ပေါလိုဖရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

“ကြားနေသော ပညာရေးဟူ၍ကားမရှိ။ မျိုးဆက်များကို လက်ရှိစနစ်အတွင်း လိုက်လျောညီထွေရှိစေရန် သိမ်းသွင်းမှု အတွက်ဖြစ်စေ ပညာရေးကို အသုံးချသည်။ သို့တည်းမဟုတ်မူ သူတို့၏ ကမ္ဘာကို ပြုပြင် ပြောင်းလဲရာတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့်ကို ရှာဖွေပြီး လက်တွေ့အခြေအနေနှင့် ပြဿနာများကို ပိုင်းခြားဖြေရှင်းခြင်း နည်းလမ်းများဖြင့် လွတ်မြောက်မှုအတွက် ပညာရေးဖြစ်သည်။”

“အဖိနှိပ်ခံတို့၏ ပညာသင်ကြားရေးနည်းလမ်းမှာ လူ့ဂုဏ်သိက္ခာကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် စဉ်ဆက်မပြတ် တော်လှန်မှုတွင် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ လူထုတရပ်လုံးဖြစ်စေ အဖိနှိပ်ခံတို့နှင့် တစ်သားတည်း ကျနေစေရမည် ဖြစ်သည်။ ဖိနှိပ်မှုရေရှည်စေရေးအတွက် သင်ကြားရေးနည်းလမ်း မဖြစ်စေရ။ ဤသင်ကြားရေး နည်းလမ်းသည် ဖိနှိပ်အုပ်ချုပ်မှုနှင့် နောက်ခံအကြောင်းတရားတို့ကို အဖိနှိပ်ခံပြည်သူများမှ ပြန်လှန်ဆန်းစစ်ခြင်း ဖြစ်ပေါ်စေပြီး ဤသို့ဆန်းစစ်စဉ်းစားခြင်းမှ လွတ်မြောက်မှုကို စတင်နိုင်မည်ဖြစ်သည်။”

ပညာရေးပညာရှင် ပေါလိုဖရေး Paulo Freire

ပေါလိုဖရေး Paulo Freire (1921-1997) မှာ နှစ်ဆယ်ရာစုအတွင်း ပညာရေးလောကတွင် ပိုင်းခြား ဝေဘန် ဆန်းစစ်မှုရှိသော ပညာရေးသီအိုရီနှင့် နည်းလမ်း Critical Education တို့နှင့် ပတ်သက်၍ အရေးပါပြီး လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယနေ့ထက်ထိလည်း သူ၏ဩဇာလွှမ်းမိုးနေဆဲပင်။ ဘရားဇီးနိုင်ငံအရှေ့မြောက်ပိုင်း Recife ဒေသတွင် ၁၉၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သက်ကြီးပညာရေးလှုပ်ရှားမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထင်ရှားလာခဲ့သူ ဖြစ်သည်။ ပိုင်းခြားဝေဘန်မှုရှိသော ပညာရေးသီအိုရီ၏ လမ်းစကိုလည်း ဤသက်ကြီးပညာရေး လုပ်ငန်းများ လုပ်ကိုင်ရင်းရရှိလာခဲ့၏။ တဖြည်းဖြည်းနှင့် ဤသီအိုရီမှာ သက်ကြီးပညာရေးနယ်ပယ်ကို ကျော်လွန်လာခဲ့သည်။ ရှားပါးသော ပေါင်းစပ်ထားခြင်းများဖြင့် ဖိနှိပ်ခံတို့၏ တော်လှန်မှုတွင် ပညာရေး၏ အခန်းကဏ္ဍကို အလေးထားခဲ့သည်။ သူ၏နိုင်ငံရေးခံယူချက်များနှင့် ဆန်းသစ်သော အတွေးအမြင်တို့ကို မိမိကိုယ်ကိုနှိမ့်ချမှုရှိခြင်း၊ ဥပဓိရုပ်ခန့်ငြားခြင်းနှင့် ပညာရှင်တစ်ဦး၏ အသိပညာနက်ရှိုင်းမှုတို့ဖြင့် ပေါင်းစပ်ထားရှိလေသည်။

၁၉၂၉ ခုနှစ် စီးပွားပျက်ကပ်ကာလအတွင်း ဆင်းရဲမွဲတေခြင်းနှင့် ငတ်မွတ် ခေါင်းပါးမှု ဒဏ်တို့ကို ခံစားခဲ့ရသူဖြစ်သည်။ ခဏတာမျှ ကြုံတွေ့ခဲ့ရသော်လည်း ဤအတွေ့အကြုံတို့မှာ ဆင်းရဲ သားများအတွက် သူ၏ စိုးရိမ်ပူပန်စိတ်ကို ပုံဖေါ်ခဲ့ပြီး ပညာရေးအတွေးအမြင်ကို တည်ဆောက်ရာတွင်လည်း အကူအညီရခဲ့သည်။ နောက်ပိုင်းတွင် သူ၏မိသားစုစီးပွားရေးပြေလည်လာခဲ့သည်။

