ပုလဲစိန်

ဝီကီပီးဒီးယား မှ

ပုလဲစိန်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အပိုင် ကျပင်းကျေးရွာအုပ်စုဝင် ကုက္ကိုတန်းကျေးရွာသည် ဆင်ဖြူကျွန်း-ချောက် သွား ကားလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်တည်ရှိသောရွာကြီးတစ်ရွာဖြစ်၏။

ကုက္ကိုတန်းကျေးရွာမှာ ရုပ်ကြီးစင်ပိုင်ဆရာညို(ကျပင်းဆရာဖီး၏ ဇာတ်ဆရာ)၊ မင်းသမီးကြီး ရွှေဘော်မြ(ခ) ဦးမြခဲ၊ ဦးသောင်း(ခေါ်) နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် တို့ကို မွေးဖွားပေးခဲ့သော ရွာကြီးပင်ဖြစ်လေသည်။

ကျွန်တော် ယခုရေးနေသော ‘ နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန်' ၏ ဘဝဇာတ်ကြောင်းသည် ပြီးပြည့်စုံသော အကြောင်းအရာ ဟု မဆိုသာပေ။ အဘယ်ကြောင့်မူ စာရေးသူသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် ကို မြင်ဖူး၊ တွေ့ဖူးခြင်းမရှိ၊ ကြားဖူးယုံသာရှိသူဖြစ်သည်။ စာရေးသူ၏ ဇာတိ နေပူကန်ရွာနှင် ကုက္ကိုတန်းရွာသည် (၂)ဖာလုံခန့်ဝေးမည်ထင်သည်။ နှစ်ရွာ့ တစ်ရွာ ဖြစ်သော် လည်း ဦးပုလဲစိန်၏ မိဘများကို စာရေးသူမိဘများမှပြော ၍ သိခွင့်ရခဲ့သည်။ ဦးပုလဲစိန် ကိုဖြင့် နှစ်နှစ်ကာကာ မသိခဲ့ပါ။ ယခုအခါတွင် စိတ်ပါလက်ပါ လေ့လာထားသောအချက်အလက်များသည်ပင် ‘နိုင်ငံကျော်ဇာတ်မင်း သားကြီး ဦးပုလဲစိန်' အကြောင်း အကျဉ်းမျှသာဖြစ်ပါလိမ့်မည်ဆိုတာကိုဦးစွာ ဝန်ခံပါသည်။

“ဇာတိချက်ကြွေ မွေရပ်မြေနှင့်ငယ်နာမည်"


ကုက္ကိုတန်းကျေးရွာတွင် ဓါးမဦးချနေထိုင်ကြပါသော တောင်သူမျိုးရိုး ဦးဉာဏ်+ ဒေါ်လှဝိုင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်၊ သောကြာ နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်မည်မှာ ‘မောင်သောင်း 'ဖြစ်သည်။

“ ဆရာထံမှာပညာရှာ"


