ပုတ္တောဝါဒ ဆုံးမစာ

ဝီကီပီးဒီးယား မှ

ပုတ္တောဝါဒ ဆုံးမစာကို ဆားထုံဆရာတော် ( ၉၁၈-၉၇ဝ) ခန့် က ရေးသားပြုစုခဲ့သည်။

အဘကသားကို ဆုံးမခန်း[ပြင်ဆင်ရန်]

၁။ "ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှစ်လုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ လျှော့ကျရေတူ၊ လူမဟူရ၊ ရှက်ကြီးရလိမ့်၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိတုံပါလျက်၊ လူပျက်လူနှမ်း၊ လူ့ပေါက်ပန်းနှင့်၊ ဆိုးသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ။ "ညီပုရှက်မည် ထင်၏တည်း"။

၂။ "ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊ စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ ။ "သည်းဖျာ့းမှတ်စေ ချင်၏တည်း"။

၃။ "သည်းဖျားမှတ်စိမ့်"၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော်မဟုတ်၊ လူယုတ်လူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာတည်း၊ ဝေးစွာသားလှ၊ ခွာနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေဝယ်၊ မပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ ။ "သားလှမှတ်စေ ချင်၏တည်း"။

နှမကမောင်ကို ဆုံးမခန်း[ပြင်ဆင်ရန်]

၁။ "ဤသို့သာယာ"၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တစ်ဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ။ "ကောင်သေလင်းတ ကျ၏တည်း"။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၂၆။