၁၉၄၃ ခုနှစ်တွင် Recife တက္ကသိုလ် ဥပဒေကျောင်းတွင် ပညာသင်ကြားခဲ့ရာတွင် ဒဿနိကဗေဒ၊ ဖြစ်စဉ်ဗေဒ နှင့် ဘာသာစကားဆိုင်ရာ စိတ်ပညာတို့ကို အထူးပြုလေ့လာခဲ့သည်။ တရားရုံးတွင် အမှုထမ်းခွင့်ရခဲ့သော်လည်း ရှေ့နေအဖြစ်မလုပ်ခဲ့ပါ။ ပေါ်တူဂီဘာသာစကားပြဆရာအဖြစ် အထက်ကျောင်းများတွင် ကျောင်းဆရာ အနေ ဖြင့်သာ လုပ်ကိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ကျောင်းဆရာမတစ်ဦးဖြစ်သူ Elza Maia Costa de Oliveira နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ တစ်သက်တာပတ်လုံးအတူတကွ ပညာရေးလုပ်ငန်းလုပ်ကိုင်ခဲ့ကြသည်။ သားသမီး ၅ ဦး ထွန်းကားခဲ့သည်။

လူမှုတော်လှန်ရေးနှင့် သက်ကြီးပညာရေးတို့တွင် ပါဝင်လှုပ်ရှားခဲ့၏။ အထူးသဖြင့် ကက်သလစ်ဘုရားကျောင်းမှ လူထုအခြေပြုလုပ်ရှားမှုနှင့် ခေတ်ပေါ်ယဉ်ကျေးမှုတို့နှင့် ဆက်စပ်ခဲ့သည်။ ဘရားဇီးနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင်းရှိ ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများနှင့် အလုပ်သမားများတို့အတွက် အလုပ်လုပ်ရင်း သူ၏ကျော်ကြားလာမည့် စာမတတ်ခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းမှုတို့ကို အဦးအစဖေါ်ထုတ်ခဲ့သည်။ ဤအတွေ့အကြုံများနှင့် ထင်ရှားသော သက်ကြီးစာတတ်မြောက်ရေးအစီအစဉ်များကို ချမှတ်လုပ်ဆောင်ခြင်းများကြောင့် ဘရာဇီးနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ အမျိုးသားအဆင့် စာမတတ်သူပပျောက်ရေးအစီအစဉ်တွင် အလုပ်လုပ်ရန် ဖိတ်ကြားခဲ့သည်။ အောင်မြင်မှုများရရှိခဲ့သော်ငြားလည်း ၁၉၆၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ်ဆိုးကြောင့် သူ၏ပညာရေးလုပ်ငန်းများ အဟန့်အတားဖြစ်ခဲ့ရသည်။ ပေါလိုဖရေးအားဖမ်းဆီးခဲ့ပြီး ချီလီနိုင်ငံသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။ ပြည်ပ အဝေးရောက်ကာလများအတွင်း ပေါလိုဖရေးအနေဖြင့် နေရာအတော်များများတွင် အလုပ်လုပ်ခွင့်ရရှိခဲ့သည်။ ချီလီ၊ အင်ဂိုလာ၊ မိုဇမ်ဘစ်၊ ကိတ်ဗါဒီ၊ ဂီနီဘစ်ဆော၊ နီကာရာဂွာနိုင်ငံများနှင့် အခြားသော နယ်မြေများတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုတို့ကို ဆောင်ရွက်ခဲ့သည်။ ယူနက်စကိုတွင် ပညာရှင်တစ်ဦးအနေဖြင့်လည်းကောင်း၊ ဂျီနီဗာအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ကောင်စီ၏ ပညာရေးဌာနတို့တွင်လည်းကောင်း အမှုထမ်းခဲ့သေးသည်။ တကမ္ဘာလုံးတွင်သူ၏နာမည်ကျော်ကြားလာသည်နှင့်အမျှ ဟားဗတ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ နိုင်ငံတကာရှိ တက္ကသိုလ်များမှ ဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ပညာရှင်ရာထူးများကို ရရှိခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ဘရာဇီးနိုင်ငံမှ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာခဲ့ပြီးနောက်ပိုင်း အဝေးရောက်သူများ ပြန်လာခွင့်ရရှိခဲ့သည်။ ပေါလိုဖရေးအနေနှင့်လည်း ပြည်တွင်းပြန်လာခဲ့ပြီး Sao Paulo မြို့ရှိ Pontifical Catholic University နှင့် Campinas တက္ကသိုလ်တို့တွင် စာသင်ကြားရန်ရာထူးကို လက်ခံခဲ့သည်။ ပြည်ပတွင် ရှိနေစဉ် နှစ်ကာလများအတွင်း သူ၏နိုင်ငံရေးနှင့် ပညာရေးခံယူချက်တို့မည်သည့်အခါကမျှ မပျောက်ကွယ်ခဲ့ပါ။ ချက်ခြင်းပင် အလုပ်သမားပါတီအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး စာတတ်မြောက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ မူဝါဒရေးရာတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် Sao Paulo မြို့၏ မြူနီစပါယ်ရွေးကောက်ပွဲတွင် အလုပ်သမားပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ဖရေးအားပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သူ၏အုပ်ချုပ်မှုကာလများတွင်း သက်ကြီးပညာရေး၊ သင်ရိုးညွှန်တမ်းပြုပြင်ပြောင်းလဲရေး၊ လူထုအခြေပြု ပါဝင်ဆောင်ရွက်ရေးနှင့် ရည်မှန်းချက်ကြီးမားသောစီမံချက်ဖြစ်သည့် ကျောင်းများကို ဒီမိုကရေစီ စာသင်ကျောင်းများဖြစ်လာစေရေး မူဝါဒများချမှတ်ကျင့်သုံးရေး အစရှိသည့် ဆန်းသစ်သော ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သည်။