တောင်သူမျိုးရိုးမှ ဆင်းသက်မွေးဖွားလာသော ‘ မောင်သောင်း' ကလေးသည် ငယ်စဉ်ကပင် အဆို၊ အက ဝါသနာကြီးကာ ရပ်ရွာပွဲများတွင် ပါဝင်သီဆိုခဲ၏။ ဒေသခံသဘင်သည်များထံတွင်လည်း နည်းခံလေ၏။ ‘ ပုလဲစိန်' လောင်းလျာ ‘ မောင်သောင်း' ကလေး ထိုသို့ အဆို၊အက ဝါသနာကြီးသည်မှာ ရေခံမြေခံကောင်းသော ရပ်ရွာဒေသ ကြောင့်ပင်ဖြစ်ပေလိမ့်မည်။ ၁၉၄၉ ခုနှစ်တွင် သဘင်ပညာရှင်‘ ဗလလေး'(ဦးထွန်းရင်) ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိလာ၏။ ‘ ဗလလေး'သည် ‘အောင်ဗလ' ကျော်ကြားစကပင် အနီးကပ် တပည့်ခံကာ သဘင်ပညာသင်ယူခဲ့ပြီး၊ “ အောင်ဗလ" အမည်မှ ‘ ဗလ' ကိုယူကာ ‘ဗလလေး' ဟု ကျော်ကြားလာသူဖြစ်၏။ ‘ အောင်ဗလ' ထံမှ သဘင်ပညာရော နာမည်ပါဆက်ခံ၍ မင်းသားအဖြစ်ရော ယောက်ျား မင်းသမီးအဖြစ်ပါ ကပြနိုင်သော ထင်ရှားသည့် သဘင်ပညာရှင် တစ်ဦးဖြစ်လေသည်။ သဘင်ရည်ပြည့်ဝသော ‘ ဗလလေး'(ဦးထွန်ရင်)သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ့ဆရာရင်း၏မြို့လည်းဖြစ်၊ သူ့အပေါင်းအသင်များရှိရာ မြို့ဖြစ်သည့် “ ဆင်ဖြူကျွန်း" သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ‘ ဗလလေး' သည် ညဦးပိုင်းများ၌ ဆင်ဖြူကျွန်းမြို့၏ မြို့လယ်ခေါင်လမ်းမတော်အရှေ့ဖျားမှ အနောက်ဖျားထိအောင် လမ်းလျှောက်ရင်း ကြေးစည်တီးကာ အန္တရာယ် ကင်းဂါထာများကိုရွတ်လေ့ရှိသည်။ သူ့အား “မင်းသားဘဘကြီး" ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလေသည်။ “ မင်းသားဘဘကြီး" (ခေါ်) “ ဗလလေး" (ဦးထွန်းရင်) ကို သိရှိသူများက မေတ္တရပ်ခံကြရာ ‘ ဗလလေး'သည် ‘ ဦးကြာခ'၊ ‘ဦးချစ်စိန်' စသောသူများနှင့် ဇာတ်ဖွဲ့စည်းကာ ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် ကပြလေသည်။ ‘ ဗလလေး' သဘင်အနုပညာကို သိကျွမ်းထားသူများက မင်းသမီး အဖြစ်လည်း ကပေးရန် တောင်းဆို ကြ၏။ ‘ ဗလလေး' သည် ‘ ဆရာအောင်ဗလ' ၏ တပည့်ရင်းအနေးဖြင့် ကပြပေးလိုသော်လည်း အဝတ်အစား အခက်အခဲရှိနေပါကြောင်း၊ မိန်းမမင်းသမီးတို့၏ ထဘီအင်္ကျီတို့ကို ယောက်ျားမင်းသမီးက ဝတ်ဆင်လေ့မရှိသည့် အတွက်ကြောင့် မင်းသမီးလိုကပြရန် အဆင်မပြေသေးကြောင်းကို နှစ်ပါးခွင် ပရိကံစကားအဖြစ်ဖြင့် တောင်းပန်လေသည်။ ထိုလောက် သဘင်ပညာတတ်ကျွမ်းသော ဆရာ‘ဗလလေး'ထံတွင် ‘ ပုလဲစိန်' လောင်းလျာ လူငယ် ‘ မောင်သောင်း' သည် လက်ထပ်သင် တပည့်အဖြစ်ဖြင့်ခံယူကာ ‘ ဗလလေး' ၏ ဇာတ်အဖွဲ့တွင် ပါဝင်လေတော့၏။ ဆရာ ‘ဗလလေး'၏ သင်ပြမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်းသော ‘ မောင်သောင်း' သည် ‘၁၃၁၂ ခုတပေါင်းလဆန်း(၁၄/၁၅)ရက်များ၌ ပြတောက်ရွာ ဦးထီးရှိန် ဆိုင်းအဖွဲ့နှင့်(သူ၏ဆရာ ဗလလေး (ဦးထွန်ရင်)ခေါ် ဘဘကြီးအပါအဝင်) ကူရင်းချောက်ဘုရားပွဲမှ စတင်ကပြခဲ့ရာ ရွာကျောင်းဆရာတော်က ‘ မောင်ပုလဲ' ဟု ခေါ်တွင်ရာက‘ မင်းသားပုလဲ'၊ ‘ဗလလေး'၏ သင်ပြပေးမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်း‘မောင်သောင်း' သည် ရှေ့ထွက်မင်းသားလေး ‘ ပုလဲစိန်'၊ ထို့နောက် ခေါင်းဆောင်မင်းသား‘ပုလဲစိန်' ဟု နာမည်ကောင်းနှင့် ကျော်ကြားလာလေ၏။

