ပုဂ္ဂလိကပညာရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

"ကျောင်း" ဆိုသည်မှာ "အတတ်ပညာ သင်ယူရာဌာန" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ မြန်မာမင်းများလက်ထက်တွင် လောကုတ္တရာဆိုင်ရာပညာရပ်များ၊ စာပေကျမ်းဂန်များကိုသာ သင်ကြားပေးသည့် ဘုန်းတော်ကြီးကျောင်းများကို "အရညဝါသီ" ကျောင်းများဟုခေါ်ဆိုပြီး၊ လောကီအတတ်ပညာများကိုပါ သင်ကြားပေးသည့်ကျောင်းများကို "ဂါမဝါသီ" ကျောင်းများဟု ခေါ်ဆိုကြသည်။

ဗြိတိသျှကိုလိုနီခေတ်တွင် ကျောင်းအမျိုးအစား လေးမျိုး ကွဲသွားသည်။

၁။ အစိုးရက လုံးဝတာဝန်ယူသည့် အစိုးရကျောင်းများ

(က) အင်္ဂလိပ်ကျောင်းများ (English School)

(ခ) အင်္ဂလိပ်-မြန်မာကျောင်း (Anglo-Vernacular School)

(ဂ) တိုင်းရင်းမြန်မာကျောင်းများ (Vernacular School)

၂။ ပုဂ္ဂလိကအစီအစဉ်ဖြင့်ဖြစ်စေ၊ သာသနာရေးအဖွဲ့အစည်းက တာဝန်ယူ၍ဖြစ်စေ ဖွင့်လှစ်သော အစိုးရအထောက်အပံ့ခံကျောင်းများ

၃။ မြူနီစီပယ် သို့မဟုတ် ဒီစတိတ်ကောင်စီအစရှိသည့် ဒေသန္တရအဖွဲ့အစည်းတစ်ခုခုက တိုက်ရိုက်တာဝန်ယူ၍ အစိုးရ၏ အထောက်အပံ့ခံယူပြီး ဖွင့်လှစ်သောကျောင်းများ

၄။ နိုင်ငံတော် အစိုးရ ထောက်ပံ့ကြေး လုံဝမယူဘဲ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့် ဖွင့်လှစ်သောကျောင်းများဟူ၍ဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်တွင်

(က) နိုင်ငံတော်ကျောင်းများ (State School)

(ခ) အသိအမှတ်ပြုကျောင်းများနှင့် မှတ်ပုံတင် ကိုယ်ပိုင်ကျောင်းများ (Recognized Schools and Registered Private Schools) ဟူ၍ ကျောင်းနှစ်မျိုးနှစ်စားခွဲခြားထားသည်။

အစိုးရအသိအမှတ်ပြုကျောင်း (Recognized School) ဆိုသည်မှာ လွတ်လပ်ရေးရပြီးခေတ်၌ နိုင်ငံတော်ကျောင်းများကဲ့သို့ ပထမတန်းမှ ဒသမတန်းအထိ ဖွင့်လှစ်ခွင့်ပြုကာ အသိအမှတ်ပြု ထားသည့်ကျောင်းများဖြစ်သည်။ အချို့ကျောင်းများတွင် "သူငယ်တန်းကြီး"၊ "သူငယ်တန်းငယ်" များကို ပူးတွဲဖွင့်လှစ်ခွင့်ပြုထားသည်။ ထိုကျောင်းများသည် နိုင်ငံတော်ပညာရေးဌာနက ပြဋ္ဌာန်းထားသည့် သင်ရိုးများအတိုင်း သင်ကြားကြရသည်။ သို့သော် ကျောင်းသုံး စာအုပ်များကို ပညာရေးဌာနက အသိအမှတ်ပြုထားသည့် စာအုပ်မျိုးစုံထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ကြားခွင့် ပြုသည်။

မှတ်ပုံတင်ကိုယ်ပိုင်ကျောင်းများ (Registered School) ကို ကျောင်းများမှတ်ပုံတင်အရာရှိတစ်ဦးခန့်အပ်ပြီး မှတ်ပုံတင်စေ သည်။ ၁၉၅၁ ခုနှစ် ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ဥပဒေအရ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်လိုသူများ မှတ်ပုံတင်ကြရသည်။ ထို ကျောင်းများတွင် တန်းစဉ်အလိုက် ပထမတန်း၊ ဒုတိယတန်း စသည်ဖြင့် ဖွင့်လှစ်ထားခြင်းမျိုးမဟုတ်ဘဲ ဘာသာရပ်အလိုက်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်းကိုဖြစ်စေ သင်ကြားသောကျောင်းများဖြစ်သည်။

လွတ်လပ်ရေးအကြိုခေတ်ကရှိခဲ့သော သာသနာပြုကျောင်းများ၊ ဘာသာရေးကို အခြေခံသောကျောင်းများ၊ လူမျိုးကိုအခြေခံ သောကျောင်းများ၊ လူ့အဆင့်အတန်းအရ သီးခြားဖွင့်သောကျောင်းများသည် အသိအမှတ်ပြုကျောင်းများဖြစ်လာသည်။ ကျူရှင် ကျောင်းများသည် မှတ်ပုံတင်အလွတ်ပညာသင်ကျောင်းများအဖြစ် ဆက်လက်တည်ရှိကြသည်။

တော်လှန်ရေးကောင်စီခေတ် (၁၉၆၂) တွင် အစိုးရအသိအမှတ်ပြုကျောင်းများနှင့် မှတ်ပုံတင်ကိုယ်ပိုင်ကျောင်းများကို ပြည်သူပိုင်ကျောင်းများအဖြစ် လွှဲပြောင်းသိမ်းယူခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီခေတ်မှစပြီး ကျောင်းတစ်မျိုးတည်း စနစ်ကို ကျင့်သုံးခဲ့သည်။

တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၆ ခုနှစ်တွင် အခြေခံပညာရေးဥပဒေသစ်ကို ပြဋ္ဌာန်းရာ၌ အထွေထွေပညာသင် ကျောင်းများကို ဥပဒေပါအတိုင်း အခြေခံပညာကျောင်းများအဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ အခြေခံပညာရေးဥပဒေ အခန်း (၁) ပုဒ်မ (၂) (င) တွင်

"ကျောင်းဆိုသည်မှာ အစိုးရကဖွင့်လှစ်၍ အစိုးရကပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများအတိုင်း ပညာသင်ကြားပေးရာဌာနကို ဆိုလိုသည်" ဟုပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို ပြဋ္ဌာန်းပြီး သင်တန်းတစ်ခုအတွက် သင်ကြားခွင့်ပြုသည့် ဘာသာရပ် အရေအတွက်၊ ကျောင်းသားဦးရေ၊ အဆောက်အအုံ အခြေအနေ၊ သင်တန်းဆရာ၏ အရည်အချင်း၊ ကျောင်းလခ စသည်တို့ကို စနစ်တကျသတ်မှတ် ဆောင်ရွက်ခဲ့သည်။

တော်လှန်ရေးကောင်စီခေတ်တွင် လူငယ်ရေးရာညကျောင်းနှင့် တွဲဖက်ကျောင်းများကို ဖွင့်လှစ်ခဲ့သည်။ ပညာရေးဌာနသည် လူငယ်ရေးရာဌာနကိုဖွဲ့စည်းပြီး လူငယ်ရေးရာညကျောင်းများကို စည်းရုံးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၅-၆၅ပညာသင်နှစ်မှစတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အတန်းစုံသင်ကြားပေးသော ကျောင်းအဆင့်သို့ မရောက်ခဲ့ပေ။ ၉ တန်းနှင့် ၁၀ တန်းနှစ်တန်းကို သာ လူငယ်ရေးရာညကျောင်းများတွင် သင်ကြားပေးနိုင်ခဲ့သည်။ ထိုကျောင်းများတွင် သင်ကြားပေးသည့် ဆရာ ဆရာမများသည် လခမယူဘဲ စေတနာဖြင့် သင်ကြားပေးကြသောကြောင့် စေတနာညကျောင်းများဟူ၍လည်း ခေါ်ဆိုသေးသည်။

ပညာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်သည့် ရပ်ရွာဒေသများတွင် တွဲဖက်ကျောင်းများကိုလည်း ၁၉၇၂-၇၃ စာသင်နှစ်မှအစပြုပြီး ဖွင့်လှစ်ခွင့်ပြုခဲ့သေးသည်။ တွဲဖက်ကျောင်းအမည်အပြည့်အစုံမှာ "သင်ကြားမှုဆိုင်ရာတွဲဖက်ကျောင်း" ဖြစ်သည်။ ရပ်ရွာပြည်သူလူထုက ကျောင်း၏စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးကို တာဝန်ယူရပြီး၊ သင်ကြားရေးနှင့် ကျောင်းစစ်ဆေးရေးကို အခြေခံပညာဦးစီးဌာနမှ ကြီးကြပ်ကွပ်ကဲသည်။

ပုဂ္ဂလိကကျောင်းများ (Private School)

ပုဂ္ဂလိကကျောင်းများကို လွတ်လပ်သောကျောင်းများ (Independent Schools) ဟူ၍လည်း ခေါ်ဆိုသေးသည်။ ဗြိတိန်တွင် Private School ဟုခေါ်ပြီး၊ ဒေသဆိုင်ရာ၊ ပြည်နယ်နှင့် အစိုးရတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှုမှ ကင်းလွတ်ခွင့်ရသည့် ကျောင်းများဖြစ်ကြ သည်။ ပုဂ္ဂလိကကျောင်းများသည် မိမိတို့ကျောင်းသို့တက်မည့် ကျောင်းသားများကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြသည်။ ရွေးချယ်ထား သည့် ကျောင်းသားများက ပေးဆောင်ရသည့် ကျောင်းလခ သို့မဟုတ် ကျောင်းဝင်ကြေးငွေများကို ရန်ပုံငွေအဖြစ်ထူထောင်ပြီး မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ကြသည့်ကျောင်းများဖြစ်သည်။ ပုဂ္ဂလိကအမည်ခံလျှင် အစိုးရအပေါ်မှီခိုမှုကင်းနိုင်သမျှ ကင်းအောင်နေတတ်ကြသည်။ မိမိတို့ကျောင်းသို့လာတက်မည့် ထူးချွန်ကျောင်းသားများအတွက်လည်း ပညာတော်သင်ဆုများ ရွေးချယ်ပေးလေ့ရှိသည်။ ဥပမာ အားကစား၊ အနုပညာ၊ ပညာထူးချွန်ဆုများကို သတ်မှတ်ပြီး အထောက်အပံ့ပေးကြသည်။ ပုဂ္ဂလိကကျောင်းများတွင် ပေးသွင်းကြရသည့် ကျောင်းလခနှင့် ကျောင်းဝင်ကြေးများသည် ကျောင်းအလိုက်အမျိုးမျိုးကွဲပြား ခြားနားချက်များရှိနိုင်သည်။ ကျောင်းတည်ရာဒေသအလိုက်၊ မိဘများ ပေးဆောင်နိုင်သည့်ဆန္ဒအလိုက်၊ လူနေမှုအဆင့်အတန်း အလိုက်၊ ကျောင်း၏ရန်ပုံငွေထူထောင်ထားနိုင်မှုအလိုက် အမျိုးမျိုး ကွဲပြားခြားနားနိုင်သည်။

ကျောင်းလခကြေးမြင့်သည့်ကျောင်းများသည် အကောင်းဆုံး ဆရာများကိုခေါ်ပြီး လစာကောင်းကောင်းပေးကာ သင်ခိုင်းထားရ သောကြောင့်ဟု အကြောင်းပြကြသည်။ ထို့ပြင် ကျောင်းတွင်လည်း သင်ကြားမှု သင်ယူမှုအထောက်အကူပြုပစ္စည်းများဖြင့် အထောက်အပံ့ ပြုပေးနိုင်သည်။ ဆရာနှင့်ကျောင်းသားအရေအတွက်ကိုလည်း ထိန်းထားနိုင်ကြသည်။ စာသင်ခန်းအရွယ်အစား သေးငယ်ခြင်း၊ စာကြည့်တိုက်၊ သိပ္ပံဓာတ်ခွဲခန်း၊ ကွန်ပျူတာအစရှိသည်ဖြင့် အလုံအလောက်ထောက်ပံ့ပေးနိုင်ကြသည်။

အချို့သော ပုဂ္ဂလိကကျောင်းများသည် အဆောင်နေဘော်ဒါ (boarding school) များဖြစ်ကြသည်။ စစ်တက္ကသိုလ်ကျောင်းများသည်လည်း ပုဂ္ဂလိကပိုင်ကျောင်းများဖြစ်သည်။

