ပေါရိသတ်မြို့ဟောင်း

ဝီကီပီးဒီးယား မှ

သာစည်မှတောင်ကြီးသို့ သွားသည့်အခါ မီးရထားဖြင့်တက်လျှင် ယခင်မီးရထားလမ်းဆုံး ဘူတာတစ်ခုဖြစ်သည့် ရွှေညောင်ဘူတာကို လူတိုင်းသိကြပေသည်။ ရွှေညောင်မြို့သည်လည်း ယခုအခါ များစွာစည်ကားလျက်ရှိလေပြီ။ ရွှေညောင်မှ ညောင်ရွှေမြို့နှင့် အင်းလေးကန်သို့ (၇)မိုင်သာသာခန့် ကားလမ်းဖြင့် သွားရောက်နိုင်ပေသည်။ ဤကားလမ်းပေါ်တွင် ရွှေညောင်မြို့ မှ နှစ်မိုင်ခန့်တွင် မြို့ဟောင်းကြီးတစ်ခု တည်ရှိသည်ဆိုသည်ကို မည်သူမျှ သတိမူမိကြမည် မဟုတ်ချေ။ မြို့ဟောင်းကြီးမှာ ရှမ်းပြည်နယ်တွင်အရွယ် အစားကြီးမားသည့် မြို့ဟောင်းကြီး တစ်မြို့ပင်ဖြစ်သည်။ ဤမြို့ဟောင်းကို ဖြတ်၍ ကားလမ်းဖောက်လုပ်ထားစေကာမူကားဖြင့် ခရီးသွားသူတို့သည် မည်သည့်အချိန်က မြို့ဟောင်းတွင်း ဝင်ရောက်ခဲ့သည်၊ မည်သည့်အချိန်က မြို့ဟောင်းခွင်မှ ဖောက်ထွက်သွားသည်ဟူ၍ သိကြသူမရှိ။ အမှန်မှာ ခရီးသွားအများစုမှာ ဤနေရာ၌ မြို့ဟောင်းကြီးတစ်မြို့ ရှိမှန်းပင် မသိကြပေ။

မြို့ဟောင်းတစ်ဖက် မြို့ရိုး၏အပြင်ဘက်၌ ကပ်လျက်ထင်ရှားသည့် ရှေးဟောင်းစေတီကြီး တစ်ဆူရှိသည်။ ပေါရိသတ်ဘုရားဟု လူသိများကြသည်။ ဤစေတီကြီးကို အမှီပြု၍ မြို့ရာဟောင်းကြီးကို ပေါရိသတ်မြို့ဟောင်းဟု ခေါ်ခြင်းဖြစ်သည်။ ဘုရားစေတီကြီးရှိသည့် နေရာဝန်း ကျင်တွင်လည်း မြို့ဟောင်း၏ မြို့ရိုးများကိုတွေ့မိ၊ သတိပြုမိကြမည်မဟုတ်ပေ။ ဤနေရာဝန်း ကျင်၌ မြို့ရိုးပြိုပျက်လျက်ရှိချေပြီ။ စာရေးသူကိုယ်တိုင်ပင် အကြိမ်ကြိမ်အခေါက်ခေါက် ဤနေရာ သို့ရောက်ဖူးခဲ့သည်။ သို့ရာတွင် မြို့ဟောင်းရှိမှန်းမသိ၊ ကောင်းကင်ဓာတ်ပုံထဲ၌ မြို့ဟောင်းကြီး၏အရာကို တွေ့ရှိတော့မှပင် ““ဟောမြို့ဟောင်းရာကြီးတစ်ခုပါလား””ဟု သတိပြုမိတော့သည်။

ဓာတ်ပုံထဲ၌ မြို့ဟောင်းရာမှ စတုဂံပုံသဏ္ဌာန်ဖြစ်သည်။ သို့သော်လည်း အနားပြိုင် ၂ဖက်အနားညီ စတုဂံမျိုးမဟုတ်။ မြောက်စူးစူးမှ ၄ ဒီဂရီမျှ ယိုင်နေသဖြင့် အနားပြိုင်စတုဂံ၊ မှန်ကူကွက်ပုံသဏ္ဌာန်မြို့ဖြစ်သည်။ အမှန်မှာ အလွယ်တကူပင် ညောင်ရွှေမြို့ဟောင်းဟု မှည့်ခေါ်ရန် စဉ်းစားသေးသည်။ သို့ရာတွင် ယခုလက်ရှိ အင်းလေးကန်၏ အရှေ့မြောက်ဘက်ရှိ ညောင်ရွှေမြို့သည်ပင်လျှင် မြို့ရိုးနှင့်၊ ကျုံးနှင့်၊ ဟော်နှင့် စော်ဘွားရုံးစိုက်ရာ မြို့ဟောင်းတစ်ခု အဖြစ်နှင့် အထင်အရှား ရှိနေသေးသဖြင့် ရောထွေးမှုမဖြစ်စေဘဲ ကွဲပြားစေရန် ဤမြို့ဟောင်းကို ပေါရိသတ်မြို့ဟောင်းဟုပင် ခေါ်ပါမည်။