ပညာရေးဝန်ကြီးရာထူးမှ အနားယူပြီးသည့်နောက်ပိုင်း ဘဝ၏နောက်ဆုံးခြောက်နှစ်ကာလများတွင် စာရေးသားခြင်း နှင့် နိုင်ငံတွင်း၊ နိုင်ငံတကာလှည့်လည်၍ ဟောပြောပို့ချခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ ဤကာလများမှာ သူ၏ပညာရှင် လုပ်ငန်းများ ရင့်ကျက်ခြင်းနှင့်အတူ အမြင့်မားဆုံးရောက်ရှိချိန်လည်းဖြစ်သည်။ ဆွေးနွေးငြင်းခုံကြရပြီး ပုဂ္ဂလ အမြင်သဘောထားများပါဝင်သော စာအုပ်များစွာကိုရေးသားခဲ့ရာ ကမ္ဘာအနှံ့တွင် ဖတ်ရှုလေ့လာသူ များစွာရှိခဲ့သည်။ ဤစာအုပ်များနှင့် လူတွေ့ အင်တာဗျူးများ၊ ဆောင်းပါးများတွင် အများစိတ်ဝင်စားသည့် သူ့ကိုယ်ပိုင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ စာအုပ်တို့ကို မေးခွန်းများထုတ်ခဲ့သည်။ အသက်ရှင်နေထိုင်ခွင့် များများမရှိတော့သည်ကို ကြိုတင် သိရှိခဲ့သလိုပင်။ ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်ငြားလည်း သူ၏လက်ရာများနှင့် အတွေးအမြင်တို့မှာ တစ်ကမ္ဘာလုံးတွင် ရှင်သန်နေဆဲရှိသည်။ ဤသို့ဩဇာလွှမ်းမိုးမှုရှိရခြင်းမှာ သူ၏အတွေးအခေါ်များ၏ လက်ခံနိုင်ဖွယ်ရာ ဆွဲဆောင်မှုရှိခြင်းကြောင့်ပင်ဖြစ်သည်။

လူကြိုက်အများဆုံးအတွေးအခေါ်မှာ ပညာရေးသည် အစဉ်အမြဲပင် နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်၏။ ဤအတွေးအမြင်မှာ သူ့အတွက် ဆောင်ပုဒ်မျှသာမဟုတ်ပါ။ အမှန်စင်စစ်မူ ဖရေး၏ ပညာရေးသီအိုရီကို နားလည်ရန်အတွက် အချက်အခြာကျလှပေသည်။ သူ့အနေဖြင့်မူ ပညာရေးတွင် လူမှုဆက်ဆံရေးအစဉ်အမြဲ ပါရှိခြင်းဖြစ်လေရာ နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုများလည်း အလိုအလျောက် ပါရှိပြီးသားဖြစ်တော့သည်။ မည်သည့် ပညာရေးလုပ်ဆောင်ချက်တွင်မဆို “ဘာကို” “ဘာကြောင့်” “ဘယ်လို” “အဆုံးသတ်မှာမူဘယ်သို့” နှင့် “ဘယ်သူတို့အတွက်” စသည့် မေးခွန်းများမှာ ပဓာနကျနေကြောင်း ဖရေးမှ အခိုင်အမာမိန့်ဆိုလေသည်။ လက်တွေ့နယ်ပယ်နှင့် ကင်းလွတ်၍ သီးသန့်ဖြစ်နေခြင်းကို မဆိုလိုပါ။ ကျောင်းဆရာတိုင်း၊ ပညာရေးသမားတိုင်း ဤမေးခွန်းတို့ကို မေးမြန်းရပြီး အဖြေများမှာ မည်သည့် ဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးလုပ်ငန်းအတွက်မဆို အလွန်အရေးကြီးသည့် စံလမ်းညွှန်များပင်ဖြစ်ချေတော့သည်။ သို့ဖြစ်လေရာ ပညာရေးတွင် ကြားနေရန်မဖြစ်နိုင်သကဲ့သို့ ပညာရေးမူဝါဒများနှင့် လက်တွေ့လုပ်ငန်းများသည် လူမှုဘဝများထဲသို့ ထဲထဲဝင်ဝင်သက်ရောက်မှုရှိနေသည်ကို အသေအချာ နားလည်ထားရပေမည်။ ဤမူဝါဒနှင့် လုပ်ငန်းတို့သည် ခွဲခြားထုတ်ပယ်ခြင်းနှင့် မတရားမှုတို့ သက်ဆိုးရှည်စေရန်အတွက်ဖြစ်စေ၊ သို့တည်းမဟုတ် လူမှုပြုပြင်ပြောင်းလဲရေးအတွက် အခြေအနေများကို ဖန်တီးတည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေ သက်ရောက်မှုရှိနေ၏။

ပေါလိုဖရေး၏အဆိုအရ အရင်းရှင်လူ့အဖွဲ့အစည်းများအတွင်း ပညာရေးနယ်ပယ်အပါအဝင် လူမှုဆက်ဆံရေးအများစု မှာ ဖိနှိပ်အုပ်ချုပ်မှုပုံစံ ဆက်ဆံရေးမျှသာဖြစ်၏။ သူ၏သီအိုရီနှင့် လုပ်ငန်းများတည်ဆောက်ခဲ့သည့် ဘရာဇီးနိုင်ငံ၏ လက်တွေ့အခြေအနေမှန်မှာမူ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ မညီမျှမှုတို့ဖြင့် ရင်ဆိုင်နေခဲ့ရသည်။ သန်းပေါင်းများစွာသော ပြည်သူများမှာ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးအရင်းအမြစ်၊ အရင်းအနှီးများမှ ဖယ်ထုတ်ထားခြင်းကို ခံစားခဲ့ကြရသည်။ ဤသို့ဖိနှိပ်ခြင်းနှင့် ဖိနှိပ်သူ-အဖိနှိပ်ခံ ဆက်ဆံရေးပုံစံများမှာ ဖရေးအတွက် လွန်စွာစိတ်ဝင်စားခြင်းဖြစ်ရတော့သည်။ ဘရာဇီးနိုင်ငံနှင့် အခြားသော နိုင်ငံများရှိ ဆင်းရဲမွဲတေနေသော လူထုများနှင့် အလုပ်လုပ်ရန်အတွက် စိတ်ပါရခြင်းဖြစ်သည်။

