ပု၊ ဆရာ(ရုပ်သေးမင်းသမီး)

From ဝီကီပီးဒီးယား
Jump to navigation Jump to search

ဆရာပု[edit]

ရုပ်သေးမင်းသမီး ဆရာပု(ခေါ်) အမေပုကို အဖဦးထိုက်၊ အမိဒေါ်အေးတင်တို့မှ သက္ကရာဇ် ၁၂၂၂ခုနှစ်တွင် တဘက်ဆွဲရွာ၌ မွေးဖွားခဲ့ပါသည်။ (တဘက်ဆွဲရွာမှာ ကျောက်ဆည် လယ်တွင်း ကိုးခရိုင်နယ်အတွင်းဖြစ်၍ ပန်းလောင်မြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိလေသည်။) မောင်ပု (၅)နှစ်သားအရွယ်တွင် မိခင်ဖြစ်သူ ဒေါ်အေးတင် အနိစ္စရောက်ပြီး (၂)နှစ်အကြာ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသဖြင့် (၇)နှစ်သားအရွယ် ကတည်းက မိထွေးနှင့်နေခဲ့ရပြီး နောက်အိမ်ထောင်မှ ပေါက်ဖွားလာသော ကလေးများကို ထိန်းရသည်။

တစ်နေ့သောအခါ မိထွေးဖြစ်သူက မန်ကျည်းရွက်ခူးခိုင်းသဖြင့် ပန်းလောင်မြစ်ကမ်းပါးရှိ မန်ကျည်းပင်ကြီးပေါ်တက်၍ မန်ကျည်းရွက်ခူးရင်း စိတ်ညစ်ညစ်နှင့် ရရာ အလွမ်းသီချင်းကို ဟစ်၍ ဟစ်၍ ငိုသံပါကလေးနှင့် ဆိုမိ၏။ သူ၏အသံကို မြစ်ကမ်းပါးရှိ ရုပ်သေးလှေကြီးမှ ဦးသာပြောနှင့် ဦသာဇံတို့က ကြားကြသောကြောင့် သဘောကျပြီး ၎င်းတို့၏ ရုပ်သေးအဖွဲ့နှင့် လိုက်ပါလိုသည်လားဟု လိုလိုလားလား မေးမြန်းကြရာ နဂိုက မိထွေးနှင့်နေရပြီး စိတ်အားငယ် စိတ်ညစ်နေသော မောင်ပုမှာ လိုက်ခဲ့မည်ဟုဆိုကာ လိုက်ပါသွားတော့၏။ ဦးသာပြော၊ ဦးသာဇံတို့ မင်္ဂလာစင်တော်ကြီးမှာ ဘုရင့်အသုံးတော်ခံ စင်တော်မဟာဖြစ်၍ ဘုရင်နှင့်မိဘုရား ရှုစားလိုသည့်အခါတွင် တောင်စမုတ် အနောက်ဘက် ပွဲကြည့်ဆောင်၏တောင်ဘက်တွင် စင်ဆောက်၍ ကပြရမြဲဖြစ်သည်။ ဆရာပုဖြစ်လာမည့် မောင်ပုမှာ ပညာဆည်းပူးရင်း နောက်ပါးမှ ပါခဲ့ရပေသည်။ အသက် (၁၄)နှစ် အရွယ်သို့ရောက်သောအခါ ဆီးသီးကောက်မင်းသမီးအဖြစ် စ၍ နေရာပေးကြ၏။ (ဆရာပု၏အသံမှာ မိန်းကလေး ၏အသံနှင့်တူလွန်းလှ၍ ယောကျာ်းစင်စစ်က ရုပ်သေးမင်းသမီးဘဝ ရောက်ရခြင်းဖြစ်ပါသည်။ ထိုခေတ်ထိုအခါက ရုပ်သေးစင်မြင့်ပေါ်သို့ မိန်းမများ တက်ရောက်အသုံးတော်ခံရခြင်းမရှိဟု မှတ်သား ရပါသည်။) ဦးသာပြောနှင့် ဦးသာဇံတို့၏ စင်ပေါ်သို့ရောက်လာချိန်တွင် မောင်ပုကို မြေတောင်မြှောက်ကာ အနုပညာရပ်များ သင်ကြားပေးကြ၏။ နဂိုက အနုပညာဗီဇပါလာသော မောင်ပုမှာ တစ်နေ့တခြား ရုပ်သေးမင်းသမီး အဆိုအငို အပြောပညာများ ပြည့်ဝလာတော့၏။ မောင်ပု၏ ဆရာ့ဆရာကြီးများမှာ မင်းသမီးဦးပါတူ၊ ကျောက်ကာမှ မင်းသားဆရာမိုး၊ အာလကပ္ပမှ မင်းသမီးဆရာမူ၊ မင်းသားဆရာရိုက်တို့ဖြစ်ကြ၏။