အင်းလေးဖောင်တော်ဦး ဘုရားသမိုင်းတွင် ညောင်ရွှေပြည်နယ် ပထမမြို့တော်မှာ ပေါရိသဒ် ဘုရား၏မြောက်ဘက် အုတ်ဖိုရွာ၏ အနောက်မြောက်ယွန်း၊ ယခုမြို့ကြီးကွင်းဟုခေါ် ကြသော လယ်ကျင်းနှင့်ဖြစ်သည့်အရပ်ပင်တည်း။ တံတိုင်းနှင့် သမိုင်းနတ်စင်များလည်း ယခုတိုင် အထင်အရှားရှိသေးသည်ဟု ဖော်ညွှန်းထားလေသည်။

၎င်းပထမမြို့တော်၏အမည်မှာ သျှမ်းဘာသာအားဖြင့် ကောက်ဆံပြီဟုခေါ်၏။ မြန်မာ အသံထွက်ဖြင့် သျှမ်းဘာသာကို ပီအောင်မခေါ်နိုင်သဖြင့် ကောသမ္ဘီဟူသည် အသံထွက်ဖြင့် ခေါ်ကြကုန်၏ဟုဆိုလေသည်။ (အင်းလေးဖောင်တော်ဦး သမိုင်း စာ၃-၄)

အမှန်ပြောရလျှင် ဤနေရာတွင် မြို့ဟောင်းကြီးတစ်ခုရှိနေသည်ကို သိသူနည်းပါးလှ သည်။ သိသူတို့ကလည်း ဤဒေသ၌ မြို့ဟောင်းရှိသည်ဆိုစေကာမူ မြေပြင်ပေါ်တွင်ရှာဖွေပြီး ပုံသဏ္ဌာန်ကို ခန့်မှန်းဖော်ထုတ်ရန် လွယ်ကူမည်မဟုတ်ချေ။ မြို့ရိုးနှင့်ကျုံးများမှာ နေရာများစွာ၌ ငုတ်လျှိုးကွယ်ပျောက်လျက်ရှိပြီ။ ကျုံးနေရာတချို့မှာလည်း လယ်ကွက်များဖြစ်လျက်ရှိလေပြီ။ ကားလမ်းဘေးတွင် ထင်ရှားလူသိများသည့် ပေါရိသတ်ဘုရားစေတီရှိသည်။ ပေါရိသတ်ဘုရားကို တွေ့ရှိလျှင်မိမိသည် ပေါရိသတ်မြို့ဟောင်းမှထွက်ပြီး မြို့ဟောင်း၏အပြင်ဘက်တွင် ရောက်ရှိနေပြီ ဆိုသည်ကိုသိရပေမည်။ ပေါရိသတ်ဘုရားသည် မြို့ဟောင်းတောင်ဘက် မြို့ရိုးအနီး၊ မြို့ရိုး၏ အပြင်၌ရှိ၏။

ပေါရိသတ်ဘုရားမှာ နှယ်နှယ်ရရမဟုတ်၊ အနော်ရထာမင်းကြီးသည် တိုင်းခန်းလှည့်လည် စဉ်အခါ ညောင်ရွှေအင်းတိမ်အရပ်တွင် တည်ထားခဲ့သည့် စေတီတစ်ဆူဖြစ်သည်ဟုဆိုသည်။ ထို့နောက်လှိုင်းတက်ကင်းမြို့တွင်လည်း ဘုရားလှစေတီတစ်ဆူကို တည်ထားခဲ့သောဟူ၏။ (လှိုင်းတက်သမိုင်း၊ ဦးစိုးမြတ်လင်း၊ စာ-၉၊ ၁၀)