ဘာသာရေးဂိုဏ်းများအလိုက် တွဲဘက်ဖွင့်လှစ်ထားသည့် ကျောင်းအများစုသည်လည်း ပုဂ္ဂလိကကျောင်းများအသွင်ဆောင်ကြ သည်။ အချို့ကျောင်းများတွင် ဘာသာရေးသီးသန့်သင်ကြားကြပြီး၊ အချို့ကျောင်းများမှာ ဘာသာရေးနှင့်နွှယ်ပြီး အတန်းကျောင်း ပညာရေးများကို စည်းရုံးသည့်အနေဖြင့် သင်ကြားလေ့ရှိသည်။ အချို့ပုဂ္ဂလိကကျောင်းများမှာ ကျောင်းစတင်တည်ထောင်သူ၏ ဘာသာရေးယုံကြည်မှုအလိုက် ထူထောင်ထားသည့်ကျောင်းအမျိုး အစားများဖြစ်နေတတ်သည်။ ဘာသာရေးနှင့် ပညာရေးပေါင်းစပ် ထားသည့်ကျောင်းများအသွင်ဆောင်နေတတ်သည်။ ဥပမာ ရိုမင်ကက်သလစ်ကျောင်းအမျိုးအစားများဖြစ်သည်။ အချို့သော ဘာသာရေးအဖွဲ့အစည်းများတွင်လည်း မူလတန်းအကြိုအဆင့်အနေဖြင့် ဘာသာရေးကို သီးခြားသင်ကြားပေးမှုများရှိကြသည်။ ဥပမာ ပရိုတက်စတင့်၊ ဂျူး၊ မူစလင်နှင့် အခြား အော်သိုဒေါ့ခရစ်ယန်များဖြစ်သည်။

ပုဂ္ဂလိကကျောင်းများသည် မိမိတို့ပညာအရည်အသွေးကို ထိန်းသိမ်းလိုကြသဖြင့် အစိုးရနှင့်မပတ်သက်အောင် နေလေ့ရှိကြ သည်။ အထူးသဖြင့် အစိုးရကျောင်းပညာသင်ကြားမှုနှင့် မိမိတို့ ပုဂ္ဂလိကပညာသင်ကြားမှုများကို ကွာခြားနေကြောင်းသိစေရန် အစဉ်အမြဲအားထုတ်လေ့ရှိကြသည်။

နိုင်ငံအလိုက် ပုဂ္ဂလိကပညာရေး သုံးသပ်ချက်[ပြင်ဆင်ရန်]

ဩစတေးလျှ[ပြင်ဆင်ရန်]

ပုဂ္ဂလိကကျောင်းအမျိုးအစား သုံးမျိုးရှိသည်။ အစိုးရကျောင်း အမျိုးအစားနှစ်မျိုးနှင့် ဘာသာရေးဆိုင်ရာကျောင်းများလည်းရှိ သည်။ ဩစတေးလျှတွင် ပုဂ္ဂလိက (Private) ကျောင်းဆိုသည်မှာ တစ်ခါတစ်ရံ ပြည်သူအများပိုင် (Public) အသွင်ဆောင်တတ် သည်။ ဥပမာ (Associated Public Schools of Victoria) ကျောင်းမျိုးဖြစ်သည်။ ပြည်သူပိုင်ကျောင်း (Public School) ဆိုသည်မှာ အစိုးရကျောင်း (Government School) အနေဖြင့် လူသိများသည်။

ဩစတေးလျှနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများကို အလေးထား အားပေးသည်။ အဘယ်ကြောင့်ဆိုသော် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသည့်ကျောင်းများဖြစ်နေသောကြောင့်ဖြစ်သည်။ ကျောင်းအဆောက်အအုံအရည်အသွေးမြင့်မားကောင်းမွန်ခြင်း၊ ကျောင်းတစ်ကျောင်းတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ ပြည့်စုံခြင်း (ဥပမာ အားကစားကွင်း၊ စာကြည့်တိုက်၊ ရေကူးကန် စသည်တို့ရှိခြင်း) ၊ အရည်အသွေးပြည့်ဆရာများကို လစာကောင်း ကောင်းပေးပြီး ငှားထားနိုင်ခြင်းတို့ဖြစ်သည်။ အချို့သောကျောင်း များသည် ပညာရေးအတွက် သီးခြားသင်ကြားနိုင်စေရန်သဘောဖြင့် အဆောင်နေ ဘော်ဒါကျောင်းများအဖြစ် ထူထောင်ထားကြ သည်။ ထိုကျောင်းများသည် စည်းကမ်းအထူးတင်းကျပ်သည့် ကျောင်းများဖြစ်ကြသည်။ ဩစတေးလျှပုဂ္ဂလိကကျောင်းများတွင် ထူးခြားချက်မှာ ကျောင်းဝတ်စုံဖြစ်သည်။ ကျောင်းသားတိုင်း ကျောင်းဝတ်စုံဝတ်ရေးကို တင်းကျပ်စွာစည်းကမ်းသတ်မှတ်ထား သည်။ ယောက်ျားလေးများသည် ဘလေဇာကုတ်အင်္ကျီမျိုးဝတ်ကြရသည်။ ပြည်သူပိုင်ကျောင်းများတွင် ဝတ်စုံနှင့်ပတ်သက်ပြီး ကန့်သတ်ထားချက်နည်းသော်လည်း ယူနီဖောင်းဆင်တူဝတ်ဆင်ကြရသည့် ပြည်သူပိုင်ကျောင်းများလည်းရှိသည်။

ဩစတေးလျှရှိ ပုဂ္ဂလိကကျောင်းများသည် အစိုးရထံမှ အထောက်အပံ့ယူကြသည်။ သို့သော် ထိုကျောင်းများ၏ကျောင်းလခမှာ အစိုးရကျောင်းများထက်ပိုများသည်။ ပုဂ္ဂလိကကျောင်းများသည် အစိုးရကျောင်းများထက် အားကစားကိုပိုပြီး ဦးစားပေးလေ့ရှိ သည်။ ဩစတေးလျှနိုင်ငံတွင် ထင်ရှားသည့် ပုဂ္ဂလိကကျောင်းအမျိုးအစားများမှာ ကက်သလစ်ကျောင်းများ (Catholic Schools) နှင့် ပုဂ္ဂလိကကျောင်း (Independent Schools) အမျိုးအစားများဖြစ်ကြသည်။

ကနေဒါ[ပြင်ဆင်ရန်]

ကနေဒါနိုင်ငံ၏ ကျောင်းသား ၈ ရာခိုင်နှုန်းသည်သာ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားကြသည်။ အများစုမှာ ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့်ကျောင်းများတွင် ပညာသင်ကြားနေကြသည်။ လူချမ်းသာများအတွက် သီးခြားဖွင့် လှစ်ထားသည့် အထူးကျောင်းများလည်းရှိသည်။ ကိုလံဘီယာနိုင်ငံ တကာကောလိပ် (Columbia International School) သည် ကနေဒါနိုင်ငံတွင် အကြီးကျယ်ဆုံးအဆောင်နေ ပုဂ္ဂလိကကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ ကနေဒါနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများ နှင့်ပတ်သက်ပြီး အငြင်းပွားစရာ ပြဿနာများစွာရှိခဲ့သည်။ ကနေဒါ မီဒီယာများနှင့် အွန်တေရီယိုဒေသဆိုင်ရာပညာရေးဝန် ကြီးဌာနအစီရင်ခံစာတွင် ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်ပြီး မမျှတသည့်ရလဒ်များကို ဖော်ပြအစီရင်ထားမှုများတွေ့ရသည်။

ဂျာမနီ[ပြင်ဆင်ရန်]

ဂျာမနီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၇၊ အပိုဒ် ၄ အရ ပုဂ္ဂလိကပညာရေးကို အထူးဦးစားပေးပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။ ပုဂ္ဂလိကပညာရေးနှင့် ပညာသင်ကြားခွင့်ဆိုသည်မှာ ဂျာမနီနိုင်ငံသားများအတွက် အခွင့်အရေးတစ်ခုအဖြစ် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းပေးထားသည်။

ဂျာမနီတွင် ပုဂ္ဂလိကကျောင်းအမျိုးအစား နှစ်မျိုးရှိသည်။ Ersatzschulen (substitute schools) နှင့် Erganzungsschulen (auxiliary schools) ဟူ၍ဖြစ်သည်။ ထို့ပြင် Hochschulen (ပုဂ္ဂလိကကောလိပ်နှင့် တက္ကသိုလ်များ) လည်းရှိသေးသည်။ သို့သော် ဗြိတိန်နိုင်ငံမှာကဲ့သို့ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အဆင့်တွင် Private ဆိုသည့်အခေါ်အဝေါ်မျိုးကို မသုံးကြပေ။

Substitute ကျောင်းများကို ပုံမှန်အားဖြင့် မူလတန်းနှင့် အလယ်တန်းအဆင့်ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ပုဂ္ဂလိကပိုင်၊ အဖွဲ့အစည်းတစ်ခုခုပိုင်၊ ဘာသာရေးအုပ်စုပိုင်အနေဖြင့် ရပ်တည်ကြသည်ကများသည်။ ပြည်သူပိုင်ကျောင်းများမှပေးသည့် ကျောင်း ပြီးဆုံးသည့်လက်မှတ် (diploma) များနှင့် ပုဂ္ဂလိကကျောင်းများမှပေးသည့် လက်မှတ်များမှာ အတူတူပင်ဖြစ်သည်။ ထိုကျောင်းများ သည် အစိုးရက သတ်မှတ်သည့်ပုံစံများနှင့်လုံးဝ ကင်းလွတ်သည့်ကျောင်းများဟု မဆိုနိုင်ပေ။ သင်ကြားသည့်ဆရာများအရည် အချင်းနှင့် ရရှိသည့်လစာလည်း ပြည်သူပိုင်ကျောင်းများမှ ဆရာများနှင့် ကွာခြားမှုသိပ်မရှိပေ။ ထိုသို့ မကွာခြားရန်လည်း အခြေခံ ဥပဒေကပင် ပြဋ္ဌာန်းပေးထားသည်။ ပုဂ္ဂလိကကျောင်းဟုဆိုနိုင်သော်လည်း အစိုးရက ကန့်သတ်ထားသဖြင့် ကျောင်းလခများက အစ အများအပြားကောက်ခံခြင်းမပြုရသည့်အပြင်၊ ပညာတော်သင်ကြေးများလည်း ထုတ်ပြန်ပေးရသေးသည်။ ကျောင်းလခများ ထင်သလောက်ကောက်ခံခြင်းမပြုနိုင်ရန်အတွက် အစိုးရသည် ပြည်သူ့ဘဏ္ဍာမှ ထိုက်သင့်သလောက်ကျခံပေးထားခြင်းသည် ဂျာမနီ နိုင်ငံ Substitute ကျောင်းများ၏ ထူးခြားချက်ဟုဆိုနိုင်သည်။

Auxiliary ကျောင်းများသည် အလယ်တန်းအဆင့် သို့မဟုတ် အထက်တန်းအဆင့်ပညာသင်ကျောင်းများဖြစ်သည်။ တက္ကသိုလ် အဆင့်များ ပါဝင်ခြင်းမရှိပေ။ ပုဂ္ဂလိကပိုင် သီးခြားကျောင်းများ ဖြစ်နိုင်သလို နောက်ခံအဖွဲ့အစည်းတစ်ခုခု၏ အထောက်အပံ့ဖြင့် ရပ်တည်နေကြရသည်။ ပြည်သူပိုင်ကျောင်းများတွင် မရနိုင်သည့် ပညာရေးများနှင့် ဘာသာရေးအဆုံးအမတို့ကို သင်ကြားသည့် ကျောင်းများလည်းရှိကြသည်။ အထူးသဖြင့် ထိုကျောင်းအများစုသည် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများဖြစ်ကြသည်။ သို့သော် ထိုအသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသည် ဂျာမနီနိုင်ငံတွင်သွားနေသည့် နှစ်လမ်းသွားပညာရေးစနစ် (dual education system) နှင့် သက်ဆိုင်ခြင်းမရှိပေ။ အစိုးရအချုပ်အနှောင်ကင်းသည့် ကျောင်းအမျိုးအစားဖြစ်ပြီး ကျောင်း သားများထံမှရရှိသည့် ကျောင်းလခများဖြင့်သာ ရပ်တည်နေကြသည့် ကျောင်းအမျိုးအစားများဖြစ်သည်။

အိုင်ယာလန်[ပြင်ဆင်ရန်]

အိုင်ယာလန်ပြည်သူ့သမ္မတနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများသည် ထူးခြားသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိက ကျောင်းများ၏ ဆရာများလစာကို အစိုးရကပေးသောကြောင့်ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် ဆရာအရေအတွက်ထက် ပိုခန့်လိုလျှင် မိမိတို့ကျောင်းသားများထံမှ ကောက်ခံရရှိထားသည့် ကျောင်းလခများထဲမှ ပေးဆောင်ရန်ဖြစ်သည်။ပုဂ္ဂလိက ကျောင်းများကို အစိုးရက ကန့်သတ်ထားပေးသည်။ နိုင်ငံတော်မှ အနိမ့်ဆုံးပညာရေးကို လူတိုင်းတတ်မြောက်နိုင်စေရမည်ဟု သတ်မှတ်ချက်ရှိနေသောကြောင့်ဖြစ်သည်။ အိုင်ယာလန် ပုဂ္ဂလိကကျောင်းများသည် Junior Certificate နှင့် Leaving Certificate တို့ကိုပေးနိုင်ရန် ဖွင့်လှစ်ထားသည့်ကျောင်းများဖြစ်ကြသည်။