“စတင်ကျော်ကြား သဘင်သမား"


နောက်ပိုင်း တောင်ငူ မှ ‘ဦးထွန်းကြည်' နှင့် ပေါင်းစပ်ကာ‘ကေတုသီရိ ပုလဲစိန်' ဇာတ်အဖွဲ့ကြီးကို ဖွဲ့စည်းတည် ထောင်ကြလေသည်။ ၁၉၆၉ ခုနှစ် လောက်တွင် ရန်ကုန်ပွဲဦးထွက်အဖြစ် ‘ မိုးကောင်းဘုရား' ပွဲတော်၌ ကပြရာ မင်းသား‘ပုလဲစိန်' စတင်ကျော်ကြားလာလေ၏။ မြန်မာ့အသံ ဇာတ်သဘင်အခန်း၌လည်း နှစ်ပါးသွားခွင်ကို အသံလွှင့်လေရာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့လေသည်။ ထို ရန်ကုန်ခွင် ပွဲဦးထွက်၌ပင် မင်းသား‘ ပုလဲစိန်' သည် ဆင်ဖြူကျွန်းမြို့သား ကျပင်းဒေသသား၊ ဂန္ထဝင်သဘင် ပညာ အကျော်အမော် ‘အောင်ဗလ' ၏ မျိုးနွယ်ဆက်မင်းသား ‘ ကေတုသီရိပုလဲစိန်' ဟု နှစ်ပါးခွင် ပရိကံပြောကြားရာ၌လည်း ထိုသို့ပင် ထုတ်ဖော်ပြောကြားခဲ့၏။ ‘ ကေတုသီရိပုလဲစိန်'ဟု နာမည်ယူရသည်မှာ တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် ပဋိညာဉ်ပြုချက် အရသာဖြစ်သည်။ ‘ကေတု'သည် ရှေးခေတ် တောင်ငူ ၏ အမည်သင်္ကေတ၊ ‘သီရိ' သည် ကျက်သရေဆောင်၊ တောင်ငူမြို့ကျက်သ ရေဆောင်မင်းသား‘ပုလဲစိန်' ဟု ဆိုလိုခြင်းပင်တည်း--- ။ ဆင်ဖြူကျွန်း ကျပင်းဒေသကမူ မင်းသား‘ပုလဲစိန်' သည် ဆင်ဖြူကျွန်း ကျပင်းဒေသသား ဖြစ်သည့်အပြင် ကိုယ့်ဒေသ၌ပင် သဘင်ပညာသင်ယူကာ သဘင်လောထဲသို့ ဝင်ရောက်တာဖြစ်ပါလျက် တောင်ငူမြို့ကို အမွှမ်းတင်သည့် အမည်ယူသည်ကို မကျေနပ်ကြချေ။