တည်နေရာနှင့်အရွယ်အစား[ပြင်ဆင်ရန်]

မြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၄၅မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၆မိနစ်တွင် တည်ရှိလေသည်။ မြို့ဟောင်းမှာ အရှေ့နှင့်အနောက်အလျားက တောင်နှင့်မြောက် အလျားထက်အနည်းငယ်ရှည်၏။ မြောက်ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုး၏ အလျားမှာ (၂၁၅၀ မီတာ) (၂၃၅၀ ကိုက်)ခန့်စီမျှရှိကြ၏။ အရှေ့ဘက်နှင့်အနောက်ဘက် မြို့ရိုးတို့မှာ (၁၅၅၀ မီတာ) နှင့် (၁၆၅၅ ကိုက်)ခန့်စီ ရှိကြ၏။ မြို့ရိုးများမှာ လေးဖက်လေးတန်စလုံး ဖြောင့်စင်းသည်။ ကွေးဝိုက်သည့် ဝိုင်းသည့်နေရာ မတွေ့ရ။ မြို့ဟောင်းများလည်း ကွေးဝိုင်းမှုမရှိ။ ထောင့်ချွန်း မြို့ထောင့်များပင်ဖြစ်သည်။

မြောက်ဘက်မြို့ရိုးကို ကားလမ်းမ၊ ဖြတ်သွားသည့်နေရာသည် မြို့ဟောင်း၏ အရှေ့ မြောက်ထောင့်မှ (မီတာ၄၅၀) (၄၉၀ ကိုက်)ခန့်တွင်ဖြစ်သည်။ ထိုကားလမ်းမမြို့ရိုးကို ဖောက်ဝင် သည့်နေရာမှ အနောက်ဘက်သို့ (မီတာ ၄၅၀) ခန့်အကွာတွင်ပင် နန်းလက်ချောင်းခေါ် ချောင်း တစ်ချောင်းသည် မြောက်ဘက်မြို့ရိုးကိုဖြတ်၍ စီးဝင်သည်။ ထို့နောက် မြို့ဟောင်း၏ တောင်ဘက် မြို့ရိုး၏အလယ်ဗဟိုခန့်လောက်ရှိ အုတ်ဖိုရွာအနီးတွင် ဖောက်ထွက်သွား လေသည်။ နန်းလက် ချောင်းသည် နွေးမိုးမပြတ် ထာဝစဉ် ရေစီးသည့်ချောင်းတစ်ချောင်းဖြစ်၏။ တောင်ဘက်မြို့ရိုးတွင် နန်းလက်ချောင်းစီးထွက်သည့်နေရာသည် တောင်ဘက်မြို့ရိုးကို ဖောက်ထွက်သည့်ကားလမ်းနှင့် ၂၂၅မီတာခန့်မျှကွာသည်။

ပေါရိသတ်မြို့ဟောင်း၏ မြို့ရိုးမှာ အုတ်မြို့ရိုးပင်ဖြစ်၏။ မြောက်ဘက်ပိုင်း စစ်တပ်စခန်းချ ထားသည့်နေရာ တစ်လျှောက်တွင် မြို့ဟောင်းအုတ်ရိုးမှာ တချို့နေရာ၌ (၈)ပေ (၁၀)ပေခန့်မျှ မြင့်သေးသည်။ သို့ရာတွင် အခြားဖက်မြို့ရိုးများမှာ များစွာနိမ့်လျောခဲ့ပြီ။ တောင်ဘက်မြို့ရိုး၏ အရှေ့ဘက်ပိုင်း တစ်ပိုင်းလုံးမှာ အုတ်ဖိုရွာမှ အရှေ့ဘက် ကန်ထောင့်ရွာသို့သွားသည့် လှည့်လမ်း ဖြစ်နေလေပြီ။ နိမ့်လျှောလျက်ရှိပြီ။ မြို့ရိုးကို လှည်းလမ်းအဖြစ် အသုံးပြုထား၏။ တောင်ဘက် မြို့ရိုးတစ်လျှောက် အုတ်ဖိုရွာမှ အနောက်ဘက်သို့ဆက်သွားလျှင် ထိုမြို့ရိုးအပိုင်းသည် ထင်ရှားဆဲပင်ဖြစ်သည်။

