ပီမိုးနင်း နီတိများ

ဝီကီပီးဒီးယား မှ

ပီမိုးနင်း နီတိများကို ပီမိုးနင်း ရေးသားခဲ့သည်။[၁]

ကြီးပွားတိုးတက်ချမ်းသာရေး[ပြင်ဆင်ရန်]

၁။ ကြီးပွားတိုးတက်ရန်အားသည် ဝီရိယ နှင့် ချွေတာခြင်း ဖြစ်သည်။

၂။ လက်သမားကောင်း၏ အရင်းအနှီးမှာ စူး၊ ဆောက်ကောင်းများ ဖြစ်ဘိသကဲ့သို့ စာအုပ်များမှာ တိုးတက်ကြီးပွားသူတို့၏ အရင်းအနှီးလက်နက်ကောင်းများ ဖြစ်ပေသည်။

၃။ ဝီရိယကိုထုတ်၍ လုပ်ရသမျှလေးစု မကြာမီ အထုပ်ဖြစ်မည်။ အထုပ်မဖြစ်မီ ထုတ်၍ မပစ်ရ။

၄။ ခြေဖဝါးအောက်၌ မြေကြီးကို ချွေးရေကလေး လောင်းလိုက်လျှင် ပဒေသာပင် ထွက်ပေါ်လာနိုင်သည်။

၅။ ကမ္ဘာပေါ်တွင် စွဲမြဲခြင်းလောက် တန်ခိုးကြီးသော အရာမရှိ။

၆။ တက်မ၏ အမိန့်ကို နားမထောင်သူသည် ကျောက်ဆောင်၏ အမိန့်ကို နားထောင်ရ၏။

၇။ အပြောသန်လျှင် အလုပ်ညံ့သည်ဟူသော စကားသည် နိုင်ငံရေးသမားများအတွက်သုံးသောစကား ဖြစ်သည်။

၈။ ကြီးပွားတိုးတက်လိုလျှင် ပညာဉာဏ် လွန်စွာကြီးဖို့မလို၊ စေ့စပ်သေချာဖို့သာ လိုသည်။

၉။ ပေါ့ပေါ့စား၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့လုပ်နေသမျှ မတိုးတက်နိုင်။

၁၀။ လူမှန်လျှင် အစွမ်းရှိ၏။

၁၁။ သူဋ္ဌေးမြန်မြန်ဖြစ်လိုလျှင် မြန်မြန်ဆင်းရဲတတ်၏။

၁၂။ ငါသည် ငါ၏အဖော်ဖြစ်၏၊ ငါ၏ လမ်းစဖြစ်၏၊ ငါ၏ ခိုကိုးရာဖြစ်၏၊ ငါ၏ အဖော်ကောင်းဖြစ်၏၊ ငါ့ထက်ဘယ်သူမှ ငါ့ကို မကယ်နိုင်။

၁၃။ အခက်အခဲသည် စိတ်သဘောကြီးမားရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများ ဖြစ်ကြ၏။


၁၄။ အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကို မကြောက်။

၁၅။ အားလုံးကြီးပွားနည်းမှာ အမျိုးသားအလုပ်ဟူသမျှ အသင်းဖွဲ့၍ ထားအပ်ခြင်း ဖြစ်သည်။

[၁]

လူမှုရေး[ပြင်ဆင်ရန်]

၁။ ပညာကြီးလျက် လူပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူ များစွာရှိကြလေသည်။

၂။ ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။

၃။ မှန်ကန်ခြင်း၌ အဖော်မလို။

၄။ လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင်ရှိလေရာ ငါသိလှပြီ ငါတတ်လှပြီဟု ထင်နေသူများသည် မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်း ဖြစ်သည်။

၅။ အမိန့်ကို ကောင်းစွာနာခံတတ်မှ အမိန့်ပေးသူ အဖြစ်သို့ ရောက်နိုင်၏။ အမိန့်ကို သုန်မှုန်စွာ နားထောင်သူသည် ကျွန်နှင့်တူ၏။ ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။