‘အတည်' မဟုတ် ‘ယာယီ'အမည် သာဖြစ်


မင်းသား ‘ပုလဲစိန်'သည် တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် တွဲဖက်စဉ်က ခေတ္တမျှသာ ထိုအမည်ကိုယူခဲ့ပြီး ကိုယ်ပိုင် သီးခြားဇာတ်အဖွဲ့ဖြင့် လှုပ်ရှားသော ဘဝတစ်လျှောက် လုံး ၌ပင် ‘ ပုလဲစိန်' အမည်ဖြင့်သာ ကပြခဲ့လေသည်။ ဆင်ဖြူကျွန်းမြို့သား သဘင်ပညာအကျော် ‘အောင်ဗလ' ၏ သဘင်ပညာနှင့်ဂုဏ်ကို စောင့်ထိမ်းဆက်ခံသူ ဖြစ် သည်။ဆင်ဖြူကျွန်းမြို့နှင့်ဒေသကို ဖော်ထုတ်ဂုဏ်တင်သူလည်းဖြသ်သည်။ ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်တွင် ဆင်ဖြူကျွန်းဒေသမှ ဂန္ထဝင်စာပေရှင်နှင့်သဘင်ပညာရှင်ကြီးများ ထွက်ပေါ်လာခဲ့ပြီးသည်၏နောက်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ်၌လည်း ဆင်ဖြူကျွန်း- ကျပင်ဒေသ သား နိုင်ငံကျော်ဇာတ်မင်းသားအဖြစ် ထွက်ပေါ်လာသူမှာ ကုက္ကိုတန်းရွာသား ‘ပုလဲစိန်'ပင်ဖြစ်လေသည်။

“ဆရားကောင်းများထံ နည်းလမ်းခံ"


‘ပုလဲစိန်' ဇနီး မင်းသမီး‘ခင်ဝင်းကြည်' သည် အက၊ အဆို ပိုင်နိုင်သည့် မင်းသမီး‘လှလေးစိန်' ခေါ် ‘ လင်ပန်းခွေ လှစိန်' ၏တူမဖြစ်၏။ ‘ လှလေးစိန်'၏ ခင်ပွန်းမှာ မင်းသား အကတွင် ‘ ကြောင်လိမ်အကကို' တီထွင်ကပြခဲ့သူ၊ ဇာတ်သီချင်းများကိုလည်း ရေးစီနိုင်သူ နာမည်ကျော်မင်းသား ‘ခေတ်ပါတီ'ပင်ဖြစ်၏။ ‘ပုလဲစိန် 'တို့ ဇနီးမောင်နှံသည် မင်းသား‘ခေတ်ပါတီ'နှင် ဒုတိယဇနီး ‘ မင်းသမီး ‘ ပဂိုးကြည်'တို့ထံ သဘင်ပညာဆည်းပူးရင်း တွဲဖက်ပါဝင် ကပြ ခွင့်ရခဲ့၏။ ထို့ပြင် ‘ ပုလဲစိန်' ပြည်မြို့၌ ကပြစဉ်က သဘင် ပညာပြည့်ဝသည့် ဇာတ်စာရေးဆရာ မင်းသား‘ အမယ်ကြီးအို ဦးအောင်စိန်'နှင့် ဆုံဆည်းကာ ထပ်မံဆည်းပူခွင့် ရခဲ့ပြန်သည်။ ထိုသို့ဖြင့် ‘ ပုလဲစိန်' သည် လက်ထပ်သင်ဆရာ၊ နည်းခံဆရာ၊ ပညာရှင်များထံမှ အက၊ အဆို၊ အငို၊ အပြော၊ ဇာတ်စီး၊ သဘော စသည့် သဘင်ပညာရပ်ဆိုင်ရာ တို့ကို ဆည်းပူးခဲ့ကာ သမားစဉ်ကြေသည့်ပြင်‘ အမြင်သစ်' နှင့် ‘ထွင်ဉာဏ်စစ်' ပါရှိသည့် ဇာတ်ဆရာမင်းသား ဖြစ်လာခဲ့ လေသည်။