မြို့ဟောင်း၏ အရှေ့ဘက်တွင် ရေကန်ကြီးတစ်ကန်ရှိ၏။ မြို့ရိုး၏အရှေ့တောင်ထောင့်မှ ၄၂၅မီတာ (၄၆၅ ကိုက်)ခန့် နေရာမှစ၍ အရှေ့ဘက် မြို့ရိုးတစ်လျှောက်တွင် တည်ရှိသည့် ရေကန်ကြီးတစ်ကန်ဖြစ်သည်။ မြို့ထောင့်များတွင် မြို့ထောင့်စေတီများကိုမတွေ့ရပါ။

မြို့ဟောင်းဝန်းကျင်၌ တွေ့ရသည့်ရွာများမှာ မြောက်ဘက်တွင် ရဲနွယ်နှင့်တာယော၊ အရှေ့ဘက်တွင်စခမ်းကြီး၊ ကန်ထောင့်နှင့် ဥယျာဉ်ရွာ၊ တောင်ဘက်၌ လင်းဇင်းကုနး်၊ အုတ်ဖိုနှင့် လမ်းဆုံကျေးရွာများနှင့် အနောက်ဘက်တွင် ဘုရားနီကျေးရွာတို့ တည်ရှိကြသည်။ အရှေ့မြောက်ဘက်၌ ရွှေညောင်မြို့ရှိပြီး အနောက်မြောက်တွင် တောင်လေးလုံးရွာ၊ အရှေ့တောင်၌ ကန်ထောင့် ကျေးရွာတို့ တည်ရှိကြသည်။ မြို့ဟောင်း၏တောင်ဘက် ပို၍ကျပြီး ကားလမ်းမပေါ်တွင် ရွှေရန်ပြေ ရှေးဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် ဘုရား ၂ ဆူရှိသည်။ ပြတင်းပေါက်များမှာ ဘဲဥပုံသဏ္ဌာန်မျိုးဖြစ်ပြီး ရှားပါး၊ လှပ၊ သေသပ်သည့် ရှေးလက်ရာအဆောက်အအုံတစ်ခုဖြစ်လေသည်။ ရှေးဟောင်းလက်ရာမွန်တစ်ခုအနေဖြင့် မူမပျက် ထိန်းသိမ်းထားသင့်သည့် အဆောက်အအုံ တစ်ခုပင်ဖြစ်သည်။

မြို့ဟောင်း၏အတွင်း၌ နတ်စင်ကုန်းဟုခေါ်ကြသည့် ကုန်းတစ်ခုရှိသည်။ ကုန်းဟုခေါ်ရသော်လည်း သိပ်မြင့်သည်မဟုတ်၊ ဝန်းကျင်ထက် အနည်းငယ်မျှ မြင့်မောက်နေသည့် နေရာသာ ဖြစ်သည်။ ဤနေရာတစ်ဝိုက်တွင် သစ်ပင်အုပ်စုတစ်စုသည် သိပ်သည်းထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။ နတ်စင်ရှိသဖြင့် ဖျက်ဆီးမှု၊ ခုတ်ယူမှုပြုကြဟန်မတူ။ မိုးတွင်းအချိန်တွင် မြို့ဟောင်းကို သွားရောက်လေ့လာရန် မသင့်တော်ချေ။ နေရာအနှံ့ လယ်ယာမြေများဖြစ်၍ လယ်မရိပ်သိမ်းမီ၊ သွားရေးလာရေး ခက်ခဲသည်။ မြေပျော့သဖြင့်ရွှံ့ရုန်းရမည်။ လယ်ကန်သင်းမှ သွားပြန်လျှင်လည်း ခရီးမတွင်၊ ကွေ့ဝိုက်၍ လယ်ကန်သင်းရိုးအလိုက်သွားရသဖြင့် ခရီးအလွန် ဖင့်သည်။ လယ်ရိပ်သိမ်းချိန်သည်သာ ဤဒေသသို့သွားရောက်လေ့လာမှုပြုရန် အကောင်းဆုံး အချိန်ဖြစ်သည်။

နောက်ခံသမိုင်းဒဏ္ဍာရီ[ပြင်ဆင်ရန်]