အိုင်ယာလန်ရှိ ပုဂ္ဂလိကကျောင်းများသည် အဆောင်နေဘော်ဒါကျောင်းများ၏ ထက်ဝက်ခန့်ရှိသည်။ ပျမ်းမျှ နှစ်စဉ်ကြေး ယူရိုငွေ ၅၀၀၀ ခန့်ဖြစ်သည်။ ဘော်ဒါကျောင်းများ၏ နှစ်စဉ်ကြေး မှာ ယူရို ၂၅၀၀၀ ခန့်ဖြစ်သည်။ ဘာသာရေးအသင်းအဖွဲ့များ အနေဖြင့် ဖွင့်လှစ်ထားသောကျောင်းများတွင်လည်း ကျောင်းလခများပေးဆောင်ကြရသည်။ အိုင်ယာလန်တွင် နိုင်ငံတကာကျောင်း အမည်ခံ ပုဂ္ဂလိကကျောင်းလေးများလည်း အနည်းငယ်ရှိကြသေးသည်။ ပြင်သစ်၊ ဂျပန်နှင့် ဂျာမန်ကျောင်းများဖြစ်သည်။

အိန္ဒိယ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံတွင် ကျောင်းအများစုသည် ပြည်သူပိုင်ကျောင်းများအဖြစ်သာ ရပ်တည်ကြရသည်။ ပြည်နယ် သို့မဟုတ် ဒေသ အလိုက်အထောက်အပံ့ဖြင့် ရပ်တည်ကြရသည်။ ကျောင်းလခ မပေးရသည့် အခမဲ့ပညာရေးစနစ်ရှိသကဲ့သို့၊ ငွေကြေးပေးရလျှင် လည်း အလွန်နည်းပါးသည့် ကျောင်းလခများကိုသာ ပေးဆောင်ကြရသည်။

ပုဂ္ဂလိကသီးခြားထူထောင်ဖွင့်လှစ်ထားသည့် ကျောင်းများလည်းရှိကြသည်။ အများစုမှာ အဖွဲ့အစည်းများ၊ ဘာသာရေးအသင်း အဖွဲ့များနှင့် ခရစ်ယန်မစ်ရှင်ကျောင်းများသည်သာ ပုဂ္ဂလိကပိုင်ကျောင်းများဖြစ်ကြသည်။ အစိုးရငွေကြေးကိုယူသည့် အထောက် အပံ့ခံ (Aided Schools) ကျောင်းများလည်းရှိကြသည်။ အစိုးရအထောက်အပံ့မခံဘဲ ပုဂ္ဂလိကပါတီများ၏ အထောက်အပံ့ဖြင့် ရပ်တည်ကြသည့်ကျောင်းများလည်းရှိသေးသည်။ မည်သည့်ကျောင်းအမျိုးအစားဖြစ်စေ အဆင့်အတန်းနှင့် အရည်အသွေးမြင့်မား ရေးကို အထူးဦးစားပေးသည့်ကျောင်းများဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြသည်။ ကျောင်းများသည် ပုဂ္ဂလိကကျောင်းများဖြစ် သော်လည်း Public အမည်ဖြင့် ရပ်တည်ကြသည့်ကျောင်းများလည်းရှိသေးသည်။ ဥပမာ Delhi Public School နှင့် Birla Public School တို့ဖြစ်သည်။

အလယ်အလတ်တန်းစားပြည်သူများသည် Public အမည်ခံ ပုဂ္ဂလိကကျောင်းများသို့ မိမိတို့သားသမီးများကို စေလွှတ်လေ့ရှိ ကြသည်။ အချို့အဆောင်နေကျောင်းသားများအဖြစ်ပင် ပညာသင်လွှတ်ကြသည်။ အိန္ဒိယတွင် အင်္ဂလိပ်စာသည် မသင်မနေရ အရေးပါသည့် ကြားခံဆက်သွယ်ရေးဘာသာစကားတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဟင်ဒီနှင့် အခြားရုံးသုံးတိုင်းရင်းဘာသာ စကားများကိုလည်း သင်ကြားပေးသည်။ မူလတန်းကြိုကျောင်းများကို နေ့ကလေးထိန်းကျောင်းများရှိသည့်ဒေသများတွင် ဖွင့်လှစ်ခွင့် ကန့်သတ်ထားသည်။ အိန္ဒိယနိုင်ငံတွင် နာမည်ကျော် ပုဂ္ဂလိကကျောင်း အများအပြားရှိပြီး ထိုကျောင်းထွက်များသည် ကမ္ဘာ့အဆင့်မီ ကျောင်းသားများအဖြစ် မျက်နှာပန်းလှကြသည်။

ဖိလစ်ပိုင်[ပြင်ဆင်ရန်]

ဖိလစ်ပိုင်တွင် ပုဂ္ဂလိကကဏ္ဍသည် ပညာရေးကို များစွာအထောက်အကူပြုနေသည်။ မူလတန်းအဆင့်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် ၃၂ ရာခိုင်နှုန်းနှင့် အထက်တန်းအဆင့်တွင် ၈၀ ရာခိုင်နှုန်းသည် ပုဂ္ဂလိကကျောင်းသို့လာ တက်သူများဖြစ်ကြောင်းတွေ့ရသည်။ ပုဂ္ဂလိကကျောင်းများသည် ဖိလစ်ပိုင်နိုင်ငံအတွက် လူသားရင်းမြစ်ကို မွေးထုတ်ပေးနိုင်သည့် နေရာများအဖြစ် ယုံကြည်အားထားခြင်းခံရသည်။ ကျောင်းလခကို နှိုင်းယှဉ်လျှင်လည်း တန်းစဉ်အလိုက်ကြည့်လျှင် အစိုးရကျောင်း များထက်ပင် ကုန်ကျစရိတ်သက်သာကြောင်းတွေ့ရသည်။ အထူးသဖြင့် အထက်တန်းအဆင့်ပညာသင်ကြားရေးတွင် ပုဂ္ဂလိက ကျောင်းများက ပိုပြီးဈေးသက်သာနေခြင်းမှာ စဉ်းစားစရာဖြစ်သည်။

အစိုးရအနေဖြင့် ပုဂ္ဂလိကကျောင်းများအပေါ်ထားသည့် သဘောထားနှင့် ပေးထားသည့်လုပ်ပိုင်ခွင့်များသည် အတော်လေး ပျော့ပျောင်းညင်သာရှိသည်ဟုဆိုရမည်ဖြစ်သည်။ ကျောင်းသင်ခန်းစာများအတွက် သင်ထောက်ကူပစ္စည်းများကို မတည်ပေးခြင်း၊ ကျောင်းသစ်များဆောက်ပေးခြင်း၊ ကျောင်းများသို့ အားပေးစကား သွားရောက်ပြောကြားခြင်း၊ ပုဂ္ဂလိကကျောင်းများတွင် ကျောင်း လခကောက်ခံမှုများကို လျှော့ပေါ့စေခြင်း၊ တတိယတန်းနှင့် စတုတ္ထတန်းအဆင့်လောက်ကတည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာ၀ သိပ္ပံဘာသာရပ်များကို အလေးပေးသင်ကြားစေခြင်း၊ ၁၉၉၂ ခုနှစ်လောက်ကတည်းက ပုဂ္ဂလိကကျောင်းများလုပ်ပိုင်ခွင့် အတွက် ဥပဒေများထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ပညာရေးဝန်ဆောင်မှုသဘောတူညီချက်များဖြင့်လည်း အစိုးရသည် အစိုးရကျောင်းများမှ ကျောင်းသားများ ပုဂ္ဂလိက ကျောင်းများသို့ တရားလွန်ကူးပြောင်းသွားခြင်းမပြုရန် ထိန်းချုပ်ထားသည်။ ဥပမာ ကျောင်းလခ၊ ငွေကြေးထောက်ပံ့မှုများဖြင့် အစိုးရကျောင်းများတွင် မက်လုံးပေးထားမှုများရှိသည်။

၂၀၀၁-၂၀၀၂ ပညာသင်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပုဂ္ဂလိကမူလတန်းကျောင်းပေါင်း ၄ç၅၂၉ ကျောင်းရှိပြီး၊ အလယ်တန်း ကျောင်းပေါင်း ၃၂၆၁ ကျောင်းရှိသည်။ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင် အထက်တန်းပုဂ္ဂလိကကျောင်းပေါင်း ၁၂၉၇ ကျောင်း ရှိသည်။

တောင်အာဖရိက[ပြင်ဆင်ရန်]

တောင်အာဖရိကတွင် ရှေးအကျဆုံးကျောင်းများသည် ပုဂ္ဂလိကဘုရားရှိခိုးကျောင်းများဖြစ်သည်။ ၁၉ ရာစုလောက်ကတည်းက ခရစ်ယန်သာသနာပြုများက တည်ထောင်ထားခဲ့ကြခြင်းဖြစ်သည်။ တောင်အာဖရိကတွင် ပုဂ္ဂလိကကျောင်းများ၏ အခန်း ကဏ္ဍကို အလွန်အားပေးသည်။ လူမျိုးရေးခွဲခြားမှုများကို ဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကကျောင်းများ၏အခန်းကဏ္ဍသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ တောင်အာဖရိက ကျောင်းများအက်ဥပဒေ (၁၉၉၆) အရ ကျောင်းအမျိုးအစား နှစ်မျိုး သတ်မှတ် ထားသည်။ နိုင်ငံတော်ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပြည်သူပိုင်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းဟောင်းများ၊ အဖွဲ့အစည်းပိုင် ကျောင်းများအပါအဝင် လွတ်လပ်သည့် (Independent) ဆိုသည့် ပုဂ္ဂလိကကျောင်းများဖြစ်သည်။ ယခင်က အစိုးရတစ်ဝက်၊ ပုဂ္ဂလိကတစ်ဝက် ကျောင်းများ (semi-private) သို့မဟုတ် C School များသည် ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခွင့် မပြုပေ။ ထိုကျောင်း များကို နိုင်ငံတော်၏ အုပ်ချုပ်စီရင်ပိုင်ခွင့် အောက်တွင်သာထားရှိသည်။ တောင်အာဖရိက ပုဂ္ဂလိကကျောင်း အတော်များများသည် ကမ္ဘာ့အကောင်းဆုံးကျောင်းစာရင်းဝင်များ ဖြစ်ကြသည်။ မိန်းကလေးကျောင်း၊ ယောက်ျားလေးကျောင်း စသည်ဖြင့် အရည်အသွေး အပြိုင် မြှင့်တင်ပေးနေသည့် ကျောင်းများလည်းရှိသည်။

ဆွီဒင်[ပြင်ဆင်ရန်]

ဆွီဒင်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းတက်ပိုင်ခွင့်သည် လွတ်လပ်သော ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။ မြူနီစီပယ်ကျောင်းများနှင့် အထက်တန်းကျောင်းများတွင်တက်ရသည့် ကျောင်းလခသည် အတူတူပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်စာရင်းအရ ပုဂ္ဂလိကကျောင်း များတွင် တက်သည့်ကျောင်းသားများသည် စုစုပေါင်းကျောင်းသား ဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ ဆွီဒင်တွင် ထင်ရှားသည့် ပညာရေးစနစ်တစ်ခုမှာ (innovative school) စနစ်ဖြစ်သည်။ ဆွီဒင်ကျောင်းသားများ ကိုယ်ကြိုက်သည့်ကျောင်း ကိုယ် ရွေးချယ်တက်ခွင့်ကိုပေးထားသည့် စနစ်လည်းဖြစ်သည်။

ဥပမာ ဆွီဒင်တွင်အကြီးဆုံးကျောင်းတစ်ကျောင်းဖြစ်သည့် Kunskapsskolan (The Knowledge School) သည် ကျောင်းခွဲ ပေါင်း ၃၀ ရှိပြီး၊ အင်တာနက် Web ကိုအခြေခံကာ ဆက်သွယ်သင်ကြားနေသည့်ကျောင်းဖြစ်သည်။ ဆရာပေါင်း ၇၀၀ ကျော်နှင့် ကျောင်းသား ၁၀၀၀၀ ကိုသင်ကြားပေးနေသည်။

ယခင် ပညာရေးဝန်ကြီးဟောင်း၊ စတော့ဟုန်း ပြည်နယ် အုပ်ချုပ်ရေးမှူး Per Unckle က ဆွီဒင်နိုင်ငံပညာရေးစနစ်နှင့် ပတ်သက်ပြီး "ပညာရေးဆိုတာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပေးနေတဲ့ဘောင်ကနေ ရှောင်လွှဲထွက်မသွားဖို့ အရေးကြီးတယ်။ ပညာရေးကို လက်ဝါးကြီးအုပ်ထားရင် ပြည်သူတွေအားလုံးရဲ့ အလိုဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးနိုင်တော့မှာလဲ" ဟုဆိုသည်။ ဆွီဒင်ပညာရေးစနစ်ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ထောက်ခံခဲ့သည်။