သူ၏ အစောဆုံးအရေးအသားများမှာပင် ဤလူ့အဖွဲ့အစည်းများအတွင်း အမြစ်တွယ်နေသော ခွဲခြားဆက်ဆံမှု၊ ကြဉ်ဖယ်မှုတို့ ကင်းစင်စေရန်၊ ထပ်မံမပေါ်ပေါက်စေရန်မှာ  တည်ရှိနေခဲ့သည် ပညာရေးဆိုင်ရာ လွှမ်းမိုးမှုရှိသော အတွေးအခေါ်များဖြင့် မဖြစ်နိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ ဤအတွက်ကြောင့် ပညာရေးအတွေးအမြင်သစ် လိုအပ်ချက်ကို တိုက်တွန်းပြောဆိုခဲ့၏။ လက်ရှိရပ်တည်ချက်နှင့် ကမ္ဘာ့အမြင်မှ သွေဖည်ခြင်းနှင့်အတူ သိမှုနယ်ပယ်တွင်လည်းနည်းနာအသစ်ဖြင့် ချဉ်းကပ်ရတော့သည်။ သို့ဖြစ်လေရာ ဖရေး၏ပညာရေးအယူအဆနှင့် သူ၏နည်းလမ်းကို ခြေခြေမြစ်မြစ်နားလည်ရန်အတွက် ကြဉ်ဖယ်ခြင်းခံထားရသူများ၊  အခွင့်အရေးတန်းတူမရှိသူများနှင့် အဖိနှိပ်ခံတို့၏ ယဉ်ကျေးမှု၊ အသိပညာနှင့် နောက်ခံအခြေအနေများအပေါ် ဖရေးမှ ပထမ ဦးစားပေးရွေးချယ်ခြင်းပင်ဖြစ်သည်။

ဖရေး၏ ပညာရေးအယူအဆမှာ ကျောင်းစာသင်ခန်းများအတွင်း၌သာ ပြီးဆုံးသွားသည်မဟုတ်ပါချေ။ မျိုးဆက်သစ်များအတွက်နှင့် လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုများအတွက် ကျောင်းစာသင်ခန်းများ၏ အရေးပါမှုကို နားလည်ထားသော်ငြားလည်း ပညာရေးနည်းလမ်းအသစ်များသက်သက်ဖြင့် ပြောင်းလဲမှုရှိသော ကျောင်းအသစ်၊ လူ့အဖွဲ့အစည်းအသစ်ကို ဖန်တီးတည်ဆောက်ရန်မဖြစ်နိုင်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ပညာရေးသည် ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာကမ္ဘာကြီးအကြောင်းကို သိရှိနားလည်ရန်နှင့် ပြုပြင်ပြောင်းလဲရန်ပြင်ဆင်ပေးနိုင်ပါသည်။သို့သော် လူတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တွင်း ပကတိအရှိတရားများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်ထားရှိပြီး ဤအရှိတရားများကို ပြုပြင်ပြောင်းလဲရန် လှုပ်ရှားနေမှုများနှင့်လည်း ဆက်စပ်ထားမှသာ ဖြစ်နိုင်ပါမည်။ ဤအချက် အပေါ်မူတည်၍ သိမှုနယ်ပယ်ဆိုင်ရာ ချဉ်းကပ်ပုံအသစ်ကို ဖရေးမှ ကမ်းလှမ်းတင်ပြခဲ့သည်။

ဖရေးအဆိုအရ လွတ်မြောက်မှုအတွက် ပညာရေးမှာ အသိပညာ၊ ဗဟုသုတများကို လက်ဆင့်ကမ်းဖြန့်ဖြူးပေးရုံ ရိုးရိုးတော့ လုံးဝ မဟုတ်ပါချေ။ အချက်အလက်များ၊ သတင်းများကို စုဆောင်းထားရုံမျှမှာ သိခြင်းမဟုတ်သေး။ သူက “ဘဏ်တွင် သိုမှီးအပ်နှံခြင်း” ဟုအမည်တပ်သည်။ သိခြင်းမှာ ကမ္ဘာပေါ်တွင် မိမိ၏နေရာမှနေ၍ မိမိကိုယ်ကို တည်ဆောက်ခြင်းပင်ဖြစ်ပြီး မိမိဖတ်ရှုထားသည်ကို ပြန်လည်ရေးသားနိုင်ခြင်းနှင့် ကမ္ဘာကြီးကို အခြေခံကျကျ ပြောင်းလဲနိုင်စွမ်းရှိခြင်းလည်း ဖြစ်သည်။ သို့ဖြစ်လေရာ ဖရေး၏ စာတက်မြောက်မှုအယူအဆမှာ အကြင်သူတစ်ဦးမှနေ၍ စကားလုံးများကို ဖတ်ရှုတတ်ရုံအဆင့်ထက် များစွာ ကျော်လွန်လေသည်။ စာဖတ်တက်ခြင်းဟုဆိုရာဝယ် ကမ္ဘာကြီးကို “ဖတ်ရှုနိုင်စွမ်းရှိခြင်း” လည်း ဖြစ်ရမည်။

