ပုဏ္ဏဖုသျှုနက္ခတ်
ပုနဗ္ဗသုပုဒ်မှ သုကို သက္ကဋအလို သျှုပြုထားသည့် ပုန္နဖုသျှု နက္ခတ်ကို ရာဇမတ္တဏ်ကျမ်းတွင် “အဒိတိ၊ ပုနဗ္ဗသုနက္ခတ်” ဒေဝမာတာ၊ ပုနဗ္ဗသု နက္ခတ်။ ပုနဗ္ဗသု၊ ပုနဗ္ဗသု နက္ခတ်။ ဟူ၍ ပရိယာယ်သုံး ပုဒ် ပြပါသည်။ တနင်္ဂနွေဂြိုဟ်၏ အမိ ဟူ၍ အဓိပ္ပာယ်ရပေသည်။
အဘိဓာန်ဋီကာ ကမူ “ပုနပ္ပုနံ၊ အဖန်တလဲလဲ။ သတ္တေသု၊ သတ္တာဝါတို့၌။ ဟိတံ၊ အစီးအပွားတည်းဟူသော မိုးကို။ ဝဿတိ၊ ရွာသွန်းတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ပုနဗ္ဗသု၊ ပုန္နဖုသျှု မည်၏။ ဝဿ၊ ဝဿ သဒ္ဒါသည်။ သေစနေ၊ သွန်းလောင်းခြင်း အနက်၌။ ဝတ္တတိ၊ ဖြစ်၏” ဟူ၍ ဝိဂြိုဟ်ပြု အနက်ဖွင့်ဆိုပါသည်။ သတ္တဝါတို့အား စီးပွားဟူသော မိုးကို ရွာစေတတ်သော နက္ခတ်ဟူ၍ အဓိပ္ပာယ်ရပေသည်။
ထိုနက္ခတ်၏ လုံးရေနှင့် အဆင်းသဏ္ဌာန်ကို (၆) လုံး၊ သင်္ဘော လှေသဏ္ဌာန်ဟု ပေါတ္တရသာဒိ၊ ဂြဟသျှန္တိနှင့် ရွှေမင်ရေးပုရပိုက်ဖြူကဲ့သို့သောကျမ်းသုံးစောင်ကဆိုပြီး လဃုသင်္ဂြဟကျမ်းကမူ (၄) လုံး၊ အိမ်၏ သဏ္ဌာန်ဟု ဆိုကာ အာကာသသျှတ္တကျမ်း၌ကား (၅) လုံး၊ သင်္ဘောသဏ္ဌာန်ဟု ဆိုပါသည်။ သိင်္ဃဗောဓကျမ်းတွင် (၄) လုံး၊ အသွင်သဏ္ဌာန်မပါ။ ကပ္ပဝဏ္ဏနာကျမ်း၌သော် (၃) လုံး၊ ဥဗျိုင်းသဏ္ဌာန်ဟု တွေ့ရပေသည်။ သေနင်္ဂဗျူဟာကျမ်းတွင် ၆ လုံး သင်္ဘောသဏ္ဌာန် ဟု ဖော်ပြထားသည်။
ထိုနက္ခတ်ကို နေမင်း (တနင်္ဂနွေဂြိုဟ်မင်း)၏ အမိ၊ အဒိတိ နတ်သမီး အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါ၏။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)