ဗြိတိန်[ပြင်ဆင်ရန်]

ဗြိတိန်တွင် ပုဂ္ဂလိကကျောင်းများကို (independ school) ဟူ၍ခေါ်သည်။ အစိုးရအစီအမံနှင့် အထောက်အပံ့မှကင်းလွတ် သောကြောင့်ဖြစ်သည်။ သို့သော် အရပ်သုံးအနေဖြင့် (public school) အနေဖြင့်သာ ခေါ်ဝေါ်သုံးစွဲကြသည်။ ၁၉ ရာစုနှစ် လောက်ကတည်းက Public School Act ကိုထုတ်ပြန်ပြီး အင်္ဂလန်တွင် ကျင့်သုံးခဲ့သည်။

ဗြိတိန်တွင် ကျောင်းသားအရေအတွက်အားလုံး၏ ၇ ရာခိုင်နှုန်းခန့်သာ အခမဲ့ကျောင်းများသို့တက်ရောက်ကြကြောင်း (The God Schools Guide) တွင်ဆိုထားသည်။ ဗြိတိန်ကျောင်းများ နာမည်ကြီးရခြင်းသည် ပညာရေးဆိုင်ရာ အရည်အသွေး အဆင့် အတန်း (standard) ကိုထိန်းလွန်းခြင်း၊ ပညာရည်ကို မြင့်သည်ထက် မြင့်စေရန်အားထုတ်ခြင်း၊ ပြည်နယ်ဒေသအလိုက် ကျောင်းများကို ဖွဲ့စည်းထူထောင်ခြင်း၊ ပညာသင်နှစ်ကာလရှည်ကြာခြင်း၊ စာသင်ချိန်များခြင်း၊ နိုင်ငံတော်မှပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းထက် ရွေးချယ်ခွင့်များရှိခြင်း၊ ကျောင်းနှင့်တူသည့် ကျောင်းဖြစ်စေရန် အထောက်အပံ့ပစ္စည်းများ ပြည့်စုံကြွယ်၀ခြင်း၊ သမိုင်းဝင် အဆောက်အအုံများကို ယနေ့တိုင်အထိမ်းအမှတ်အဖြစ်ထားကာ အဆောင်သစ်များဖြင့် ကျယ်ဝန်းသည့်မြေများတွင် ကျောင်းများကို ထူထောင်ထားကြခြင်း၊ ဆရာကျောင်းသားအချိုး နိမ့်နိုင်သမျှနိမ့်စေရန် အားထုတ်ခြင်း၊ ကျောင်းဆရာများကို လစာ ကောင်းကောင်း ပေးကာ ပညာရေးလောကသို့ ဆွဲဆောင်ထားနိုင်ခြင်း၊ အပိုစိတ်ကြိုက်ဘာသာရပ်များကို သင်ကြားယူပိုင်ခွင့်ရှိခြင်း၊ အားကစား၊ ပြဇာတ်၊ ဂီတစသည့် စိတ်ကြိုက်ဘာသာရပ်များ သင်ကြားနိုင်ခွင့်ရှိခြင်း၊ အစဉ်အလာနှင့် ဆန့်ကျင်ကွဲပြားအောင် အားထုတ်နိုင်ခြင်း တို့သည် ဗြိတိန်ပညာရေးစနစ်၏ ထူးခြားချက်များဟု ဆိုနိုင်သည်။

ဗြိတိန်ရှိ ပုဂ္ဂလိကကျောင်းအများစုသည် ယောက်ျားလေးကျောင်း၊ မိန်းကလေးကျောင်းစသည့်ဖြင့် ခွဲခြားထားလေ့ရှိသည်။ စာသင်နှစ်တစ်နှစ်အတွက် ကျောင်းလခမှာ ပေါင် ၁၀၀၀ မှ ပေါင် ၇၀၀၀ အတွင်းရှိသည်။ ကလေးအသက်အရွယ်အလိုက်၊ ဆရာကျောင်းသား သင်ကြားမှုအချိုးအလိုက် ငွေကြေးကွာခြားမှုရှိနိုင်သည်။ အဆောင်နေကျောင်းသားများဆိုလျှင် စာသင်နှစ် တစ်နှစ် ပေါင် ၉၀၀၀ ကျော်ပေးကြရသည်။ ထိုကျောင်းစရိတ်များသည် မိဘများအတွက် များပြားသည်ဆိုစေ ပေးဆောင်နိုင်ကြ သည်ကများသည်။ ပညာသင်ထောက်ပံ့ကြေးများ၊ ဆုငွေများကိုလည်း လျှောက်ထားနိုင်ကြသည်။

ပုဂ္ဂလိက မူလတန်းကျောင်းများကို (preparatory school) ဟူ၍ခေါ်ကြသည်။ အမေရိကန်နိုင်ငံတွင် တက္ကသိုလ်မဝင်မီ ဝင်ခွင့်အတွက် ပြင်ဆင်သည့်အတန်းကိုခေါ်သည့် အခေါ်အဝေါ်မျိုးဖြစ်သည်။ အထက်တန်းကျောင်းအဆင့်ဝင်ရန်အတွက် ဝင်ခွင့် စာမေးပွဲ (Common Entrance Exam) ကို ဖြေဆိုကြရသည်။ အချို့သော အထက်တန်းကျောင်းများကို public school ဟူ၍ လည်းခေါ်ကြသည်။

ပုဂ္ဂလိကကျောင်းအများစုသည် ဘာသာရေးအထောက်အပံ့ခံများ ဖြစ်ကြသော်လည်း ဘာသာရေးနှင့်ပတ်သက်ပြီး ကျောင်းသားများအပေါ် တင်းကျပ်ချုပ်ကိုင်မှုမရှိပေ။ မည်သည့် ဘာသာဝင်မဆို တက်ရောက်ပညာသင်ကြားခွင့်ရှိကြသည်။ အမေရိကန်ကျောင်းများကဲ့သို့ပင် ဘာသာရေးဆိုင်ရာပြဋ္ဌာန်းမှု တစ်ခုခုကိုခံယူရန် မိဘများက ထိုကျောင်းများသို့ပို့ခြင်းမဟုတ်ကြ ပေ။ ၁၉၇၀ ခန့်ကစပြီး ၁၁ တန်းအထိပညာသင်ကြားကြရသည်။

အမေရိကန်[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းအမည်ခံလျှင် ပြည်နယ်အစိုးရများ၏ အထောက်အပံ့ကိုမရရှိကြပေ။ နိုင်ငံပိုင် အစိုးရအထောက်အပံ့ခံကျောင်းများလည်းရှိနေသဖြင့် အပြိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်း အများစုသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ထောက်ပံ့မှုနှင့်ဖြစ်စေ၊ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုခု၏အထောက်အပံ့နှင့် ဖြစ်စေ ရပ်တည်နေကြရသည်ကများသည်။

ပုဂ္ဂလိကကျောင်းများသည် ပညာရေးဆိုင်ရာပုံမှန်သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့သော်သတ်မှတ်ထားသည့် သင်ရိုးနှင့် ပြဋ္ဌာန်းချက်များမှ လွတ်ထွက်မသွားရန် ဂရုစိုက်ကြရ သည်။ များသောအားဖြင့် အမေရိကန်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ကျောင်းသားများသည် အစိုးရကျောင်းများတွင် တက်ကြသည်ကများသည်။ ပုဂ္ဂလိကကျောင်းများမှ လုပ်ပေးနိုင်သမျှ အစိုးရကျောင်းများတွင်လည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစုသည် ကျောင်း လခမှရရှိသည့် ဝင်ငွေများဖြင့်သာရပ်တည်ကြသည်ကများသည်။ အချို့ကျောင်းများတွင် ရန်ပုံငွေတောင့်တင်းကြပြီး ဘာသာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏အထောက်အပံ့များဖြင့်လည်း ရပ်တည်ကြသည်။ ဘာသာရေးနှင့်ဆက်နွှယ်နေသည့် ပုဂ္ဂလိကကျောင်းများကို ငွေကြေးအရ အစိုးရကအထောက်အပံ့ပေးခြင်း မရှိပေ။ ဘာသာရေးအထောက်အပံ့ခံကျောင်းများ မဟုတ်လျှင် အရည်အသွေးပြည့်၀သည့်ကျောင်းများဖြစ်ပါက အစိုးရထောက် ပံ့ကြေးများ ခံစားခွင့်ရှိကြသည်။ သို့သော် ကျောင်းဝင်ခွင့်နှင့် သင်ရိုးများကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိကြသည်။

ပုဂ္ဂလိကကျောင်းများအတိုင်း နောက်ပိုင်းတွင် (Charter school) များလည်းပေါ်လာသည်။ သတ်မှတ်ထားသည့်အရည် အချင်းနှင့်ပြည့်စုံလျှင် ထူထောင်ခွင့်ပြုသည့်ကျောင်းအမျိုးအစား များဖြစ်သည်။ အစိုးရကျောင်းများနှင့်ပုံစံကွဲပြားပြီး ဘာသာရေးနှင့် မဆက်နွှယ်သည့်ကျောင်းများနှင့် အတော်လေး အသွင်သဏ္ဍန်တူ ညီကြသည်။

ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ လိုအပ်ချက်ဖြည့်ဆည်း

ပညာရေးသုတေသနများပြုလုပ်နေသည့် National Center for Education Statistics မှ အစီရင်ခံချက်အရ ၂၀၀၈ ခုနှစ် တွင် အမေရိကန်၌ ပုဂ္ဂလိကကျောင်းပေါင်း ၂၉၀၀၀ ကျောင်းရှိသည်။ ကျောင်းသားပေါင်း ၆ ဒသမ ၁ သန်းကျော်ရှိသည်။ ပုဂ္ဂလိကကျောင်းများသည် မိဘနှင့် ကျောင်းသားများ၏ လိုအပ်ချက်ကို အတော်များများဖြည့်ဆည်းပေးနိုင်သည်ဟုဆိုကြသည်။ ပုဂ္ဂလိကကျောင်းအမျိုးအစားတွင် စစ်ပညာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ မွန်တက်ဆိုရီကျောင်းနှင့် ဝါးဒေါ့ဖ်ကျောင်းဟူ၍ အမျိုးမျိုးကွဲပြားစွာထူထောင်ထားကြသေးသည်။ ထောင်ပေါင်းများစွာသော အထက်တန်းကျောင်းများသည် တက္ကသိုလ်ဝင်ခွင့် အတွက် ပြင်ဆင်ပေးသည့် preparatory course များကို သင်ကြားပေးကြသည်။ ပုဂ္ဂလိကကျောင်း ၃၅၀ ခန့်သည် အိမ်တွင်း ကျောင်းအဆင့်နှင့် ဘော်ဒါကျောင်းများဖြစ်ကြသည်။

၂။ သင်ကြား သင်ယူမှု ဝန်းကျင်ကောင်းမွန်

ပုဂ္ဂလိကကျောင်းများ၏ အရေးကြီးသည့်ဂုဏ်မှာ စမတ်ကျခြင်းဖြစ်သည်။ တစ်စုံတစ်ခု သတ်မှတ်ထားသည့်အဆင့်ကို ဖြတ် ကျော်နိုင်ရန်အတွက် ပြင်ဆင်လေ့ကျင့်သင်ကြားပေးနိုင်သော ကျောင်းမျိုးဖြစ်ရန်လည်းလိုသည်။ ဥပမာ တက္ကသိုလ်ဝင်ခွင့် အတွက် လေ့ကျင့်သင်ကြားပေးခြင်းမျိုးဖြစ်သည်။ ထို့ပြင် Advanced Placement Course များကို သင်ကြားပေးနိုင်သည့်ကျောင်း များလည်း ဖြစ်ရမည်။ ပညာရပ်ဆိုင်ရာများကို သင်ကြားပေးနိုင်စွမ်းရှိသည့် ဆရာကောင်းများကိုလည်း ငှားရမ်းသင်ကြားပေးနိုင်ရမည်။

၃။ အပိုလှုပ်ရှား အပိုဘာသာများသင်ကြား

ပုဂ္ဂလိကကျောင်းအများစုသည် ပြဋ္ဌာန်းဘာသာရပ်များထက် အပိုဘာသာတွဲများဖြစ်သော သင်ရိုးပြင်ပ (extracurricular activities) များကို သင်ကြားပေးနိုင်ရမည်ဖြစ်သည်။ အနုပညာသင်တန်း၊ စိတ်ဝင်စားမှုအုပ်စုတူများဖွဲ့စည်းခြင်း၊ အဖွဲ့အသင်းများထူ ထောင်စေခြင်း၊ စေတနာ့ဝန်ထမ်းလုပ်အားပေးများစသည်တို့သည် သင်ရိုးပြင်ပ ဘာသာရပ်များဟုသတ်မှတ်နိုင်သည်။ ကျောင်းစာ ထက် လူမှုရေးအသိုက်အဝန်းတွင် ဝင်ဆန့်နိုင်သူများဖြစ်စေရန် အလေးထားသင်ကြားမှုလိုအပ်သည်။