လွတ်မြောက်မှုအတွက်ပညာရေးကို အဆိုပြုဆွေးနွေးခြင်း၏ နောက်ခံတွင် အရေးပါလှသော မနုဿဗေဒဆိုင်ရာ ဇစ်မြစ်တည်ရှိနေသည်။ သူက ယောကျင်္ားနှင့် မိန်းမတို့သည် ယဉ်ကျေးမှုကို ထုတ်လုပ်သူများဖြစ်သည်ဟု ယုံကြည်သည်။ သို့ဖြစ်၍ သမိုင်း ဖန်တီးထုတ်လုပ်သူများလည်းဖြစ်ကြသည်။ လူသားဆိုသည်မှာ မပြီးမပြည့်စုံသေးသူဖြစ်လေရာ ပိုမို၍ လူသားဆန်လာရန်အတွက် “ဖြစ်တည်မှု အလုပ်လုပ်ရန်” တာဝန်ရှိနေသည်။ ဆရာဆရာမများနှင့် ကျောင်းသားများမှာလည်း မပြီးမပြည့်စုံသေးသောလူသားများသာဖြစ်ကြလေရာ နှစ်ဦးစလုံးမှ ပညာရေးလုပ်ငန်းစဉ်တွင် အပြန်အလှန်သင်ယူလေ့လာစရာတွေရှိနေသည်။ ဤသို့ဆိုသော်လည်း သင်ယူလေ့လာမှုလုပ်ငန်းကို လုပ်ဆောင်သူ ဆရာ၏ အခန်းကဏ္ဍကို ငြင်းပယ်ခြင်းကားမဟုတ်ရပါ။ လုပ်ငန်းစဉ်တွင် ပိုင်းခြားဝေဖန်ဆွေးနွေးခြင်းနှင့် နှစ်ဦးနှစ်ဘက်ပူးပေါင်း၍ အသိပညာရှာဖွေခြင်းတို့အပေါ် အမှီသဟဲပြုရာ၏။

ဆန်းစစ်ဝေဘန်တတ်သော ယဉ်ကျေးမှုလုပ်သားများအနေဖြင့် ကျောင်းဆရာဆရာမများ၏ အခန်းကဏ္ဍကို ဖရေးမှ အလေးထားတင်ပြခဲ့သည်။ လူ့အဖွဲ့အစည်းအတွင်းနှင့် သူတို့ကိုယ်၌လက်ခံကျင့်သုံးနေသည့် ပင်မယဉ်ကျေးမှု စံ တန်ဖိုးများအပေါ်တွင် ဆန်းစစ်ဝေဘန်နိုင်ရန် အားထုတ်ရမည်။ ဤသည်မှာ ယင်းတို့၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးလုပ်ဆောင်ချက်တို့ကို သိရှိနားလည်ရန်အတွက်ဖြစ်၏။ အတွင်း၊ အပြင် ၂ ဖက်စလုံးမှ အားထုတ်ခြင်းမှာ ပြန်လှန်လေ့လာသုံးသပ်တတ်ရန်နှင့် ပြုပြင်ပြောင်းလဲလုပ်ဆောင်ရန် နည်းလမ်းများရရှိစေနိုင်သည်။ ထို့အပြင် ဤကဲ့သို့ပြုပြင်ပြောင်းလဲလုပ်ဆောင်ချက်များမှာ လိုအပ်ချက်အရ စာသင်ခန်းတွင်းကို ကျော်လွန်သွားပါလိမ့်မည်။ ဖရေး၏စကားအတိုင်းဆိုရသော် -

“အနှစ်သာရအားဖြင့် နိုင်ငံရေးသဘောဆောင်ပြီး ပင်ကိုယ်အရ သင်ယူရေးနှင့် သင်ကြားရေးဟန်ရှိသည့် ကျွန်ုပ်၏ရွေးချယ်မှုများနှင့် မျှော်လင့်ချက်အိပ်မက်များ ပိုမို၍ ရှင်းရှင်းလင်းလင်းဖြစ်လာသည်နှင့် အမျှ၊ ပညာရေး သမားတစ်ဦးဖြစ်သော်ငြားလည်း နိုင်ငံရေးကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ရသည်ဆိုသောအချက်ကို သိမြင် နားလည်လာသည်နှင့် အမျှ၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေရန် မည်မျှအထိခရီးဆက်ရအုံးမည်နည်းဟု ကျွန်ုပ်အနေဖြင့် သဘောပေါက်စိုးရိမ်မှုကို ပိုမို၍ သိရှိလာတော့၏။ စာသင်သားတို့၏ သိစိတ်ကို နှိုးဆွပေးနိုင်သည့် ပိုင်းခြား ဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးကို ကျင့်သုံးလာသည်နှင့်အမျှ ကျွန်ုပ်တို့ကို ပုံပျက်ပန်းပန်းပျက်ဖြစ်စေသည့် စိတ်ကူးယဉ်စွဲလန်းမှု၊ ဒဏ္ဍာရီဆန်မှုများအား လိုအပ်ချက်အရ ဆန့်ကျင်လာတော့သည်ကိုလည်း ကျွန်ုပ် သိနား လည်ရပြန်သည်။ ဤဒဏ္ဍာရီများကို ဆန့်ကျင်လာသည်နှင့်အတူ လွှမ်းမိုးမှုရှိနေသော အာဏာနှင့် ရင်ဆိုင်ရ တော့သည်။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီများကို ခွါချလိုက်သည်နှင့် အာဏာနှင့် အတွေးအမြင်တို့သာ ကျန်ရှိတော့၏။”

