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည့်အပြင် မိမိတာဝန်ကျသည့် ဒေသ/မြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏မိသားစုဝင်နှင့် အတူနေဆွေမျိုးသားချင်းများ မဖြစ်စေရ၊ ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးသည် ဤအချက်နှင့် ညှိစွန်းပါက နုတ်ထွက်ရမည်။

(ဇ)     နိုင်ငံရေးပြစ်မှုဖြင့်သော်လည်းကောင်း၊ အကျင့်စာရိတ္တဆိုင်ရာပြစ်မှုဖြင့် သော်လည်းကောင်း တရားရုံး၏ ပြစ်ဒဏ်စီရင်ချက် ကျခံဖူးသူ မဖြစ်စေရ။

၁၇။    ပုဒ်မ ၁၆ ပါသတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၂၂ အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ အကူအညီရယူဆောင်ရွက်နိုင်သည်။

အခန်း(၆) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

၁၈။    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊

(ခ)     လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊

(ဂ)     သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊

(ဃ)    မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ကြေငြာခြင်း၊

(င)     ရရှိသည့် ရံပုံငွေများကို စနစ်တကျသုံးစွဲခြင်း၊ သုံးစွဲစေခြင်း၊

(စ)     နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊

(ဆ)    ရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်းခြင်း၊

(ဇ)     လျို့ဝှက်ဆန္ဒမဲပေးခြင်းကို ဖော်ဆောင်ခြင်း၊

(ဈ)     ကော်မရှင်ကထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်း မရှိစေရန် စောင့်ထိန်းခြင်း၊

(ည)    ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက်မလိုက်ရခြင်း၊

(ဋ)     ကော်မရှင်ကပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။

၁၉။    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ပါတို့ကို လိုက်နာရမည် -

(က)    လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ခြင်း၊

(ခ)     မိမိတာဝန်ကို ဘက်မလိုက်ဘဲ ဖြောင့်မတ်တည်ကြည်စွာ ထမ်းဆောင်ခြင်း၊

(ဂ)     မိမိ၏တာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင် ကျင့်ကြံခြင်း၊

(ဃ)       ကော်မရှင်က ညွှန်ကြား၍ ဆောင်ရွက်ရသည်မှအပ ပါတီတွင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု မပြုရခြင်း။

အခန်း(၇) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ သက်တမ်း[ပြင်ဆင်ရန်]

၂၀။    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ သို့ရာတွင် သက်တမ်းကုန်ဆုံးပြီး ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ကော်မရှင်အသစ်တစ်ရပ် ဖွဲ့စည်းပြီးနောက် ယင်းကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

အခန်း(၈) အထွေထွေ[ပြင်ဆင်ရန်]

၂၁။   (က)    ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ကုန်ကျစရိတ်များ၊ ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များ ကို မိမိ၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲရန် နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဥပဒေတွင် ထည့်သွင်း ရေးဆွဲရမည်။

(ခ)     ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ ကျင်းပရ သည့် မဲဆန္ဒနယ်မြေများအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို ရရှိခံစားနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် ရမည်။

၂၂။   ကော်မရှင်သည် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလို့ငှာ လိုအပ်မည့် အကူအညီများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ ရယူဆောင်ရွက်နိုင်သည်။

၂၃။   ကော်မရှင်သည် ရွေးကောက်ပွဲများကျင်းပမည့် နေ့ရက်သတ်မှတ်ခြင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

၂၄။   ယခင်က တည်ရှိခဲ့သော ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသော ကော်မရှင်နှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဆက်ခံ ဆောင်ရွက်ရမည်။

၂၅။   ကော်မရှင်ဥက္ကဋ္ဌသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ပါက ကော်မရှင်အဖွဲ့ဝင်ဦးရေကို တိုးမြှင့် ဖွဲ့စည်းပေးရန် နိုင်ငံတော်သမ္မတထံသို့ အဆိုပြုတင်ပြနိုင်သည်။

၂၆။   ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်လုပ်ငန်းဆိုင်ရာ ရုံးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရုံးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းထားရှိရမည်။

၂၇။   ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၂၈။   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၁/၂၀၁၀)အရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ယင်းဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၂၉။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၁/၂၀၁၀)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။