အချို့ကျောင်းများတွင် အားကစားကို အလေးပေးသင်ကြားပေးကြသည်။ ဆရာများကိုယ်တိုင် အားကစားကို စိတ်ဝင်စားခြင်း ပါဝင်လှုပ်ရှားခြင်းများပြုလုပ်ရန်လည်းလိုသည်။ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ ကျောင်းစာထက် ကျောင်းပြင်ပလှုပ်ရှားမှုများကိုလည်း အလေးထားနိုင်မှ အောင်မြင် နိုင်မည်ဖြစ်သည်။

၄။ ပြောင်းလဲမှုကိုကြိုဆို

ကလေးကိုကျောင်းပို့ခြင်းသည် တော်ချင် တတ်စေချင်၍ဖြစ်သည်။ မိဘတိုင်း ကိုယ့်သားသမီးနောက်ကွယ်မှနေပြီး ပညာရည် ထောက်လှမ်းနိုင်ခွင့်ရှိရမည်ဖြစ်သည်။ သင်ကြားသည့်ဆရာနှင့်ပတ်သက်ပြီး နောက်ကွယ်မှဝေဖန်ဆွေးနွေးမှုများ၊ ကျောင်းသား၏ တုံ့ပြန်မှု၊ မိဘတို့ဝင်ရောက်ဆွေးနွေးမှုများကို လက်သင့်ခံရမည်ဖြစ်သည်။ ကျောင်းသားများကို စားပွဲတွင် ဝိုင်းထိုင်ပြီး ဆရာ မပါသည့် လွတ်လပ်သော ဆွေးနွေးမှုများကို ဖန်တီးပေးသင့်သည်။ ဘော်ဒါဆောင်များသည့် မိသားစုအသွင်ဆောင်နေတတ်သဖြင့် အုပ်ချုပ်မှုတွင် မိဘများလည်းပါဝင်သင့်သည်။ ကျောင်းကိုဖြစ်စေ၊ ဆရာကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ စောင့်ကြည့်ခြင်းသည် ကျောင်းကိုကောင်းစေလိုသည့် စေတနာမျိုးသာဖြစ်သင့်သည်။

ပုဂ္ဂလိကကျောင်းများတွင် ဖြစ်တတ်သည့်အခြားပြဿနာတစ်ခုမှာ သတ်မှတ်ထားသည့်စည်းကမ်းများကို မလိုက်နာ မနေရ အောင် လိုက်နာခိုင်းခြင်းဖြစ်သည်။ ကျောင်းတွင် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများ မဖြစ်စေရန် အတော်လေးထိန်းသိမ်းရ သည်။ မိဘတိုင်းက ကျောင်းဆိုသည်မှာ လုံခြုံစိတ်ချရသည့်နေရာအဖြစ် မှတ်ယူကာ လာရောက်အပ်နှံကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်ရေးကို ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်သည်။

၅။ ပုဂ္ဂလိကကျောင်းများနှင့် ဘဏ္ဍာရေး

ပုဂ္ဂလိကကျောင်းအများစုသည် တစ်ဦးတစ်ဖွဲ့ အထောက်အပံ့ခံကျောင်းများဖြစ်ကြသဖြင့် ငွေကြေးအင်အားတောင့်တင်းမှ သာဖွင့်နိုင်ကြသည်။ တတ်နိုင်သည့် မိဘများအနေဖြင့် အကောင်းဆုံးကျောင်းစာရင်းဝင်များကိုသာ ရွေးချယ်လေ့ရှိကြသည်။ နိုင်ငံတိုင်းတွင် အခမဲ့ပညာရေးစနစ်များလည်းရှိနေသဖြင့် အခပေးတက်ခိုင်းခြင်းသည် တော်ရုံမျှော်လင့်ချက်ဖြင့် မဖြစ်နိုင်ပေ။ ပုဂ္ဂလိကျောင်းတစ်ကျောင်း၏ ဘဏ္ဍာရေးနောက်ခံ ဘက်ဂရောင်းကို လေ့လာပြီးမှသာ ထိုကျောင်းမျိုးကို အားကိုးသင့်သည်။

၆။ အမျိုးမျိုးအဖုံဖုံ ကွဲပြားမှုအစုံ

ပုဂ္ဂလိကကျောင်းဆိုသည်မှာ ၂၀ ရာစုခန့်အထိ လူချမ်းသာနှင့် အခွင့်ထူးခံလူတန်းစားများအတွက် သီးခြားဖွင့်လှစ်ပေးထား သော ကျောင်းများအသွင်ဆောင်ခဲ့သည်။ အချို့ကျောင်းများသည် ပညာရည်ကောင်းသည့် ကလေးများကိုသာ ရွေးချယ်လက်ခံလေ့ရှိ ကြသည်။ ပညာတော်လျှင် နောက်ကြောင်းမကြည့်သည့် အခွင့်ထူးခံလူတန်းစားသစ်တစ်ရပ်ကို မွေးထုတ်ပေးရာကျောင်းများ အသွင်လည်းဆောင်လာသည်။ ပုဂ္ဂလိကကျောင်းများသည် ကျောင်းအလိုက် အုပ်ချုပ်ပုံ စည်းကမ်းများလည်း မတူညီကြပေ။

၇။ မိသားစုကျောင်း အသွင်ပြောင်း

ပုဂ္ဂလိကကျောင်းအများစုသည် နောက်ပိုင်းတွင် မိသားစုအသွင်၊ အိမ်တွင်နေရင်း ပညာသင်ကြားနေရသည့်ပုံစံမျိုးကို ဖော်ဆောင်လာကြသည်။ အိမ်တွင်းတစ်နိုင်တစ်ပိုင်ပညာရေးပုံစံဖြင့် ကျောင်းများကိုဖွင့်လှစ်လာကြပြီး အားကစားကအစ ထူးချွန် စေရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖန်တီးလာကြသည်။ အစားအသောက်များကို စုပေါင်းစားသောက်စေခြင်း၊ ဆရာများနှင့် တစ်စားပွဲတည်းထိုင်ကာ ပျော်ရွှင်ရင်းနှီးစွာနေထိုင်ဆွေးနွေးခြင်း အလေ့အထများခေတ်စားလာသည်။ ၈။ အရည်အသွေးပြည့်ဝ ဆရာများဖြင့်သင်

ပုဂ္ဂလိကကျောင်းများတွင် သင်ကြားမည့်ဆရာများကို မိမိတို့ သင်ကြားမည့်ဘာသာရပ်များတွင် ကျွမ်းကျင်ထူးချွန်သူများဖြင့်သာ ရွေးချယ်တာဝန်ပေးလေ့ရှိကြသည်။ ပုဂ္ဂလိကကျောင်းများတွင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိဆရာများကို ဘွဲ့တစ်ဘွဲ့ထက်ပို သည့် ဆရာများဖြင့်သာ ခန့်ထားလေ့ရှိကြသည်။ အချို့ကျောင်းများတွင် ဆရာအတတ်သင်လက်မှတ်ရပြီးသူများကိုသာ ခန့်ထား ကြသည်။ ပုဂ္ဂလိကကျောင်းများတွင် စာသင်နှစ်တစ်နှစ်အတွင်း သုံးကြိမ် စာမေးပွဲစစ်ဆေးလေ့ရှိကြသည်။ အချို့ကျောင်းများတွင် တက္ကသိုလ်ဝင်ခွင့်အထူးသင်တန်း၊ ပြင်သစ်၊ အီတလီ၊ စပိန်ဘာသာ သင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးကြသည်။

၉။ ကျောင်းသေးလေ အာရုံစိုက်လေ

တက္ကသိုလ်ဝင် ပုဂ္ဂလိကကျောင်းများသည် ကျောင်းသား ၃၀၀ မှ ၄၀၀ ခန့်အထိသာရှိသင့်သည်။ ကျောင်းသားနည်းသဖြင့် စီးပွားရေးအရ တွက်ခြေကိုက်ချင်မှ ကိုက်မည်ဖြစ်သော်လည်း တစ်ဦးချင်း အာရုံစိုက်မှုကို ရရှိနိုင်စေပါသည်။ ပညာရေးတွင် အတန်းနှင့် ကျောင်းသားအရွယ်အစားသည် အလွန်အရေးကြီးသည်။ ခေတ်မီနိုင်ငံကြီးများတွင် ကျောင်းသား ၁၂ ဦးလျှင် ဆရာ တစ်ဦးနှုန်းအချိုးဖြင့် သင်ကြားလေ့ရှိကြသည်။

ကျောင်းကြီးများသည် မူကြိုမှ ၁၂ တန်းအထိထားလေ့ရှိကြသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အားလုံး ထားသည့် သဘောဖြစ်သည်။ မိဘများအနေဖြင့် အတန်းအရွယ်အစား၊ ဆရာနှင့် တပည့်အချိုးတို့ကိုကြည့်ပြီးမှသာ ကျောင်းအပ် သင့်ပါသည်။

၁၀။ ပုဂ္ဂလိကကျောင်း အကျိုးကောင်း

ပုဂ္ဂလိကကျောင်းများပေါများလာခြင်းသည် တက္ကသိုလ် ကောလိပ်များအတွက်လည်း များစွာအထောက်အကူပြုသည်။ ထိရောက်သော သင်ကြားမှုများဖြင့် လေ့ကျင့်ပျိုးထောင်ခြင်းခံလာရသည့် လူငယ်များသည် လူ့ဘောင်အတွက်လည်း များစွာအကျိုး ပြုနိုင်ပါသည်။ ပုံသေမဟုတ်သည့် သင်ကြားမှုဖြင့် ပညာရေးကိုလည်း ဆန်းသစ်စေနိုင်သည်။ အပြိုင်အဆိုင်ရှိခြင်းသည် တိုးတက် ခြင်းကိုဖြစ်စေသည်ဆိုသည့်မူကို လက်ကိုင်ထားပြီး ပုဂ္ဂလိကကျောင်းများကို အားပေးသင့်ပါသည်။

ပုဂ္ဂလိကကျောင်းများကို အဘယ်ကြောင့်ထားသင့်သနည်း

ပုဂ္ဂလိကကျောင်းများကို ဖွင့်ခွင့်ရှိသည့်နိုင်ငံများတွင် မိမိတို့ သားသမီးများကို အဘယ်ကြောင့် ထိုကျောင်းများတွင် သွားထား ရမည်ဆိုခြင်းနှင့်ပတ်သက်၍ ဝေခွဲမရဖြစ်တတ်ကြသည်။ သေချာသည့်အချက်ကတော့ အရည်အချင်းပြည့် ဆရာကောင်းတွေကို မက်မောကြသည်။ ထိုကျောင်းမှထွက်လျှင် တက္ကသိုလ်၊ ကောလိပ်များက မျက်စိကျတတ်ကြသည်၊ အပိုဘာသာတွဲများကို ဂရုစိုက် သင်ကြားပေးကြသည်၊ အားကစားများ လှုပ်ရှားကြရသည်။ ငွေကုန်ကြေးကျ ခံရသည်နှင့် ထိုက်တန်သည်ဆိုသည့်အချက်များက အဓိကဖြစ်မည်ထင်သည်။ အချက် ၅ ချက်ဖြင့် ဆွေးနွေးကြည့်ပါမည်။

၁။ စာသင်ခန်းအရွယ်အစား

ပုဂ္ဂလိကကျောင်းများကို မိဘများနှစ်သက်ရခြင်းသည် စာသင်ခန်းအရွယ်အစားကြောင့်ဖြစ်သည်။ အတန်းအရွယ်အစားကို တတ်နိုင်သမျှချုံ့ထားကြပြီး ကျောင်းသားဆရာအချိုးမှာ ၈ အချိုး ၁ နှုန်းလောက်ဖြစ်လာကြသည်။ စာသင်ခန်းတွင် အများဆုံး သင်ကြားပေးသည့် ကျောင်းသားဦးရေမှာလည်း ၁၀ ဦးမှ ၁၅ ဦးခန့်သာဖြစ်သည်။ ကျောင်းသားဆရာအချိုးနည်းမှုနှင့် အတန်း အရွယ်အစားချုံ့နိုင်မှုတို့သည် အဘယ်ကြောင့်အရေးပါလာရပါသနည်း။ လူငယ်ဆိုသည်မှာ စိတ်မတည်ငြိမ်၊ တစ်နေရာတည်းတွင် အချိန်ကြာကြာထိုင်နေရလျှင် ငြီးငွေ့လာတတ်သည်။ အကူးအပြောင်း အလှည့်အပြောင်း အာရုံပြောင်းရခြင်းကို နှစ်သက်သည်။ သူတို့စိတ်ကို ဖမ်းစားနိုင်သည့်သူမျိုးကိုသာ အထင်ကြီးလေးစားတတ်သည်။