ထိုပေါရိသတ်မြို့ (ပထမရွှေညောင်မြို့ဟောင်း)ကို မည်သူတည်သည်၊ မည်သည့်ခုနှစ် သက္ကရာဇ်က တည်သည်ဟုတိတိကျကျ မပြောနီုင်ချေ။ ထိုမြို့ဟောင်းနှင့်ပတ်သက်သည့် အရပ် သမိုင်း ဒဏ္ဍာရီတစ်ခုတော့ရှိသည်။ မြို့ဟောင်း၏တောင်ဘက်တွင် တည်ရှိသည့် ပေါရိသတ် စေတီနှင့် မြို့ဟောင်း၏အနောက်ဘက်တွင်တည်ရှိသည့် ဘုရားနီစေတီတို့မှာ မောင်နှမများဖြစ်ကြ သည့် မင်းသားနှင့်မင်းသမီးတို့ ၂ဦးအပြိုင်အဆိုင်တည်ကြသည့် ဘုရားများဟု ဆိုလေသည်။

မောင်နှမ ၂ဦးသည် ၃နှစ်တစ်ကြိမ်၊ တစ်လှည့်စီ စိုးစံကြသည်ဟုဆိုသည်။ မောင်တော်မှာ အလွန်ကြမ်းကြုတ်ခက်ထန်သူတစ်ဦးဖြစ်သဖြင့် မောင်တော်စိုးစံသည့်အခါ ပြည်သူတို့အလွန် ကြောက်လန့်ကြသည်။ စိတ်ဆင်းရဲကြသည်။ နှမတော်မှာ အလွန်သိမ်မွေ့ယဉ်ကျေးသဖြင့် နှမတော်အုပ်စိုးသည့်အခါ ပြည်သူတို့ကြည်ရွှင်ဝမ်းမြောက် စိတ်ချမ်းသာကြလေသည်။

ဤသို့ (၃)နှစ်တစ်ကြိမ် တစ်လှည့်စီ စိုးစံကြမည့်အစား ဘုရားတစ်ဆူစီ အပြိုင်တည်ကြပြီးလျှင် အလျှင်ပြီးစီး၍ အနိုင်ရသူက အမြဲတမ်း စော်ဘွားအဖြစ် ရရှိစေရန် အများပြည်သူတို့ ဆန္ဒရှိကြသည့်အတိုင်း မောင်နှမနှစ်ဦး ဘုရားပြိုင်တည်ကြပြီး အလျင်ပြီးသူက စော်ဘွားအဖြစ် အုပ်ချုပ်စတမ်းဟူသော သဘောတူညီကတိထားကြသည်ဟု အဆိုရှိ၏။

ဤသို့ ဘုရားအပြိုင်တည်ရာ အစ်ကိုဖြစ်သူမင်းသားက ဘုရားနီကိုတည်ပြီး ညီမ မင်းသမီးက ပေါရိသတ်ဘုရား တည်သည်ဟုဆိုလေသည်။ ပြည်သူတို့က မင်းသမီးကို အနိုင်ရစေလိုသည်။ မင်းသမီးက ဘုရားစေတီပုံသဏ္ဌာန်ကို ဝါးဖြင့်ယက်ပြီး ပိတ်ဖြူလွှမ်းအုပ်ကာ ထုံးသုတ်၊ ထီးတင်မှုပြုလုပ်သဖြင့် အလျင်ပြီးစီးသွားသည့်အချိန်တွင် မင်းသား၏ အုတ်ဖြင့် တည်ဆောက်နေရသည့် ဘုရားနီမှာ လုံးဝမပြီးသေးဘဲရှိလေသည်။ အနိုင်ရသော်လည်း မင်းသမီးကို ထီးနန်းမအပ်ဘဲ မိမိကိုယ်တိုင် သိမ်းပိုက်လိုက်လေသည်။ ထိုအခါမင်းသမီးလည်း ထွက်ပြေးလွှတ်မြောက်သွားလေသည်။ သို့ရာတွင်တစ်နေ့တွင် ဖမ်းဆီးကွပ်မျက်ခံရမည်ကို စိုးရိမ်၍ ရေကန်တစ်ခုအတွင်းသို့ ခုန်ဆင်းပြီး မိမိကိုယ်မိမိ သတ်သေသွားသည်။ ဤနေရာတွင် ရေထွက်စမ်းတစ်ခုဖြစ်ပေါ်လာသည်ဟု ဒဏ္ဍာရီကဆိုလေသည်။

