ပေါလ် စေဇန်း

ဝီကီပီးဒီးယား မှ
စေဇန်း ပီ

ပြင်သစ် ပန်းချီဆရာ ပေါလ် စေဇန်း(Paul cezanne)(ခရစ် ၁၈၃၉-၁၉ဝ၆)သည် ရှေးရိုးပန်းချီစံနစ်ကို တော်လှန်ခဲ့သူတစ်ယောက် ဖြစ်၏။ ထိုခေတ်အခါက တော်ဝင် ပန်းချီဆရာများ လိုက်နာကျင့်သုံးလျက်ရှိသော အစဉ်အလာများ ကို ဖီလာပြုကာ မိမိစိတ်ကူးဖြင့် ပန်းချီကားများ ရေးဆွဲခဲ့လေ သည်။ ထိုကြောင့် ပါရစ်မြို့တွင် စေဇန်အာပန်းချီတော်လှန်ရေး သမား တစ်ယောက်ဟူ၍ အသိအမှတ်ပြုထားကြလေသည်။

သို့ရာတွင် ပါရစ်မြို့၌သာမက ဥရောပတိုက် တစ်ခုလုံးရှိ များစွာသော ပန်းချီ ပညာရှင်တို့၏ ရှုတ်ချခြင်းကို ခံခဲ့ရဘူးသည်။ ဤခေတ်၌ကား စေဇန်းသည် ခေတ်ပန်းချီပညာရပ်၏ အခြေခံကို စတင်ပြုစုခဲ့သူဟု အသိအမှတ်ပြုခြင်းကို ခံရသည်။

စေဇန်းသည် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ပရောဗန်း နယ်ရှိ အက်မြို့တွင် ၁၈၃၉ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့၌ ဖွားမြင်လေသည်။ ဖခင်ဖြစ်သူမှာ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သော်လည်း စေဇန်းသည် ပန်းချီပညာကို ဝါသနာပါသူ ဖြစ်ရာ အသက် ၂၄ နှစ်အရွယ်မှစ၍ ပါရစ်မြို့တွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့လေသည်။

စေဇန်းသည် ပန်းချီဆရာ၏အမြင်သက်သက်ကိုသာ ရေးဆွဲခြင်းဖြင့် ထိုပန်းချီကား၏ နက်နဲသော အဓိပ္ပာယ်ကို ပေါ်လွင်စေနိုင်မည်မဟုတ်ဟု ယုံကြည်သည်။ ထိုယုံကြည်ချက်အတိုင်း သူရေးဆွဲသောပုံတွင် ဆေးရောင်အမျိုးမျိုးကို နက်နဲသော အဓိပ္ပာယ်ဖော်ရာ၌ အသုံးပြုသည်။ စေဇန်းရေးခြယ်သော ပန်းချီကားများသည် ရိုးရိုးနှင့် နက်နဲသည်။

စေဇန်းပီ၏နာမည်ကျော်လက်ရာ ပန်းချီကား

သို့သော် စေဇန်းသည် မိမိ၏စိတ်ကူးကို ပန်းချီကားချပ်ပေါ်တွင် ထိရောက်အောင် တင်မပြနိုင်ဟု စိတ်ပျက်စွာဖြင့် သူ၏ ပန်းချီကားများကို သူတစ်ပါးတို့အား ပေးပစ်၏။ သူ့သားကိုလည်း ထိုပန်းချီကားများကို ဖြတ်တောက်ကစားစေ၏။ ထိုစဉ်အခါက စေဇန်းရေးဆွဲသော ပန်းချီကားတို့၏ နက်နဲသော အဓိပ္ပာယ်ကို လူများ သဘောပေါက် နားမလည်ကြချေ။ သို့ဖြစ်၍ ထိုပန်းချီကားများမှာ တန်ဖိုးမရှိ ဖြစ်ခဲ့ရလေသည်။

စေဇန်း စွန့်ပစ်လိုက်သော ပန်းချီကားများသည် ယခုခေတ်တွင် လွန်စွာ တန်ဖိုးကြီးမာသော ပန်းချီကားများ ဖြစ်လာသည်။

စေဇန်း ရေးဆွဲသော ပန်းချီကားများ၏ နက်နဲခြင်းကို ထိုပန်းချီဆရာကွယ်လွန်ပြီးနောက်မှ လူများ သဘောပေါက် နားလည်ကြသည်။ ထိုကြောင့် စေဇန်းသည် အသက်ရှင်နေစဉ် ပန်းချီကျော်တစ်ဦးအဖြစ်ဖြင့် မကျော်ကြားခဲ့ချေ။ ၁၉ဝ၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပေါလ်စေဇန်း အနိစ္စရောက်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)