အရွယ်ရောက်၍ ပညာစုံလာပြီဖြစ်သော ဆရာပုသည်၎င်း၏ဆရာကြီးများ မရှိကြတော့သည့်အခါ ကိုယ်တိုင် မဟာစင်တော်ကြီး တည်ထောင်ကပြလေတော့သည်။ မင်းတုန်းမင်းလက်ထက်တော်တွင် ဆရာပုမှာ စင်တော်ကလေးအဖြစ် ကပြ၍ ၎င်းနောက် စုဘုရားလတ်၏ စင်တော်၊ ထို့နောက် သီပေါဘုရင်၏ စင်တော်ကြီးအဖြစ် ကပြလေသည်။ ဆရာပုကို “နေမျိုးသီရိ မဓုသဒ္ဒရွှေတောင်”ဟူသော ဘွဲ့နှင့် ချီးမြှောက်ကာ မြင်းခြံအနီး သမုန်းကိုင်း(၁၂)ရွာကို စားစေပါသည်။

ဆရာပုသည် ခေတ်အဆက်ဆက်ကိုမီ၍ မင်းသားအမျိုးမျိုးနှင့် တွဲခဲ့ပါသည်။ ပြည်မြို့သို့ ရုပ်သေးသွားကရင်း ဦးဘညွန့် (နောင်အခါ မြန်မာအဆွေ သူဌေးကြီး ဦးဘညွန့်)နှင့် တွေ့ဆုံ၍ ခေတ်ပေါ် အသံသွင်း ဓာတ်လုံးဖြင့် သီချင်းများ၊ ဇာတ်ထုပ်များ သွင်းခဲ့ရပါ၏။ မကြာမီပင် ဓာတ်ပြားခေတ် ပေါ်ပေါက်လာပြီး အမေပု(ခေါ်)ဆရာပု မင်းသားဦးဘကျော့နှင့် တွဲစဉ်အခါ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီက ဓာတ်ပြားသွင်းရန် ရန်ကုန်သို့ခေါ်၏။ ဆရာပုတို့အဖွဲ့က ပွဲလက်ခံများရှိနေသဖြင့် ရန်ကုန်မလာနိုင်ကြသောအခါ မန္တလေးသို့ လိုက်လာကြပြီး ဇာတ်တစ်ထုပ်ကို ငွေ၃၀၀ဝိ/ ပေး၍ ဓာတ်ပြားသွင်းယူကြ၏။ ဇာတ်ထုပ်တစ်ထုပ်လျှင် ဓာတ်ပြားချပ်ရေ (၃၅)ပြား၊ (၃၆)ပြားခန့် ရှိသည်။ သွင်းယူသည့် ဇာတ်ထုပ်များမှာ ဖိုးထောင်ဝါနုဇာတ်၊ အောင်ဖြူဇာတ်၊ မင်းထင် ရွှေမှန်ဇာတ်ထုပ်များ ဖြစ်ပါသည်။

ဆရာပုမှာ အသက်(၅၄)နှစ် သဘင်သက် (၄၀)အရ (၁၉၁၄)ခုနှစ်တွင် အနိစ္စရောက်ရှိပါသည်။ ဇနီး ဒေါ်လေးကြီးနှင့် သားသမီးများမှာ ဦးကြင်၊ ဦးတင်၊ ဦးရှင်၊ ဒေါ်အုန်းတင်၊ ဒေါ်အမ၊ ဦးသွင်၊ ဦးအောင်ဘတို့ ကျန်ရစ်ခဲ့ပါသည်။ အထူးသဖြင့် ဆရာပု(ခေါ်) အမေပုမှာ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အသံသွင်းဓာတ်လုံးကို သွင်းဖူးသည့် ရုပ်သေးပညာရှင်ကြီးဖြစ်ကြောင်း မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။ [၁]

ရည်ညွှန်းကိုးကား[edit]

  1. လူထုဒေါ်အမာရေးသားသော ပြည်သူချစ်သောအနုပညာသည်များ စာအုပ်ပါ အချက်အလက်များ ဖြစ်ပါသည်။