ပုဂ္ဂလိကကျောင်းအများစုသည် အများကျောင်းသား ၂၅ ဦးခန့်ကိုသာ စာသင်ခန်းအတွင်းထားရန်ကြိုးစားလာပြီး၊ တစ် ကျောင်းလုံးရှိ ကျောင်းသားဦးရေကိုလည်း ၃၀၀ မှ ၄၀၀ ခန့်အထိ သာ ထိန်းထားလေ့ရှိကြသည်။ ပုံမှန်အားဖြင့် အစိုးရကျောင်းများ သည် အနိမ့်ဆုံးကျောင်းသားထောင်ချီပြီးထားလေ့ရှိကြသည်။

၂။ ပညာရည်မြင်မားပြီး သင်ကြားမှုကျွမ်းကျင်သည့်ဆရာများ

ပုဂ္ဂလိကကျောင်းများရှိဆရာများသည် မိမိတို့သင်ကြားမည့် ဘာသာရပ်အတွက် အနည်းဆုံး ထိုဘာသာရပ်နှင့်ပတ်သက်သည့် ပထမဘွဲ့တစ်ခုခုရရှိထားကြသူများဖြစ်ကြသည်။ များသောအား ဖြင့် ပုဂ္ဂလိကကျောင်းရှိ ဆရာ ၇၀ နှင့် ၈၀ ရာခိုင်နှုန်းခန့်သည် ဘွဲ့လွန်မာစတာဘွဲ့တစ်ခုခု သို့မဟုတ် အခြားဘွဲ့တစ်ခုခုကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။ ပုဂ္ဂလိကကျောင်းအုပ်သို့မဟုတ် ဌာနမှူးတစ်ဦးဦးသည် အရည်အချင်းပြည့်ဆရာ ဆရာမများကို ငှားရမ်းအသုံးပြုနိုင်ရန် ကြိုးစားအားထုတ်လေ့ရှိသည်။ ကျွမ်းကျင်သည့် ဆရာ ဆရာမများ မိမိတို့ကျောင်းတွင်ရှိရေးသည် ကျောင်းအတွက် သေရေးရှင်ရေးတမျှ အရေးပါလှသဖြင့် ဆရာကောင်းကောင်းကို ဈေးကောင်းကောင်းဖြင့် လိုက်လံရှာဖွေတတ်ကြသည်။

ပုဂ္ဂလိကျောင်းတွင်အမှုထမ်းကြရသည့်ဆရာများ၏ ပြဿနာမှာ စည်းကမ်းအတိုင်း အတင်းအကျပ်မကိုင်ရဲခြင်းဖြစ်သည်။ ကျောင်းသားကို ရိုက်နှက်ဆုံးမရန် လုံး၀လုပ်ခွင့်မရှိ။ ကျောင်းသားနှင့် မိဘက မကျေနပ်၍တိုင်လျှင် မိမိရာထူးနှင့် အလုပ်ကိုထိခိုက် နိုင်သဖြင့် စည်းကမ်းအတိုင်းကိုင်ရခြင်းထက် မျက်နှာသာရအောင် သင်ရခြင်းကများသည်။

၃။ ခေတ်မီ သင်ထောက်ကူပစ္စည်းကောင်းများထားနိုင်ခြင်း

စာကြည့်တိုက်၊ မာလ်တီမီဒီယာစာသင်ခန်းများသည် ရုပ်ပြသက်သက်ဖွင့်ထားခြင်းမဟုတ်။ လက်တွေ့အသုံးပြုနိုင်ရန် အမှန် အကန်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ကျောင်းရှိကွန်ပျူတာများသည် မှန်လုံခန်းအတွင်း အလှပြရုံသက်သက်မဟုတ်။ မသုံးလျှင် မဖြစ်လောက်အောင် အနေအထားကို ဖန်တီးပေးထားသည်။ ဘာသာရပ်တစ်ခုနှင့်ပတ်သက်ပြီး စာကြည့်တိုက်တွင်ရှာခိုင်းသည်၊ အင်တာနက်တွင် ရှာဖွေ၍ရမှန်းသိအောင်လုပ်ထားသည်။ သုတေသနပြုလုပ်ရန်၊ စာတမ်းရေးရန်၊ ပရောဂျက်စသည်ဖြင့်ခေါင်းစဉ် တပ်ကာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပြန်လည်တင်ပြရှင်း လင်းလာသည့် သင်ကြား သင်ယူမှုမျိုးသည် ပုဂ္ဂလိကကျောင်း များ၏ အသက်သဖွယ်ဖြစ်လာသည်။ မာလ်တီမီဒီယာဆိုသည်မှာ ပုဂ္ဂလိကကျောင်းတိုင်း၏ အဓိကကျပြီး မသုံးမဖြစ်နေရာများဖြစ် လာစေရန် သင်ကြားသင်ယူမှုပုံစံကိုပြောင်းထားသည်။

ပုဂ္ဂလိကကျောင်းများ၏ထူးခြားချက်မှာ အကောင်းစားခံစားမှုများဖြင့် လူနေမှုအဆင့်အတန်းကို မြှင့်ထားနိုင်ရန် ကြိုးပမ်းကြ ခြင်းလည်း ပါဝင်သည်။ နိုင်ငံတကာကျောင်းများတွင် မြင်းစီး သင်တန်းများ၊ ဟော့ကီ၊ ရက်ကက်၊ ဘတ်စ်ကက်ဘော၊ ဘောလုံး၊ လှေလှော်၊ ရေကူး၊ မြားပစ်အစရှိသည့် အားကစားများကိုလည်း အထူးသင်ကြားပေးလေ့ရှိသည်။ အားကစားအတွက် စခန်းသွင်း လေ့ကျင့်ခြင်း၊ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျလေ့ကျင့်ကြရခြင်း၊ ထူးချွန်လျှင် ထူးချွန်သည့်အလျှောက် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားပေးခြင်းများကို ပြုလုပ်ပေးကြသည်။

သင်ရိုးပြင်ပ သင်ကြားခြင်းအဖြစ် ကျောင်းတွင်းလှုပ်ရှားမှုများကို အထက်တန်းအဆင့်တွင် ပြုလုပ်နိုင်ရန် စီမံဆောင်ရွက်ပေး လေ့ရှိသည်။ ကျောင်းသားသည် ကျောင်းစာတစ်ခုတည်းတွင် ထူးချွန်ရန်မဟုတ်။ ဘက်စုံထူးချွန်ရေးဆိုသည်မှာလည်း အပြော မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ကျောင်းတွင်း ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်အဖွဲ့များ၊ ဝါသနာတူအဖွဲ့များကိုဖွဲ့စည်းပေးထားပြီး မိမိတို့ဝါသနာအလျောက် စိတ်ကြိုက်ရွေးချယ်ပါဝင်ခွင့်ရရန်လည်း စီစဉ်ပေးထားသည်။ ဝါသနာနှင့် ဘဝတိုးတက်ရေးအတွက် ကျောင်းသားများ၏ အနာဂတ်မျှော်မှန်းချက်များနှင့်ကိုက်ညီစေရန် အားပေးခြင်း၊ တိုင်ပင်မှုကိုခံယူခြင်း၊ လမ်းညွှန်ပြသခြင်းသည် ဆရာတို့အလုပ်ဖြစ်သည်ဟု အပြည့်အဝ ခံယူထားတတ်ကြသည်။

၄။ ကျောင်းသားတစ်ဦးချင်းအလိုက်ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ် စောင့်ကြည့်အကဲခတ်ခြင်း

ပုဂ္ဂလိကကျောင်းများ၏ အဓိကတာဝန်မှာ မိမိတို့ကျောင်းသားများ တက္ကသိုလ်၊ ကောလိပ်ကျောင်းကောင်းကောင်းသို့ တက် ရောက်နိုင်ရေးဖြစ်သည်။ စာသင်နှစ်တစ်တန်းကုန်လျှင် နောက်တစ်တန်းသို့တက်သွားသည့်ကျောင်းသားများနှင့်ပတ်သက်ပြီး အမူ အကျင့်၊ အလေ့အထ၊ စရိုက်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အားနည်းချက် အားသာချက်များကို လက်ဆင့်ကမ်းကာ အစီရင်ခံစာများဖြင့် လွှဲအပ်သွားလေ့ရှိကြသည်။ တက္ကသိုလ် ကောလိပ် မရောက်မီ ကျောင်းသားတစ်ယောက်၏အခြေအနေကို ကိုယ်တိုင်သိအောင် လုပ်ပေးရခြင်းသည် ပုဂ္ဂလိကကျောင်းများ၏တာဝန်တစ်ခုအနေ ဖြင့်လက်ခံထားကြသည်။

၅။ ကျောင်းသားနှင့် တူသောကျောင်းသား

ပုဂ္ဂလိကကျောင်းများတွင် မိဘများထားရခြင်းအကြောင်း တရားတစ်ခုတွင် စမတ်ကျသော အနေအထိုင် အပြောအဆိုနှင့် ဝတ်စားဆင်ယင်မှုများကြောင့်လည်းဖြစ်နိုင်သည်။ အစိုးရကျောင်းများတွင် ယူနီဖောင်းမဖြစ်မှုများကို ပုဂ္ဂလိကကျောင်းများတွင် အတတ်နိုင်ဆုံးယူနီဖောင်းဖြစ်စေရန် ကြိုးစားအားထုတ်လေ့ရှိသည်။ အနေအထိုင် အပြောအဆိုအခြေခံကအစ လူကြီး လူကောင်း ဆန်စွာ၊ ယဉ်ကျေးစွာပြောဆိုနိုင်ရေးကို ဝန်းကျင်သစ်ဖြင့် ထူထောင်သွားလေ့ရှိသည်။ ကျောင်းတစ်ကျောင်း၏ အနေအထိုင် စမတ်ကျမှုသည် ဂုဏ်သတင်းတစ်ခုဖြစ်စေသည် အထိ ကြိုးစားလေ့ရှိသည်။


ပုဂ္ဂလိကကျောင်းထားမည်လား၊ သိထားသင့်သည့်အချက်များ

၁။ လူချမ်းသာများအတွက်သီးသန့်လား

ကျောင်းအများစုသည် ရှေးယခင်ကတည်းက လူချမ်းသာများအတွက် သီးသန့်ရည်ရွယ်ချက်ဖြင့် ထူထောင်ထားကြသည် မဟုတ်ပေ။ ဆင်းရဲသည့် အလုပ်သမားလူတန်းစားများအတွက် ရည်စူးပြီး ဘာသာရေးအဖွဲ့အစည်းများက ကျောင်းများထူထောင်ကာ စာသင်ကြားပေးခဲ့ကြခြင်းဖြစ်သည်။ နှစ်ဆယ်ရာစုအစောပိုင်း ကာလတွင် ကျောင်းများသို့ လူချမ်းသာများ၏ပတ်သက်မှု ပိုမိုကျယ်ပြန့်လာသည်။ သူတို့၏ထောက်ပံ့ကြေးများယူကာ ရပ်တည်ကြရသဖြင့် ထိုလူတန်းစားအတွက် ပညာသင်ကြားရေးလမ်း ကြောင်းကို တဖြည်းဖြည်းရောက်သွားကြသည်။ သို့ဖြစ်ရာ သီးသန့် ကျောင်းများပေါ်ထွက်လာကြသည်။

၂။ အိမ်စာများခက်

ပုဂ္ဂလိကကျောင်းများသည် အိမ်စာပေးရာတွင် အလွန်ခက်သည်ဟုဆိုလေ့ရှိသည်။ ခေတ်ဟောင်းက မှန်ကောင်းမှန်နိုင်သည်။ ယနေ့ခေတ်တွင် ထိုစနစ်သိပ်မရှိတော့ပေ။ ကျောင်းအလိုက် အိမ်စာပေးသည့်စနစ်များကွာခြားနိုင်သေးသည်။ အချို့အထက် တန်းကျောင်းများ၏ ပညာရေးစနစ်သည် တက္ကသိုလ် ကောလိပ် များထက် ပို၍ခက်သည်ဟု ဝေဖန်သုံးသပ်မှုများရှိသည်။ ဆရာနှင့် စာကြည့်တိုက်၊ အင်တာနက်နှင့် ညနအတသမု ချိတ်ဆက်လုပ်ဆောင်မှုတို့သည် ခေတ်စားလာချိန်တွင် သင်ကြား သင်ယူမှုလမ်းကြောင်း လည်း အတော်လေးပြောင်းလဲသွားသည်။ အချို့ကျောင်းများတွင် ခေတ်မီ ပညာသင်ကြားရေးလမ်းကြောင်းပေါ်သို့ မရောက်သေး သဖြင့် ခက်ခဲသည်ဟု ထင်စရာဖြစ်သည်။ ကျောင်းအလိုက်ကွာ ခြားနိုင်ပါသည်။

အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းတို့၏ ကွာခြားချက်များ

သင်ကြားရေး

လုံးဝကွာခြားမှုရှိသည်။ အစိုးရကျောင်းများသည် နိုင်ငံတော် မှချမှတ်သည့်မူများကို အတိအကျလိုက်နာကြရသည်။ ဘာတွေကို သင်ရမည်၊ မည်သို့သင်ရမည်ဆိုသည်ကအစ အားလုံးလိုက်နာကြရသည်။ ဘာသာရေးနှင့် လိင်ပညာပေးတို့ကို သင်ကြားရန် ကျပ်တည်းစွာတားမြစ်ထားတတ်သည်။ အရာရာကို ပုံသေ ပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များအတိုင်းသာ ဆုံးဖြတ်လေ့ရှိကြသဖြင့် ပုံစံခွက်အတွင်း ရိုက်သွင်းထားသည့်စနစ်ကို အကောင်အထည် ဖော်နေရသော ပုံစံကျဆရာများနှင့်၊ ပုံစံထုတ်တပည့်များကိုသာ မွေးထုတ်ပေးနိုင်သည့် ပညာသင်ကြားရေးဖြစ်သည်။

ပုဂ္ဂလိကကျောင်းများသည် သင်ကြားမှုအောင်မြင်စေရန် စိတ်ကြိုက် ပုံစံထုတ်သင်ကြားပိုင်ခွင့်ရှိကြသည်။ ကျောင်းသား အခြေ အနေအလိုက် ဆုံးဖြတ်သင်ကြားပေးလေ့ရှိသည်။ သို့ဖြစ်ရာ မိဘများကိုယ်တိုင်ကလည်း မိမိတို့သားသမီးအခြေအနေ၊ ကျောင်း၏ သင်ကြားမှုအခြေအနေအလိုက် စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိကြသည်။

တူညီချက်မှာ ကျောင်းနှစ်ကျောင်းစလုံးတွင် အဓိက core subject များဖြစ်ကြသည့် အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံဘာသာရပ်တို့တွင် မသင်မနေရဖြစ်နိုင်သော်လည်း သင်ကြားပုံ သင်ကြားနည်း၊ စေတနာထားပုံထားနည်းတို့ ကွာခြားနိုင်သည်။

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

အစိုးရကျောင်းများတွင် ချွင်းချက်အနည်းငယ်မှအပ ကျောင်းအပ်သူမှန်သမျှ လက်ခံကြရသည်။ အဆိုးအကောင်း ရွေးချယ် ခွင့်မရှိ။ အားလုံးကို အချိန်တန်လျှင် ကောင်းသွားလိမ့်မည် ဆိုသည့်သဘောဖြင့် လက်ခံကြရသည်။

ပုဂ္ဂလိကကျောင်းများတွင် သူတို့စံထားသတ်မှတ်ချက်များ၊ အရည်အသွေးပြည့်မီမှုများ၊ ပညာရည်တော်မှုများအလိုက်သာ စိစစ်လက်ခံလေ့ရှိကြသည်။ လက်မခံလိုသဖြင့် ငြင်းပယ်လျှင်လည်း ဆင်ခြေတက်ခွင့်မရှိ၊ သူတို့ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ် နေသဖြင့် ဝင်ခွင့်ခက်ခဲသည်ဟုဆိုရမည်။

ကျောင်းသားအား အတန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီး စစ်ဆေးချက်များမှာ ကျောင်းနှစ်ကျောင်းစလုံးတွင် တူညီကြသည်။

တာဝန်ယူမှု

အစိုးရကျောင်းများသည် ဌာနဆိုင်ရာ၊ ဒေသဆိုင်ရာအာဏာပိုင်တို့၏ သတ်မှတ်ချက်များအတိုင်းသာ လိုက်နာဆောင်ရွက်လေ့ ရှိကြသည်။ ဥပမာ "ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေး" "လူတိုင်းစာတတ်မြောက်ရေး" စသည်ဖြင့် အကောင် အထည်ဖော်ခိုင်းသည့်အတိုင်း အကောင်အထည်ဖော်ပေးကြရသည်။ အစိုးရမူဝါဒများအတိုင်း လိုက်နာအကောင်အထည်ဖော် နေရသဖြင့် ကျယ်ပြန့်သည့်သဘောဆောင်နေပါသည်။ နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ ပစ္စည်းများကို အသုံးပြုနေကြရသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်ကအစ ဆရာတိုင်း၏တာဝန်တစ်ခုလို ဖြစ်နေသည်။

ပုဂ္ဂလိကကျောင်းများသည် အခြေခံသတ်မှတ်ချက်များ၊ ပညာရေးဆိုင်ရာမူဝါဒများကို လိုက်နာကြရသည်မှန်သော်လည်း လွတ်လပ်မှုရှိကြသည်။ ကျောင်းအာဏာပိုင်အဖွဲ့ကသာ အစိုးရနှင့် ဆက်သွယ်ပြီး ဆောင်ရွက်လေ့ရှိသည်။ သို့သော် ကျောင်းစစ် ဆေးမှု၊ ဆောင်ရွက်မှု၊ ကျောင်းထူထောင်မှု၊ ကျောင်းအဆောက်အအုံပီပြင်မှုတို့အတွက် သတ်မှတ်ချက်များအတိုင်းသာ အားလုံး လိုက်နာကြရသည်။

အသိအမှတ်ပြုခြင်း

အစိုးရကောင်းထွက်များကို ဦးစားပေးလေ့ရှိသည်ဆိုသော်လည်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ပုဂ္ဂလိကကျောင်းထွက် များအပေါ်တွင် ဦးစားပေးလေ့ရှိကြသည်။ တက္ကသိုလ်ကောလိပ် ဝင်ခွင့်များတွင် ကျောင်းအလိုက်မျက်နှာသာပေးမှုများရှိနေဆဲဖြစ် သည်။ သို့သော် တက္ကသိုလ် ကောလိပ်ဝင်ခွင့်နှင့်ပတ်သက်ပြီး တွေ့ဆုံစစ်ဆေးပြီးမှ လက်ခံသည့်မူကိုကျင့်သုံးကြသဖြင့် မိမိတို့ ကြိုးစား အားထုတ်မှုအပေါ်တွင်သာတည်တတ်ပါသည်။

တက္ကသိုလ် ကောလိပ်တက်ရောက်နှုန်း[ပြင်ဆင်ရန်]

အစိုးရကျောင်းထွက်ကျောင်းသားများ တက္ကသိုလ် ကောလိပ်တက်နှုန်းသည် အမေရိကန်နိုင်ငံတွင် ၆၂ မှ ၆၇ ရာခိုင်နှုန်းအတွင်း ရှိသည်ဟုဆိုသည်။

ပုဂ္ဂလိကကျောင်းများမှ အောင်မြင်ပြီးနောက် တက္ကသိုလ် ကောလိပ်တက်နှုန်းသည် ၉၀ မှ ၉၅ ရာခိုင်နှုန်းအတွင်းရှိသည်။

ပညာဆက်လက်သင်နှုန်းကွာခြားချက်သည် ရွေးချယ်မှုစနစ်ကြောင့်လည်းဖြစ်နိုင်ပါသည်။ ကျောင်းဝင်ခွင့်ကန့်သတ်ချက်များ သဖြင့် နာမည်ကြီး တက္ကသိုလ်ကောလိပ်ကျောင်းများသို့ ဝင်ခွင့်ရသည့်ဦးရေ ကွာခြားချက်ဖြစ်နိုင်ပါသည်။

ကျောင်းလခ

အစိုးရကျောင်းဆိုသည်မှာ များသောအားဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ကြရသည့်ကျောင်းများဖြစ်ကြ သည်။ သို့ဖြစ်ရာ ကျောင်းလခကောက်ခံမှု မရှိသလောက်ဖြစ်သည်။ သို့သော် အထက်တန်းအဆင့်တွင်ကောက်ခံမှုများရှိသော်လည်း ပုဂ္ဂလိကကျောင်းများလောက် ကောက်ခံမှုမျိုးမရှိပေ။ အစိုးရကျောင်းဆိုသည်မှာ နိုင်ငံတော်အခွန်ငွေကြေးများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်ကြရသဖြင့် အစိုးရထောက်ပံ့နိုင်မှုပေါ်တွင်သာ တည်မှီနေသည်။

ပုဂ္ဂလိကကျောင်းများသည် ကိုယ်ထူကိုယ်ထ ကိုယ့်အစီအစဉ်ဖြင့်သာ ရပ်တည်ကြရသည်။ ဈေးကွက်လိုအပ်ချက်နှင့် ကောက်ခံ သည့် ငွေကြေးပမာဏတို့ဆက်စပ်နေသည်။ အမေရိကန်နိုင်ငံ၏ ပုဂ္ဂလိကကျောင်းတစ်ကျောင်း တစ်နှစ်ကျောင်းလခစရိတ်မှာ ပျမ်းမျှဒေါ်လာ ၆ç၆၀၀ ခန့်ရှိသည်ဟုဆိုသည်။ ပုဂ္ဂလိကကျောင်းများသည် နိုင်ငံတော်ထောက်ပံ့ငွေယူပြီး ရပ်တည်ခွင့်မရှိပေ။ သို့ဖြစ်ရာ ကိုယ့်ငွေ ကိုယ်ကိုင်သုံးကြရသဖြင့် လွတ်လပ်မှုရှိသည်ဟုဆိုနိုင်သည်။

စည်းကမ်း

စည်းကမ်းနှင့်ပတ်သက်၍ အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းတို့တွင် ကွာခြားချက်များနိုင်သည်။ အစိုးရကျောင်းဟုဆို သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို ကျောင်းသားတိုင်းရပိုင်ခွင့်ရှိသဖြင့် ထင်တိုင်းတင်းကျပ်၍မရပေ။ ကျောင်းစည်း ကမ်းကို လိုက်နာရန်ပြဋ္ဌာန်းပိုင်ခွင့်ရှိသော်လည်း လူ့အခွင့်အရေးနှင့်ပတ်သက်သည် သတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်၍ မရနိုင်ပေ။

ပုဂ္ဂလိကကျောင်းများတွင် မိဘနှင့်ကျောင်း သဘောတူညီ လက်မှတ်ရေးထိုးထားသည့်အတိုင်း စီမံအုပ်ချုပ်ခွင့်ရရှိကြသည်။ ကျောင်းအလိုက် သတ်မှတ်ထားသည့်စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သဖြင့်၊ ထိုစည်းကမ်းများကို မလိုက်နာနိုင်လျှင် ထိုကျောင်းတွင် မထားရုံသာရှိသည်။

လုံခြုံစိတ်ချရမှု

အစိုးရကျောင်းများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်စေရန်အတွက် အထူးကြပ်မတ်လေ့ရှိသည်။ လွတ်လပ်မှုကိုပေးလွန်းသဖြင့် ဥပဒေချိုးဖောက်မှုများအတွက် အပြည့်အဝ အာမခံချက်မပေးနိုင်ဟုဆိုရမည်။

အစိုးရကျောင်းများတွင် လုံခြုံစိတ်ချရမှုကို အထူးဦးစားပေးလေ့ရှိကြသည်။ ကျောင်းပတ်ဝန်းကျင်မှအစ စာသင်ခန်းအဆုံး အနီးကပ်စောင့်ကြည့်မှုစနစ်များကို စီစဉ်ထားတတ်ကြသည်။ ကျောင်းသားဦးရေလည်းနည်းပြီး တစ်စုံတစ်ခုပြဿနာပေါ်ပေါက် လာလျှင် ရှင်းရန်မလွယ်သောကြောင့်ဖြစ်သည်။

ဆရာအရည်အသွေး

အစိုးရကျောင်းများတွင် ဆရာများအတွက် ပညာရည်သတ်မှတ်ချက်သည် ပုံသေဖြစ်သည်။ သတ်မှတ်ထားသည့်ဘာသာရပ် အတွက် သတ်မှတ်ထားသည့်ဘွဲ့ရ ဆရာကိုခန့်ထားပြီး သင်ကြားပေးခြင်းဖြစ်သည်။ ဆရာ၏ ပညာအရည်အသွေးသည် ထိုဆရာ အပေါ်တွင်သာ မူတည်သည်။ ဆက်လက်ပညာရှာနိုင်သလို မရှာဘဲရပ်တန့်ထားပြီး သိသလောက်လေးနှင့် သင်နေ၍လည်း ပြဿနာမရှိနိုင်ပေ။

ပုဂ္ဂလိကကျောင်းများတွင် သင်ကြားမည့်ဆရာများသည် အနည်းဆုံး ဘာသာရပ်ဆိုင်ရာ ဘွဲ့တစ်ခုခု၊ ဆရာအတတ်သင် အတွက် လက်မှတ်တစ်ခုခုရှိမှသာ ခန့်အပ်လေ့ရှိကြသည်။ ပညာအရည်အချင်းအပေါ်မူတည်ပြီး လစာ၊ အခွင့်အရေးပေးမှု တို့လည်း ကွာခြားသွားနိုင်သည်။ အထူးသဖြင့် ဘာသာရပ်တစ်ခုခုတွင် မာစတာဖြစ်သူများကိုသာ ဦးစားပေးရွေးချယ်လေ့ရှိသည်။

ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်များ

ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများသည် ၂၀၀၀ ပြည့်နှစ် ခန့်ကစပြီး သိသာထင်ရှားလာသည်။ သို့သော် အဓိကပြောင်းလဲရ မည့် ကဏ္ဍများတွင် ပညာရှင်များ နှုတ်ဆိတ်နေကြသေးသည်ကိုတွေ့ရသည်။ ထိုကဏ္ဍများမှာ - ကျောင်းတစ်နေ့တက်ချိန်နှင့် စာသင်နှစ်ကာလ

- ကျောင်းဆင်းပြီး ကျူရှင်ပြေးကြရခြင်း

- တက္ကသိုလ်ကောလိပ်တက်ရန် အမှတ်ဖြင့်ရွေးချယ်ခံကြရမှု

- အတန်းအရွယ်အစား

- ဆရာများအရည်အသွေး

- ပညာရေးသင်တန်းများလိုအပ်ခြင်း

- ပညာရည်အမြဲထပ်မြှင်နိုင်ရန်လိုအပ်ခြင်း

- လုပ်ငန်းတွင်မြဲစေမည့် လစာနှင့်ခံစားခွင့်

- အရည်အသွေးအလိုက် ချီးမြှင့်မြှောက်စားမှု

- အရည်အသွေး စံမမီသည့်ဆရာများအားထုတ်ပစ်ခြင်း

- ကျောင်းများတွင် အမှန်တကယ်ကွန်ပျူတာနှင့် အင်တာနက်သုံးစွဲနိုင်မှု

- အထက်တန်းအဆင့်အောင်ပြီးနောက် အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိဘဲ ပညာရေးဆုံးခန်းတိုင်သွားရမှု - ကျောင်းနေအရွယ်ကလေးများ လုပ်ငန်းများထွက်လုပ်နေရမှု

- ကျောင်းနေအရွယ်ကလေးတိုင်း အမှန်တကယ်ကျောင်းတက်နိုင်ရန် အခြေအနေရှိ မရှိ

- အင်္ဂလိပ်စာကို အလေးပေးသင်ကြားမည်လော၊ တိုင်းရင်း ဘာသာစကားကို အလေးပေးသင်ကြားမည်လော

- လုပ်ငန်းခွင်လက်တွေ့အထောက်အကူပြုပညာရေးလား၊ ကြက်တူရွေးစာရွတ် အလွတ်ကျက်နည်းဦးစားပေးမည်လား - သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များသည် ခေတ်နှင့်အမီ ပြုပြင်ပြောင်းလဲရန် လို မလို

- ပညာရေးတွင် အစိုးရကသာ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုအနေဖြင့် တာဝန်ယူထမ်းထားရခြင်းသည် သဘဝကျ မကျ စသည်တို့ဖြစ် သည်။

ပညာရေးပြုပြင်ပြောင်းလဲရေးဆိုသည်မှာ စီမံကိန်းချပြီး စနစ်တကျလှုပ်ရှားရမည်လုပ်ငန်းရပ်တစ်ခုဖြစ်သည်။ လက်တွေ့ကျ သည့်ပညာစနစ်သို့ သဘာ၀ကျကျပြောင်းလဲရန်လည်းလိုသည်။ ပညာရေးဆိုင်ရာ သဘောတရား၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားပုံ သင်ကြားနည်းစနစ်၊ အရိုးစွဲနေသည့် ပြုပြင်ပြောင်းလဲရန်ခက်သော စိတ်ဓာတ်များ အားလုံးကိုပြုပြင်ပြောင်းလဲနိုင်မှသာလျှင် အောင်မြင် မည်ဖြစ်သည်။

အနောက်တိုင်းပညာရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ ပညာရေးစနစ်သည် အစဉ်အလာ classical education မှ စီးပွားရေးအထောက်အကူပြု၊ အကျိုးပြုပညာသင်ကြားရေးလမ်းကြောင်းသို့ဦးတည်နေပြီဖြစ်သည်။ နည်းပညာနှင့် အတတ်ပညာ ဖြင့် အသိပညာကို မြှင့်တင်ရေးသည် လက်ရှိပညာရေးစနစ်၏ လမ်းကြောင်းသစ်ဖြစ်ကြောင်းကို သဘောပေါက်ထားရန်လိုပါ သည်။

နိုင်ငံတိုင်းတွင် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အလေးထားလာခြင်းသည် နည်းပညာ၊ အသိပညာ ပြုပြင်ပြောင်း လဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်လာသောကြောင့်ဖြစ်သည်။ အတားအဆီး အရံအတားမဲ့လာသော၊ နယ်ခြားမဲ့ကမ္ဘာဖြစ်လာသဖြင့် ကမ္ဘာပြားပြီဟုပင် တင်စားလာကြရသည့်ခေတ်ဖြစ်လာသည်။ ထိုအချိန်တွင် ပြဋ္ဌာန်းခံပညာရေးစနစ်သည် ခေတ်မမီတော့ဟုဆိုရ မည်ဖြစ်သည်။ ပလေတိုက "ကလေးသည် မသင်ယူချင်လျှင် သင်ကြား၍မရ" ဟုဆိုခဲ့ပါသည်။ သင်ကြားချင်ရန်အားထုတ်ခြင်း၊ သင်ယူနိုင်ရန် စီစဉ်ပေးခြင်းတို့သည် မျက်မှောက်ခေတ်စိန်ခေါ်ချက်များဖြစ်လာသည်။

မျက်မှောက်လောကတွင် စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုများနှင့် ဒီမိုကရေစီလမ်းကြောင်းပွင့်လာခြင်းသည် ပညာရေးကို ပိုပြီးအရှိန်မြှင့်တင်ပေးရန်လိုပြီဟု အားလုံးကနားလည်လာကြသည်။ စာဖတ်တတ်ရန်မဟုတ် လက်တွေ့အသုံးချတတ်ရန်ဖြစ်သည်။ ကလေးများကျောင်းသို့လာရခြင်းရည်ရွယ်ချက်သည် လက်ပိုက်ပြီး စာရွတ်ပြရန်မဟုတ်၊ လွတ်လပ်စွာပညာရှာရာတွင် လမ်းပြမှု (Guide) ကိုလိုချင်သဖြင့် လာရောက်ကြခြင်းသာဖြစ်ရမည်။ ဆရာသည် မိမိကိုယ်တိုင်က လမ်းပြနိုင်သည့်အရည်အချင်း ရှိ မရှိသည်လည်း မျက်မှောက်ခေတ်ပညာရေးတွင် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ ကွန်ပျူတာဖြင့် အင်တာနက်တွင် သိလိုသည်များကို ရှာဖွေရကောင်းမှန်းသိနေသည့်ကလေးကို ကွန်ပျူတာကို ကိုင်၍ပင် မကြည့်ဘူးသည့်ဆရာက မည်သို့ Guide လုပ်ကြမည်ကိုလည်း ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။

အစဉ်အလာပညာရေးတွင် နစ်မြုတ်နေကြသည့် ဆရာများ ရင်ဆိုင်ကြရမည့်မေးခွန်းများမှာ

- ဘယ်သူ့ကို သင်မှာလဲ (Who)

- ဘာကို သင်မှာလဲ (What)

- ဘယ်နေရာမှာ သင်မှာလဲ (Where)

- ဘယ်အချိန်မှာ သင်မှာလဲ (When)

- ဘာကြောင့် သင်မှာလဲ (Why) ဆိုသည့် "ဘ" ငါးလုံး သို့မဟုတ် "W" ငါးလုံးပြဿနာဖြစ်သည်။

ယနေ့မိမိတို့ သင်ကြားရမည့်ကလေးများသည် မိမိတို့ငယ်စဉ် ကျောင်းသားဘဝ ကလေးအရွယ်နယ်ပယ်များနှင့် မတူညီတော့ ကြောင်း သဘောပေါက်ထားရမည်။ ကွန်ပျူတာ အင်တာနက်ခေတ်ဆိုသည်ကို သဘောမပေါက်ထားလျှင် အိပ်ပျော်နေသူများ ဖြစ်နေပေလိမ့်မည်။

ဖတ်စာအုပ်ပါ ကျောင်းစာများကို အလွတ်ရွတ်ခိုင်းနေရမည့် အချိန်မဟုတ်တော့။ ဖတ်စာအုပ်ပါစာများကို "၏" "သည်" မရွေ့ ပြန်ရေးပြနေသူများကို ဂုဏ်ထူးပေးပြီး ချီးမြှောက်ရမည့်ခေတ်လည်းမဟုတ်တော့။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို တည်ဆောက်နေပါသည်ဟု ဆိုနေချိန်တွင် ကြိမ်ကိုင်ပြီး စာရွတ်ခိုင်းမည့်အစား ကိုယ်တိုင်လည်းသိ၊ သိအောင်လည်းကူညီ၊ ခေတ်မီ သည့်ဆရာများသာဖြစ်သင့်ပါသည်။ ငါဘာကိုသင်မှာလဲဆိုသည့် မေးခွန်းသည် ဆရာတိုင်းအတွက် စိန်ခေါ်ချက်ဖြစ်သည်။

ကျောင်းဆိုသည်မှာ ကျောင်းသားများကို တစ်နေ့တာပိတ်လှောင်ခွင့်ပြုထားသည့်နေရာမဟုတ်။ ကျောင်းသို့ကလေးများ လာရောက်ခြင်းသည် သံတံခါးဝင်းအတွင်း ဝင်လိုက်သည်နှင့် စိတ်မွမ်းကျပ်သွားရန်အတွက် မဖြစ်စေသင့်ပေ။ ကျောင်းဆိုသည်မှာ ငါတို့ သိလိုသမျှ၊ တတ်လိုသမျှ၊ သင်ယူလိုသမျှ စိတ်ချမ်းသာစွာဖြင့် ပျော်ရွှင်စွာဖြည့်ဆည်းပေးနိုင်သည့် နေရာတစ်ခုအဖြစ် ကလေးများရှုမြင်နိုင်ရမည်ဖြစ်သည်။ အင်တာနက်ခေတ်တွင် စာသင်ခန်းမလိုပါ။ အိမ်တွင်ထိုင်ပြီး ပညာရှာနိုင်ပြီဖြစ်ကြောင်း သဘောပေါက်ထားကြရန်လိုပါသည်။

နံနက် ၉ နာရီမှ၊ ညနေ ၃နာရီခွဲ လေးနာရီခန့်အထိ စာဖတ်၊ စာရေး လွတ်လပ်ခွင့်မပေး စာသင်ခန်းအတွင်း ပိတ်လှောင်ထား ခြင်းသည် တရားမျှတမှုရှိနိုင်မည်ထင်ပါသလား။ ဖွံ့ဖြိုးရေးနှင့် လက်တွေ့ချိန်ဆိုသည်မှာ ဆရာကပေးမှ ရနိုင်သည့်ကျောင်းသား များဘဝနှင့်ပညာရေးစနစ်ကို ခေတ်မီသည်ဟုဆိုနိုင်ပါသလား။ ပညာရှာမှီးချိန်ဆိုသည်မှာ ကန့်သတ်ထား၍မရနိုင်။ သူမလိုချင် သည့်အချိန်တွင် ပေး၍မရ။ သူလိုချင်သည့်အချိန်တွင် ဆရာကမရှိ ဆိုသည့်ပြဿနာအတွက် မည်သို့အဖြေရှာမည်နည်း။ နိုင်ငံတကာတွင် အင်တာနက်ဖြင့် အချိန်မရွေး ဆရာနှင့်ဆွေးနွေးဆက်သွယ်ရနေချိန်တွင် ဝတ်ကျေတန်းကျေ သတ်မှတ်ချိန်လာ၊ ပြီးလျှင်ပြန်စနစ်ဖြင့် ပညာခေတ်ကို ထူထောင်နိုင်မည်မထင်ပေ။

ပညာသင်ကြားရခြင်းရည်ရွယ်ချက်သည် စာတတ်မြောက်ရန်ဟု မျက်စိမှိတ်ပြောနေရမည့်အချိန်မဟုတ်တော့ပေ။ အသိဉာဏ် ရှိရန်၊ ရှိလာသည့်အသိဖြင့် ကောင်း ကျိုး ဆိုး ပြစ် အမှားအမှန် ပိုင်းခြားဝေဖန်သုံးသပ်နိုင်စွမ်းရှိရန်၊ လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ဝေဖန်ဆွေးနွေးနိုင်ခွင့်ရှိကြစေရန်၊ ကိုယ်ပိုင်စိတ်ကူးအတွေးများဖြင့် တီထွင်ဖန်တီးနိုင်ကြစေရန် စသည့် အကြောင်းအချက်များစွာကိုလည်း ထည့်တွက်ကြရပေလိမ့်မည်။ "ကျောင်းနေပျော်၍ စာတော် ရမည်" ဆိုခြင်းမှာ သေးသိမ်သည့် အသွင်ဆောင်လာပါသည်။ သင်သူများက သိအောင်ဦးစွာလုပ်ပြီး၊ အမှန်တကယ်သိသူများဖြင့် ဦးဆောင်သည့် ခေတ်ရောက်မှ သာလျှင် ပညာခေတ်ဟူ၍ ကြွေးကြော်သင့်ပါသည်။