ပညာဖြင့်နွဲ ‘ပုလဲစိန်' ပွဲ


‘ပုလဲစိန်' သည် နောက်ပိုင်း ဇာတ်တော်ကြီးကို စနစ်တကျ ကပြ၏။ ‘ဂန္ဓာရုံ'၊ ‘ရေဝတီ' စသည့် ရိုးရာယဉ်ကျေးမှုတို့ကို အသံကောင်း၊ အဆို၊ အငို၊ အပြောတို့ဖြင့် ကပြသည်။ နောက်ပိုင်း ဇာတ်ကြီးကဏ္ဍကို သဘင်ပညာပြည့်ဝမှသာ ကောင်းစွာတင်ဆက်နိုင်၏။ ခေတ်ပြိုင် ဇာတ်အဖွဲ့အချို့သည် နောက်ပိုင်း‌ဇာတ်တော်ကြီး တင်ဆက်မှုတွင် လျော့ရဲရဲ ဖြသ်လာကြသည်။ အချို့မှာ ဖြစ်ကတတ်ဆန်းပင် လုပ်လာကြ၏။ ‘ ဦးပုလဲစိန်' က မြန်မာ့ယဉ်ကျေးမှု ဇာတ်ကြီးပိုင်းကို ထိန်းသိမ်းကာ ‘ ဟာကွက်' မရှိ ‘ လုံ'အောင် တင်ဆက်လေ့ရှိ၏။ ‘ နှစ်ပါးသွားခွင်' ကို ပရိသတ် အာရုံအထားဆုံးဖြစ်၏။ ‘ နှစ်ပါးသွားခွင်' သည် မင်းသားမင်းသမီးတို့၏ အက၊ အဆို၊ အပြော၊ လူရွှင်တော်တို့၏ ဟာသရသ ပြက်လုံးဖြင့် ရွှင်မြူးစရာ မြိုင်ဆိုင်ကာ သဘင်ပညာ အစုံပါသည့်ကဏ္ဍ ဖြစ်၏။ ‘ ပုလဲစိန်' ၏ ဇာတ်တွင် မင်းသား မင်းသမီးများ အကကောင်း၊ အသံကောင်း၊ အဆိုပိုင်သူတို့နှင့်ပြည့်စုံ၏။ မင်းသားတစ်လှည့် မင်းသမီးတစ်လှည့် ကကြ၏။ မင်းသားနှင့် မင်းသမီး ‘ တွဲက' တို့လည်းပါ၏။ မင်းသား ‘ပရိကံ' ပြောပုံလည်း စနစ်ကျ၏။ ထိုသည်မှာ နှစ်ပါးသွားခွင်၏ ကောင်ခြင်းပင်ဖြစ်၏။ ‘ပုလဲစိန်နှစ်ပါးသွား' သည် မူမှန်သောမြန်မာ့သဘင် နှစ်ပါးသွားခွင်သာဖြစ်သည်။ ‘အော်ပရာ' သည် ပြဇာတ်မထွက်ခင်၊ ‘ဇာတ်လမ်းတို' တင်ဆက်မှုဖြစ်၏။ အချိန်တိုအတွင်း ဦးတည်ချက်ထိမိအောင် တင်ဆက်သည့်ခွင်ဖြစ်သည်။ ‘ အော်ပရာ' ကိုလည်း ပရိသတ်များက နှစ်သက်ကြသည်။ ဦးပုလဲစိန်သည် အတွေးအမြင်မှန်ကန်ရေး၊ ဝိသမလောဘကင်းစင်ရေး၊ လူမှုစီးပွားမျှတရေးတို့ကို ဦးတည်ချက်ထားသည့် အော်ပရာများကို တင်ဆက်ခဲ့လေသည်။ ဇာတ်စာရေးဆရာ‘ မြင်ခြံ အောင်နိုင်' ၏‘ ဒို့ခေတ်ရောက်ပြီ'၊ ‘ ငွေတစ်ကျပ်နှင့် ငမိုး'၊ ဆိုင်းဆရာစိန်ဗိုလ်တင့် ၏‘ ဖက်ခွက်စား' တို့မှာ ဦးပုလဲစိန် အထူးနာမည်ကြီးသော အော်ပရာများဖြစ်လေသည်။ ‘ဒို့ခေတ်ရောက်ပြီ' အော်ပရာသည် စိတ်ကူးယဉ်မှုလွန်ကဲနေသည့် အဂ္ဂိယတ်သမား၏ လွဲမားသောရပ်တည်မှုဇာတ်လမ်းဖြစ်၏။ အသံကောင်း အဆိုပိုင်သော မင်းသား ‘ပုလဲစိန်' အဂ္ဂိရတ်ရူးဇာတ်ရုပ်၌ ကပြရာ ထိုအဂ္ဂိရတ်ရူး‘ရွှေ' ကိုတပ်မက်လွန်ပြီး အရူးဖြစ်သွားပုံ၊သူ့ကိုအများက ပစ်ပယ် ကြပုံတို့ဖြင့်တင်ဆက်ရာ‘မင်းသားပုလဲစိန်' ငိုချင်းဆိုပုံ၌-- ‘ရွှေ --- ရွှေ --- ရွှေ ---' ဟု အဆွဲ အရှည်ဆွဲ၍ ပြောင်မြောက်စွာဆိုငိုသည်မှာ ‘ ရွဲကုန်သည် အော်ပရာ'တွင် ‘ ရွှေမန်းတင်မောင်'၏ ‘ရွှေ---'အဆွဲထက် မသာသည်သာရှိမည်၊ အောက်မနိမ့်ဟု ချီးကြူကြလေသည်။ ထိုသို့ တိုးတက်သောအသိ၁အမြင်ဖြစ်စေသည့်‘အော်ပရာ' ဇာတ်လမ်းတို့ကို ‘ ဦးပုလဲစိန်' ဆင်နွှဲ ကပြခဲ့လေသည်။