မိန့်ဆိုချက်နောက်ကွယ်က ကျင့်ဝတ်နီတိနှင့် နိုင်ငံရေးအဓိပ္ပါယ်မှာ ရှင်းလင်းနေသည်။ ကျောင်းဆရာတစ်ဦးအနေဖြင့် သိရှိ နားလည်ထားသည့် နိုင်ငံရေးအမြင်သဘောထားအရ အပြန်အလှန်ဆွေးနွေးမှုရှိသော ပညာသင်ကြားရေး လိုအပ်ချက်ကား အမှန်ဖြစ်ပါမူ ကျောင်းသူကျောင်းသားများနှင့် သူတို့၏အသိပညာကိုလည်း အထူးလေးစားမှု ရှိရ ပေလိမ့်မည်။ “မိမိ၏အမြင်နှင့် မတူပါက လက်မခံနိုင်ဘဲ အဆင့်မရှိဟူသောအမြင်မျိုးရှိတတ်ကြလေသည်။ ဤသည်မှာ သည်းခံနိုင်စွမ်းမရှိခြင်းပင်တည်း။ ဆန့်ကျင်ဘက်တို့အပေါ်တွင် ငြင်းပယ်လိုမှုသဘောကားထင်ရှားနေပေသည်။”

သို့ပင်ဖြစ်သော်ငြားလည်း စာသင်ကျောင်းတို့မှာ အခြားသူတို့အပေါ် အဆင့်နိမ့်သဘောထားအမြင်ရှိမှုကြီးစိုးသော ပင်မနေရာများဖြစ်နေရချေသည်။ ကျောင်းသည် (အထင်ကရဖြစ်သော) အဓိအသိပညာအပေါ်တွင်သာ အလေးထားပြီး သမိုင်းစဉ်မှ ဖယ်ရှားခြင်းနှင့် အလိုအလျောက်လက်ခံကျင့်သုံးခြင်းကိုဖြစ်စေသည်။ ထင်သာမြင်သာဖြစ်သော အသိပညာအပေါ်တွင်သာ အာရုံစူးစိုက်မှုနှင့် လူ့အသိုင်းအဝိုင်းအတွင်း လက်ခံကျင့်သုံးနိုင်မှုကို ဖန်တီးထားသည်။ ဤသည်မှာ ဖရေးအနေဖြင့် မှားယွင်းသည်ဟု ရှုမြင်သည်။ အသိပညာဆိုသည်မှာ သမိုင်းစဉ်ဆက်နေခြင်းဖြစ်သည်ဟူ၍ သူအနေဖြင့် တင်ပြခဲ့သည်။ ဖရေးအဆိုအရ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်နွယ်မှုဘောင်အတွင်း သမိုင်းစဉ်ဆက်မဟုတ်သော၊ လူမှုဆက်ဆံရေးမဟုတ်သော အသိပညာဟူ၍မရှိ။ ဤဆက်နွယ်မှုသဘောနားလည်ရန်မှာ သူ့၏ အယူအဆအတွက် အလွန်အရေးပါလှသည်။ မတူခြားနားမှုချက် (သူအခေါ်အရ လူကြိုက်များသော အသိပညာ) ကို တန်ဖိုးထားခြင်းမရှိသည့်အပြင် အထင်ကရဖြစ်သည့် ထုံးတမ်းစဉ်လာ ပညာရေးပုံစံဘောင်အတွင်း တရားဝင်မှုလည်းမရှိပါ။ လွတ်မြောက်မှုအတွက် ပညာရေးမှာ စာသင်ကျောင်းများတွင် အစဉ်အလာအရ လက်ခံကျင့်သုံးနေသည့် ခေါက်ရိုးကျိုးနေသော အကျင့်အကြံတို့ကို ထပ်တူထုတ်လုပ်ရန်မဟုတ်ပါ။ ဤအမြင်နှင့် ဆန့်ကျင်စွာ ဖရေးပုံစံဖြစ်သည့် လွတ်မြောက်မှုအတွက်ပညာရေးသည် ကျောင်းသူကျောင်းသားများ၏ ဗဟုသုတအသိပညာကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်းနှင့် သမိုင်းဝင်စေခြင်းတို့ပါရှိသည်။ ဤမျှလောက်နှင့်လည်း ရပ်တန့်မနေသေးပါ။ ဖရေး၏ချဉ်းကပ်မှုနည်းလမ်းမှာ ကျောင်းသားများ၏ ရှိနှင့်ပြီးဖြစ်သော ကိုယ်ပိုင်ဗဟုသုတအသိပညာကို အသုံးပြုပြီး အထင်ကရအသိပညာနှင့် ဆက်စပ်နားလည်နိုင်စေခြင်းဖြင့်  သူတို့၏လွတ်မြောက်မှုအတွက်ဖြစ်လေသည်။ ဤအမြင်ကို သာဓကဆောင်ရသော် ကျောင်းသားများအနေဖြင့် ဘာသာစကားအသုံးပြုရာတွင် လူမှုရေးနယ်ပယ်အတွင်း ဖွင့်ဆိုထားသော “စံ” သတ်မှတ်ချက်များကို လေ့လာကြမည်ဖြစ်သည်။ သို့သော်ဆန်းစစ်ဝေဘန်မှုရှိသော ပညာရေးမှာ ဤအဆင့်ထက်ကျော်လွန်ရပါမည်။  သူ့စကားအတိုင်းဆိုရသော် -

