ပုညခင်

ဝီကီပီးဒီးယား မှ

ပုညခင် (၁၉၇၂ စက်တင်ဘာ ၂၂ ဖွား) သည် မြန်မာ အမျိုးသမီးစာရေးဆရာမ တစ်ဦးဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၇၂ ခု၊ စက်တင်ဘာလ ၂၂ ရက်တွင် အဖ ဦးညွန့်ရှိန်၊ အမိ ဒေါ်ဌေးဌေးတို့မှ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့တွင်မွေးသည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ သင်းသင်းမာဖြစ်သည်။

၁၉၉၁ ခုတွင် ကျောင်းကုန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအောင်သည်။

၁၉၉၅ ခုတွင် ပုသိမ်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် အဝေးသင်ဘွဲ့ရသည် ​

အလုပ်အကိုင်နှင့်စာပေခရီး[ပြင်ဆင်ရန်]

ကျောင်းကုန်းမြို့နယ် တာကုန်းကျေးရွာ မူလတန်းကျောင်းတွင် မူလတန်းပြဆရာမလုပ်ရင်း ဝတ္ထုတိုနှင့် လုံးချင်းဝတ္ထုများ စရေးသည်။

၁၉၉၃ ခုတွင် ဆုနွေးဦး ကလောင်အမည်ဖြင့် လုံးချင်းဝတ္ထုများ စရေးသော်လည်း (၁၁) အုပ်သာ ထွက်ရှိနိုင်ပြီး ၁၉၉၅ ခုတွင် ရပ်သွားသည်။

၁၉၉၇ ခုတွင် ရန်ကုန်ရောက်လာကာ ကုမ္ပဏီဝန်ထမ်း၊ သတင်းထောက်၊ ဇာတ်ညွှန်းရေး၊ အယ်ဒီတာ စသဖြင့် အလုပ်စုံလုပ်ရင်း ၂၀၀၀ ပြည့်တွင် ပုညခင် ကလောင်အမည်ဖြင့် ပထမဦးဆုံးလုံးချင်းဝတ္ထု ရင်ခုန်ရဲတိုက်ကို ထုတ်နိုင်ခဲ့သည်။

၂၀၀၃ ခု၊ ဩဂုတ်လတွင် "ပုညခင်စာအုပ်တိုက်" ကို ထူထောင်ကာ ထုတ်ဝေရေးလုပ်ငန်းကိုပါ တွဲလုပ်သည်။

၂၀၀၅ မှ၂၀၀၇ အထိ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင် ဘွဲ့လွန်အသုံးချစိတ်ပညာဒီပလိုမာတန်းတွင် သင်ယူပြီးနောက် စိတ်ပညာဆိုင်ရာဝတ္ထုများကို ရေးသည်။ ယခုအချိန်အထိ လုံချင်းဝတ္ထု (၁၂၂)၊ ဝတ္ထုတို (၇၀)ကျော်၊ ခရီးသွားဆောင်းပါးနှင့် အတွေးအမြင်ဆောင်းပါးများကို ရေးသားခဲ့ပြီးဖြစ်သည်။ လုံးချင်းဝတ္ထု (၁၀၀) ကျော်ကို ရုပ်ရှင် ဗီဒီယိုအဖြစ် ရိုက်ကူးခြင်းခံရသည်။

"အချစ် (သို့မဟုတ်) ဝင်္ကပါ" ဝတ္ထုကို ပြန်လည်ရိုက်ကူးသည့် "အာဒမ်ရယ် ဧဝရယ် ဒဿရယ်" ရုပ်ရှင်၊ "အမုန်း၏ ဆွဲငင်အား" ဝတ္ထုကိုပြန်လည်ရိုက်ကူးသည့် "စေတန်၏ကချေသည်" ရုပ်ရှင်၊ "ကျွန်မကနှင်းဆီပါမောင်"၊ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်များမှာ အကယ်ဒမီဆုများဆွတ်ခူးနိုင်ခဲ့သည်။ "အနမ်းဝိုင်" နှင့် "ရက်ရက်စက်စက်မိုး" ဝတ္ထုများအတွက် ရုပ်ရှင်ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသည်။

ကိုးကား[ပြင်ဆင်ရန်]