“ဟောပြောပုံခွင်" ပြန်လည်တင်


ဦးပုလဲစိန်ဇာတ်သည် နှစ်များစွာတိမ်မြုပ်နေသော “ အဟောအပြော" ကဏ္ဍကို ပြန်လည်ဖော်ထုတ် တင်ဆက်ခဲ့သေး၏။ ‘ အပြောအဟော' (ဝါ) ‘ ဟောပြောပွဲ' ဟူသည်မှာ နှစ်ပါသွားမထွက်ခင် ‘ဇာတ်စာရေးဆရာ' ကဖြစ်စေ၊ ‘မင်းသားကြီး'ကဖြစ်စေ၊ ဗဟုသုတဖြစ်ဖွယ်တို့ကိုဆိုင်းချက် နှင့်အညီ အပြောကောင်းကောင်းဖြင့် မိနစ်နှစ်ဆယ်ခန့် ဟောပြောသည့်ကဏ္ဍဖြစ်၏။ ထိုသို့ ဟောပြောပွဲကဏ္ဍကို ဒုတိယကမ္ဘာစစ် မတိုင်ခင် ၁၉၃၈/၁၉၃၉ ခုနှသ်လောက်တွင် ဇာတ်အဖွဲ့ကြီးအချို့က ထည့်သွင်းခဲ့ကြလေသည်။ ‘ မင်္ဂလာဦးအောင်မောင်း' ၏ဇာတ်၊ ‘အောင်လံတော်ခင်စိန်'၏ ဇာတ်တို့တွင် ဇာတ်စာ ရေးဆရာ ‘ ဦးစံခို'(လွတ်လပ်ရေးခေတ်၌ အလင်္ကာကျော်စွာဘွဲ့ရသူ)က မျိုးချစ်စိတ် ပွားများရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက် ရေး တို့ကို ဟောပြောလေ့ရှိ၏။ အခြားဇာတ်အချို့၌ မင်းသားကြီး‘ဒုတိယဖိုးစိန်'၊ ဇာတ်စာရေးဆရာ‘အဘိဓမ္မာ သောင်း' တို့ ဟောပြောကြလေသည်။ ဦးပုလဲစိန် ၏ ဇာတ်တွင်မူ၊ ဆင်ဖြူကျွန်းမြို့‘နွယ်တမယ်ရွာ' သား ဘက်စုံရ‘ဦးဇီးကွက်'(ဦးစံခင်)က ဟောပြောလေ့ရှိ၏။ ‘ဦးဇီးကွက်' က ဇာတ်ကသည်မှာ ဖျော်ဖြေမှု သက် သက်သာမဟုတ်၊ ပွဲကြည့်သူများ အသိအမြင်တိုးပွားစေသည့် အနုပညာအလုပ်လည်းဖြစ်ကြောင်း၊ မြန်မာရာဇဝင်၌ မြင်စိုင်းခေတ်က‘ငါးစီးရှင်ကျော်စွာ' ဘုရင်ကိုယ်တိုင်‘ဒိုင်းနှင့်ကာ' ကို ကိုင်ကာ‘ကာချင်း' ဆို၍ ကာ,ကကာ အမျိုး သားဇာတ်မာန် တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြောင်းတို့ကို ဟောပြောလေ့ရှိခဲ့သည်။ “ဇာတ်ဆရာ ဦးပုလဲစိန်' က ပွဲကြည့်ပရိသတ်အကျိုး ရှိစေသည့် ‘ အဟောအပြောကဏ္ဍ'ကို ပြန်လည်ဖော်ထုတ်ပေးခြင်းပင်---။"