ဖောင်တော်ဦးသမိုင်းကမူ ကိုယ့်ကိုကိုယ်သတ်သေသည်ဟု မဆိုချေ။ ဘုရားနီကို အစ်ကို ကတည်ပြီး ညီမက ပေါရိသတ်ဘုရားကို ဝါး၊ နှီး၊ ဖျာတို့ဖြင့် ဆောက်လုပ်၍ ထုံးသုပ်၊ ထီးတင်လိုက်သဖြင့် အလျင်ပြီးစီးခဲ့သည်။ ဖျာနှင့်တည်သောကြောင့် သျှမ်းဘာသာဖြင့် ““မော်လီဆပ်””ဟု ခေါ်ကြ၏။ ကာလရွေ့လျောလာသဖြင့် ပေါရိသတ်ဘုရားဟု ခေါ်သည်ဟုဆိုကြလေသည်။ (ဖောင်တော်ဦးစေတီသမိုင်း၊ စာ-၄)

ဤဘုရားသည် ညီမတော်တည်သည့်ဘုရား၊ မော်လီဆပ် (ပေါရိသတ်)လော သို့တည်း မဟုတ်အနော်ရထာ တိုင်းခန်းလှည့်လည်လာစဉ် ညောင်ရွှေဒေသ အင်းတိမ်အရပ်၌ တည်ခဲ့သည့်ဗောဓိသတ်ဘုရားလောဟု စောကြောစရာ ဖြစ်လာပြန်သည်။ ဗောဓိသတ်ဘုရားကား ညောင်ရွှေဒေသတွင် လူတိုင်းသိသည့်စေတီကြီး တစ်ဆူဖြစ်လသည်။ အင်းတိမ်ဆိုသည်မှာ ရှေးအခါက အင်းရေရောက်သည့်နေရာ ဖြစ်ဟန်ရှိသည်။ အင်းလေးကန်၏တောင်ဘက်ဆုံး နန်းပန်ရွာနှင့် အနောက်စူးစူး ၄ မိုင်ခွဲကျော်ဝေးသည့် အင်းတိမ်ရွာမဟုတ်ချေ။

မြို့ဟောင်း၏အခြေအနေ[ပြင်ဆင်ရန်]

““ညောင်ရွှေ ပထမမြို့တော်၏အမည်မှာ ““ကောက်ဆံပြီ””ဟုခေါ်၏။ မောင်နှမနှစ်ယောက် ရှိရာ တစ်ယောက်ကို(၃)နှစ်စီ အလှည့်အလည်ဖြင့် အခွန်တော်ကောက်ခံ၍ စော်ဘွားအဖြစ် စိုးစံတော်မူသည်””ဟုသာဆိုလေသည်။ (ဖောင်တော်ဦးသမိုင်း၊ စာ၃-၄)

ဗောရိသတ်မြို့ဟောင်းသည် တခြားမြို့ဟောင်းများနှင့်မတူ မှန်ကူကွက်ပုံသဏ္ဌာန်ရှိသော မြို့ဟောင်းများထဲတွင် အကြီးဆုံးဖြစ်လေသည်။ ဧရိယာအားဖြင့် (၈၂၄ဧက)ခန့်ပင်ရှိကြောင်း ဖော်ပြခဲ့ပြီ။

နန်းမြို့ဟောင်းအတွင်းရှိ သစ်တောအုပ်စုကလေးနှင့် စည်ပင်နေသည်။ ကုန်းကလေး တစ်ခုရှိ၏။ ထိုကုန်းကလေးတွင် နတ်စင်တည်ဆောက်ထားသည်။ တချို့က နန်းတော်ကုန်းဟု လည်း ခေါ်ကြသည်။ နတ်စင်များမှတစ်ပါး အခြားအဆောက်အအုံများမရှိတော့ပြီ။ မြို့တော်၏ အနောက်တံခါး ဘုရားနီဖက်မှဝင်လျှင် မြို့ဗဟိုကိုဖြတ်သွားသည့် လမ်းတစ်လမ်းရှိသည်။ ထင်ရှား၍ ဖိုင်ဖိုင်ကျယ်သောလမ်းကားမဟုတ်။ ရွာသားတချို့က ထိုလမ်းကို မြင်းလမ်းဟုခေါ် သည်ဟု သက်ကြီးရွယ်အိုများက ပြောကြသည်။ မြင်းစစ်သည်တို့ ဝင်လမ်းထွက်လမ်းဖြစ်သည်ဟု ဆိုလေသည်။