“စံတန်ဖိုးများကို လေ့လာရာတွင် ကျောင်သားများအနေဖြင့် သူတို့ဘာသာစကားမှာ အကျည်းတန်ခြင်း၊ နိမ့်ကျခြင်းတို့ကြောင့်မဟုတ်မူဘဲ ဤစံတန်ဖိုးများကို တတ်ကျွမ်းသိနားလည်ခြင်းအားဖြင့် ကမ္ဘာကြီးတွင် လိုအပ်သည့် ဆန်းသစ်တီထွင်ပြောင်းလဲရန် ရုန်းကန်အားထုတ်ရာဝယ် ကိရိယာတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်။”

လက်တွေ့အကျင့်အကြံနှင့် သီအိုရီအကြား ဒိုင်ယာလက်တစ်ဆက်ဆံရေးအပေါ် သူ၏ အားထုတ်မှုမှာ လက်တွေ့လုပ်ဆောင်ချက်များကို အင်အားရှိသော သီအိုရီအယူအဆများအပေါ်တွင် အမြဲပင် အခြေရယူခြင်း ပင်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ဤသီအိုရီများမှာလည်း  သူ၏လက်တွေ့လုပ်ရပ်များနှင့် နက်ရှိုင်းစွာ ဆက်စပ်နေလေသည်။ သို့ဖြစ်လေရာ သူ၏ဘဝတစ်လျှောက်လုံးကို ပညာသင်ယူခြင်းနှင့် သင်ကြားရေးလုပ်ငန်းစဉ်လေ့လာမှုတွင်မြှပ်နှံထားခဲ့သည်။ ခေါင်းစဉ်များ၊ ဖတ်စာအုပ်များ (သို့မဟုတ်) သင်ကြားရေးနည်းလမ်းများကို ကြိုတင်အဓိပ္ပါယ်ဖွင့်ဆိုထားချက်ဟူ၍လည်း မရှိသေးဘဲ လက်တွေ့လေ့လာခြင်းဖြစ်၏။ သူ၏ရည်ရွယ်ချက်မှာ ဆရာနှင့် ကျောင်းသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုပကတိအရှိတရားများအပေါ်တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် “ကိုယ်ပိုင်အတွေ့အကြုံများမှ အဓိပ္ပါယ်နားလည်ယူရေး” conscientization ခေါ် သင်ကြားရေးနည်းလမ်းကို ရှင်းလင်းရန်ဖြစ်သည်။ ဤပကတိအရှိတရားများမှနေ၍ ခေါင်းစဉ်များ၊ မာတိကာများ၊ သင်ကြားရေးဆုံးဖြတ်ချက်များ (တနည်းဆိုရသော် သင်ရိုးညွှန်းတမ်းနှင့် စာသင်ကြားခြင်း) ကို ရရှိလာမည်ဖြစ်သည်။ ဖရေး၏ အတွေးအခေါ် အယူအဆများတွင်ပါရှိသော အင်အားနှင့် ဩဇာရှိနေသောအချက်ဟူသည်မှာ ဤလက်တွေ့ကျင့်စဉ်နှင့် သီအိုရီသဘောတရားတို့ ပေါင်းစည်းခြင်းပင်ဖြစ်ပါ၏။

ခြေခြေမြစ်မြစ်ဖွင့်ဆိုရသော် သက်ကြီးစာတတ်မြောက်ရေးတွင် “ကိုယ်ပိုင်အတွေ့အကြုံများမှ အဓိပ္ပါယ် နားလည်ယူ ရေး” နည်းလမ်းမှာ ဘာသာဗေဒနှင့် လူမှုရေးအဓိပ္ပါယ်များကို ဖွင့်ဆိုခြင်း၊ ရှင်းလင်းခြင်းနည်းလမ်း အဆင့်ဆင့် ဖွဲ့စည်း ထားရှိခြင်းဖြင့်  တည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ပထမဦးစွာ ခေါင်းစဉ်များကို ရှာဖွေထုတ်ယူသည်။ လူ့ အသိုင်း အဝိုင်းအတွင်း ပုဂ္ဂလနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများမှ ပေါ်ထွက်လာခြင်းများပင်။ ထို့နောက်တွင် အပြန်အလှန် ပြောဆို ဆွေးနွေးခြင်း ဒိုင်ယာလော့နည်းလမ်းကို အသုံးပြုခြင်းဖြင့် ရပ်ရွာယဉ်ကျေးမှုအသိုက်အဝန်းတွင် ဆွေးနွေးကြ သည်။ ဤဆွေးနွေးမှုများမှ ခေါင်းစဉ်နယ်ပယ်ကြီး thematic universe ကို ထုတ်နှုတ်ကြပြီးလျှင် ဆရာများမှ အသိုင်းအဝိုင်း ၏ လူမှုရေးနှင့် ယဉ်ကျေးမှုအရ ကိုက်ညီသင့်လျော်သော ဝေါဟာရများစွာပါရှိသည့် ဝေါဟာရ နယ်ပယ်ကြီး vocabulary universe ကိုထုတ်နှုတ်ယူကြပြန်သည်။ ထိုမှတဖန် အသံထွက်ပုံစံအမျိုးမျိုးနှင့် အသံထွက်အရ အလွယ် အခက် စဉ်ထားသည့် စကားလုံး ၁၇ လုံး ၁၈ လုံးခန့်ပါဝင်သည့် ဝေါဟာရနယ်ပယ်ငယ်လေးကို ရယူလေသည်။ နောက်ဆုံးတွင် ဖြစ်တည်နေသည့် အခြေအနေတွင်းမှ အဓိပ္ပါယ်ဖွဲ့စည်းမှုရှိသော စကားလုံးများဖြင့် ရေးသားထားသည် တို့ကို ဖွင့်ဆိုရှင်းလင်းခြင်း နည်းလမ်းပါရှိသော စာဖတ်ခြင်းနည်းနာ အဆင့်ဆင့်ဖြစ်သည်။ ပကတိဖြစ်တည်နေသည့် အခြေအနေနှင့် ဤဆက်နွယ်နေမှုမှာ လွန်စွာအရေးပါလှသည့် အဆင့်ဖြစ်ပြီး ဖိနှိပ် အုပ်ချုပ်ခံနေရသည့် လူ့အသိုင်း အဝိုင်း အတွင်းရှိ ကျောင်းသူကျောင်းသားများအနေဖြင့် ဗဟုသုတ အသိတရားအသစ်ကို သူတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရာဝယ် အသုံးပြုနိုင်စေရန် အချက်အချာကျသည်။[၁]