“မြိုင်ထ"


‘မြိုင်ထ' ဟူသည်မှာ မင်းသားနှင့် မင်းသမီးတို့ တောမြိုင်လမ်းခရီးတွင် တောတောင်သဘာဝကို ‘မြိုင်ထ' သီချင်းဖြင့် သီဆိုကြကာ သီချင်းနှင့်လိုက်ဖက်သည့် အကအမူတို့ဖြင့် တင်ဆက်သော နှစ်ပါးသွားခွင်ဖြစ်သည်။ အသံကောင်း၍ အဆိုပိုင်မှသာ ပီပြင်သောမြိုင်ထ ခွင်ဖြစ်နိုင်သည်။ ဦးပုလဲစိန်၏ ဇာတ်ကြီးဆယ်ဘွဲ့မြိုင်ထ(ဝေဿန္တရာမြိုင်ထ---)တို့သည် တစ်မူဆန်းသစ်၏။ ဆယ်ဘွဲ့ဇာတ်တော်လာ ဖြစ်စဉ်တို့ကို နောက်ခံရုပ်သေပြကွက်ဖြင့် စီစဉ်ထားရှိပြီး၊ အသံကောင်း၊ အဆိုပိုင်သော ဦးပုလဲစိန်က ဇာတ်ခုံရှေ့ပိုင်း လက်ျာဒေါင့်မှ ဇာတ်တော်ဖြစ်စဉ်ကို ‘ မြိုင်ထအကဟန်'ဖြင့် ကပြခဲ့သည်။ ‘ဝေဿန္တရာမြိုင်ထ၊ မြိုင်ဟေဝန်မြိုင်ထ' တို့သည် ‘ ဦးပုလဲစိန်' ၏ လူကြိုက်များသော မြိုင်ထများပင်ဖြစ်လေသည်။

“ထင်ပေါ်၍ စင်တော်ကောက် ဇာတ်တော်ပြိုင်ပွဲ ဆုဆင်နွဲ"


‘ဦးပုလဲစိန်'သည် ၁၉၉၀ ခုနှစ်မှစ၍ မကွေးမြို့တွင် အခြေစိုက်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသော ‘ဆို က ရေး တီး နှင့် ဇာတ်သဘင်ပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဇာတ်တော်ကြီးပြိုင်ပွဲဖြစ်သော‘ ဝေဿန္တရာ ဇာတ်တော်ကြီး' ဖြင့် နိုင်ငံတော်အဆင့်‘တတိယဆု' ကိုရရှိခဲ့သည်။ နောင်နှစ်များတွင်ကား သဘင်ပညာရှင် ဦးပုလဲစိန်သည် အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရလေသည်။