ပေါရိသတ် ညောင်ရွှေမြို့ဟောင်း သို့မဟုတ် ကောက်ဆံပြီ၊ ကောသမ္ဘီမြို့ဟောင်း၏ သမိုင်းကြောင်းအထောက်အထားများမှာ မှေးမှိန်နေဆဲပင်ဖြစ်သည်။ သို့ရာတွင် သမိုင်းကြောင်း မှေးမှိန်သလောက် မြို့ဟောင်းရာကမူ ကောင်းကင်ဓာတ်ပုံများထဲ၌ အထင်းသား ထင်ရှားပီပြင် လှပေသည်။

မှန်ကူကွက်ပုံသဏ္ဌာန်မြို့ဟောင်း[ပြင်ဆင်ရန်]

မြို့ဟောင်းမှာတောင်ပိုင်းရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့ဟောင်းမှအပ အတော်အတန် ကြီးသည့် မြို့ကြီးတစ်မြို့လည်းဖြစ်သည်။ အရာဟောင်းမှာလည်း ထင်ရှားဆဲဖြစ်သည်။ ဆောက်လုပ်မှုပုံသဏ္ဌာန်စနစ်မှာ အလွန်ရှေးကျလှသည်ဟု မဆိုသာ။ ထောင့်များသည်လည်း ကွေးဝိုင်းသည့်ထောင့်များမပါ။ ပုံသဏ္ဌာန်မှာလည်း မှန်ကူကွက်ပုံသဏ္ဌာန်မျိုးဖြစ်သဖြင့် ဤပုံသဏ္ဌာန်မျိုးကိုရရှိစေရန် တမင်တကာရည်ရွယ်၍ တည်ဆောက်ထားလေသလော။ သို့တည်းမဟုတ် ထောင့်မှန်ဖွဲ့ရာတွင် ကျွမ်းကျင်မှုအားနည်း၍လော မပြောနိုင်ပေ။ သို့ရာတွင် မျက်နှာချင်းဆိုင် မြို့ရိုးတစ်စုံစီမှ အလျားမှာ မတိမ်းမယိမ်း တူညီနေပြီး ကျန်တစ်စုံမှာလည်း အချင်းချင်း မတိမ်းမယိမ်းရှိနေသဖြင့် တမင်တကာကြံဆောင်၍ ပုံဖော်လေသလောဟုလည်း သံသယရှိလာနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဤပေါရိသတ်မြို့ဟောင်းမှာ အလွန်ပုံပန်းကျသည့် မှန်ကူကွက်ပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းဖြစ်သည်။ ထို့ပြင်မှန်ကူကွက်ပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းများအထဲတွင် အကြီးဆုံးသောမြို့ဟောင်းကြီးဖြစ်ချေသည်။

မြို့ပြတိုးချဲ့မှု[ပြင်ဆင်ရန်]

ယခုအချိန်အထိကား မြို့ဟောင်းခွင်ထဲတွင် လူနေအိမ်ခြေနှင့် မြို့ပြတိုးချဲ့မှု မရှိသေး သည်ကိုတွေ့ရ၏။ သို့ရာတွင် မည်မျှ ဤသို့ကြံ့ကြံ့ခံနိုင်လိမ့်မည်ကို မသိနိုင်။ လူတူးယူဖျက်ဆီး မှု၊ ဖြိုဖျက်မှုအတွက်စိုးရိမ်စရာမရှိသေးဟု ဆိုရစေကာမူ အုတ်ဖိုမှ ကန်ထောင့်ရွာအထိ မြို့ရိုးပိုင်း မှာ လှည်းလမ်းကြောင်း ဖြစ်နေခဲ့ပြီ။ အရှေ့မြောက်ဘက် မြို့ရိုးထောင့်နှင့် တချို့နေရာတို့တွင် ကျောင်း၊ ဇရပ်၊ ရိပ်သာများ တည်ဆောက်မှုများကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ဤမြို့ဟောင်းရာကြီးကို ရှေးဟောင်းအမွေအနှစ်တစ်ခု အနေဖြင့်ထိန်းသိမ်းထားသင့်ပြီ။ ရှမ်းပြည် နယ်တွင် ကြီးကြီးမားမားနှင့် ပီပြင်သည့် ရှေ့မြို့ဟောင်းရာကြီးများ ရှားပါးသဖြင့်မလွှဲမသွေ ထိန်းသိမ်းထားသင့်ပေပြီ။ ရှေးဟောင်းသုတေသန တူးဖော်မှုမပြုရသေးသည့် ဒေသတစ်ခုပင် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]