ကမ္ဘာ့နေရာအနှံ့အပြားတွင် ဤအဖိနှိပ်ခံတို့အား သင်ကြားရေးနည်းလမ်းကို အသုံးပြုမှုများ ကျယ်ပြန့်လာခြင်း အပေါ်တွင် ပေါလိုဖရေးအနေဖြင့် စိုးရိမ်စိတ်တော့ရှိနေခဲ့သည်။ သူ၏ အတွေးအခေါ်အယူအဆကို ဝေဘန် ဆန်းစစ်မှုမရှိဘဲ ထပ်တူကူးယူသည့်နည်းတစ်ခုဖြစ်လာမည်ကိုဖြစ်ပါ၏။ ထို့ကြောင့် သီအိုရီ အယူအဆများကို အရေးပါသည်ဟူသော သဘောထားအမြင်များ၏ အန္တရာယ်ဆိုးကိုလည်း သိမြင်ထားသည်။ သူ၏ ပိုင်းခြား ဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးသီအိုရီများနှင့် လက်တွေ့အကျင့်အကြံများ၏ မူလဇစ်မြစ်ကို အစဉ်ပင် သတိပြုစေလိုသည်။ ကမ္ဘာကြီးအတွင်း ကြားဝင်ဟန့်တားရန်ဆုံးဖြတ်ချက်များ၊ တရားမျှတမှုကင်းမဲ့သော ဘရာဇီးပြည်သူလူထု၏ ပကတိမျက်မှောက်အခြေအနေတို့မှာ သူ၏ ပညာရေးသီအိုရီ မြစ်ဖျားခံရာပင်ဖြစ်သော ကြောင့်ပင်။ သူ၏ပညာရေးသီအိုရီ ဒေါက်တိုင်လည်းဖြစ်သည်။[၂]

ကကြီးခခွေး အက္ခရာစကားလုံးများနှင့် အပေါင်းအနုတ်သချင်္ာတို့ကို လေ့ကျင့်သင်ယူနေခြင်းကို အပေါ်ယံမကြည့်သင့်ပါ။ နက်ရှိုင်းသော နိုင်ငံရေးဆက်နွယ်မှုကို ရှုမြင်ရမည်ဖြစ်သည်။ ပေါလိုဖရေးအတွက်မူ ပညာရေးကို နိုင်ငံရေးဟူ၍ မရှုမြင်၊ မသုံးသပ်တတ်သူတို့မှာ ပြဿနာ၏အစိတ်အပိုင်းပင်ဖြစ်ပြီး ဤအခြေအနေကို ပြောင်းလဲပစ်ရန်မှာ နိုင်ငံရေးအထူး စီမံကိန်းတစ်ရပ်လည်းဖြစ်သည်။ ၂၀ ရာစုနှောင်းပိုင်း ပညာရေး အတွေးအခေါ် ပညာရှင် ပေါလိုဖရေးအနေဖြင့် ပညာရေးတွင် အားဖြည့်ပေးခဲ့သည့် အနှစ်သာရမှာလည်း သူ၏ သီအိုရီကို ထပ်တူကူးယူပြီး သင်ကြားရန် ရိုးရိုးသက်သက်သာမဟုတ်မူဘဲ ခေတ်၊ နေရာ၊ လူမှုအသိုင်းအဝိုင်းအတွင်း ပကတိအရှိ တရားများ၊ ဖြစ်စဉ်များ၊ ဖြစ်ရပ်များ၊ တူရှုချက်များနှင့် ဆက်စပ်ပြီး လွတ်မြောက်မှုအတွက် ပညာရေးအကျင့်အကြံတို့ကို ရှာဖွေနိုင်စေရန် ဖြစ်ပါကြောင်း။   ။

ကိုးကား[ပြင်ဆင်ရန်]

  1. Palmer, J. A. (2001). Fifty modern thinkers on education. From Piaget to the Present. Palmer, J., Bresler, L., & Cooper, D. (2001). Fifty major thinkers on education: From Confucius to Dewey. Psychology Press. Peter, J. (Ed.). (2001). Twentieth century thinkers in adult and continuing education. Routledge.
  2. Roberts, P. (2000). Education, literacy, and humanization: Exploring the work of Paulo Freire. Greenwood Publishing Group.