“ဝမ်းတစ်ထွာနှင့် သဘင်ပညာရပ်အဖြာဖြာ"


ဇနီးသည် မင်းသမီးကြီး ဒေါ်ခင်ဝင်းကြည် ကွယ်လွန်ပြီးသည်၏ နောက်တွင် ဦးပုလဲစိန်သည် မကွေး၊ ချောက်၊ လယ်ကိုင်း မြို့များတွင် ဝမ်းတစ်ထွာအတွက် ဘက်ပေါင်းစုံ သဘင်ပညာရပ်အဖြာဖြာကို အသုံးချကာ ရုံပွဲ၊ ဗလာပွဲ မရွေး ကပြ၍ ဘက်စုံသဘင်ပညာရှင်တို့သာ စွမ်းဆောင်နိုင်သည့်‘ ဘုန်ကြီးပျံဧးယာဉ်ကျူးပွဲ၊ ဘုရားထီးတင်ရတုဆိုပွဲ များကို ဝမ်းရေးအတွက် လှုပ်ရှားသီးဆိုရလေသည်။ ‘ဦးပုလဲစိန်' သီဆိုအသံသွင်းခဲ့သော မြိုင်ထ၊ ဇာတ်တော်ကြီးနှင့် အခြားသောအသံသွင်းဇာတ်များကို ရန်ကုန်မြို့ ‘အောင်လံတော်' တေးသံးသွင်းမှ တစ်ပြည်လုံးဖြန့်ချီပေးခဲသည်။

‘ဇရာ,ဆည်းဆာနဲ့ ဂန္ထဝင်၏ ဂန္ထဝင်မတွင်သည့်အချိန်ခါ'


အသက်အရွယ် အိုမင်းကြီးရင့်လာသောအခါ ဦးပုလဲစိန်သည် မွေးဖွားရာဇာတိ ကုက္ကိုတန်းရွာသို့ နေထိုင်ရန်ပြန်လာခဲ့လေ၏။ ‘တောင်ဝှေးလဲတုန်းက ဖိုးသူတော်ကယ်နိုင်ခဲ့ပေမယ့် ဖိုးသူတော်လဲသောအခါတွင် တောင်ဝှေးကတစ်ဖန် ပြန်လို့မကယ်' နိုင်သောဘဝကို ရောက်ရှိလာလေသည်။ သို့သော် ‘စလင်း၊ ဆင်ဖြူကျွန်း၊ တညောင် တို့၌ လာရောက်ကပြကြသော သဘင်သည်အချို့က လာရောက်ကန်တော့ကြ၏။ “သဘင်ပညာရှင်ကြီး ဦးပုလဲစိန်သည် ၂၀၀၉ ခုနှစ်၊ အသက်(၇၇)နှစ် အရွယ်တွင် သူချစ်သောရွာ၊ သူချစ်သောအနုပညာကို စွန့်လွှတ်သွားခဲ့ပြီ၊ ကုက္ကိုတန်းရွာသုဿန်၌ပင် ဂန္ထဝင် ဇာတ်မင်းသားကြီးကို မထင်မရှား မြုပ်နှံသင်္ဂြိုလ်လိုက်ရပေတော့သည်။


စာညွှန်းကိုးကား--

(၁) ‘ ဆင်ဖြူကျွန်းမိတ်ဆက်' (၂) ‘ ပြည်သူချစ်သောအနုပညာရှင်များ' ဆင်ဖြူကျွန်းအောင်သိန်း (၃)‘အောင်ဗလ သဘင်ရောင်ရှိန် ဆက်ခံနွှဲသည့် ဦးပုလဲစိန်' စကျွာကိုကို။ (ဆင်ဖြူကျွန်းမဂ္ဂဇင်း အမှတ်(၆)၊ဒီဇင်္ဘာ၊ ၂၀၁၆၊ စာ မျက်နှာ(၂၁၆)

အောင်လွင်ဦး ဆင်ဖြူကျွန်း