၆။ မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ဝန်လေးခြင်း မရှိရအောင် သတိထားရမည်။

၇။ အရာရာ၌ မလွန်ကျူးခြင်း၊ လျင်မြန်ထက်မြက်ခြင်း၊ ဝီရိယရှိခြင်း ဤသုံးခုသည် အကြီးဆုံးသော အားဖြစ်လေသည်။


၈။ တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်။ အဘယ်အရာကို လုပ်ပါဟု ပြောမည့်အစား လုပ်လျင် ဘယ်အကျိုးမျိုး ဖြစ်မည်ကို ပြောရမည်။

၉။ သိလိုသောစိတ်သည် ဂရုစိုက်သောစိတ် ဖြစ်၏။ ဂရုစိုက်ခြင်းသည် အရေးယူခြင်း၊ လေးစားခြင်းပင် ဖြစ်လေသည်။

၁၀။ အချိန်ရှိသရွေ့ အမှားကို ပြင်နိုင်၏။[၁]

နိုင်ငံရေး[ပြင်ဆင်ရန်]

၁။ ကမ္ဘာပေါ်တွင် စစ်မက်အေးချမ်းစေလိုလျင် အစည်းအဝေးတွေ ခေါ်နေဖို့မလို၊ အလုပ်၌ စစ်သဘောကို သွင်းပေးဖို့သာ ရှိလေသည်။ အလုပ်တည်းဟူသော စစ်၌ ကျေနပ်ကြသဖြင့် သတ်ပုတ်သောစစ်ကို သွားဖို့ လိုတော့မည် မဟုတ်ပေ။

၂။ တိုင်းနိုင်ငံသည် ခန္ဓာအိမ်နှင့်တူ၏။ အကြောင်းမူကား ဝင်ကုန်များ၍ ထွက်ကုန်နည်းလျင် ဝမ်းချုပ်သေတတ်လေသည်။

၃။ ပါတီများသည် အမျိုးသားနှင့်မဆိုင် ပါတီများသာ ဖြစ်ကြလေသည်။ ပါတီမှာ အမျိုးသားစိတ် မရှိ၊ အမျိုးသားတစ်မျိုးလုံးအတွက်လည်း ပါတီတို့သည် ဂရုမစိုက်၊ ပါတီဟူသော စကားအရ အစိတ်အပိုင်းမျှသာ ဖြစ်လေရာ မိမိတို့ကိုယ်တိုင်နှင့်ဆိုင်သော အစိတ်အပိုင်းတွက်သာလျှင် လုံးပမ်းတတ်ကြလေသည်။

၄။ တစ်ခါတရံ ပါတီအတွင်း၌ အချင်းများကြလေရာ ပါတီ၌ ပါသောသူ တစ်ယောက်စီ တစ်ယောက်စီ ကောင်းစားဖို့မျှသာ ရှာကြံခြင်း ဖြစ်လေသည်။ ဤတွင် တိုင်းပြည်စိတ်နှင့် ပါတီစိတ် ခြားနားခြင်းကို သိနိုင်လေသည်။

၅။ ခြေတစ်ဖက်တည်း လမ်းလျောက်က မဖြစ်နိုင်သကဲ့သို့ တိုင်းပြည်တစ်ခု၏ တိုးတက်မှုသည်လည်း စီးပွားရေးနှင့် နိုင်ငံရေး နှစ်ဘက်စလုံး စွယ်စုံညီမှ ဖြစ်နိုင်လေသည်။

၆။ ကမ္ဘာပေါ်၌ များစွာရနိုင်သော စည်းစိမ်ဥစ္စာတို့သည် အနည်းငယ်မျှသော သူတို့ထံတွင် စုပုံနေသမျှကာလပတ်လုံး လူတို့၏စိတ်မှာ စစ်ကိုသာမက၊ ကမ္ဘာပျက်ဖို့ကို တောင့်တကြပေမည်။

၇။ ကမ္ဘာပေါ်၌ စစ်မက်ရေးရာ မဖြစ်အောင် လုပ်နည်းမှာ လက်နက်လျော့ခြင်းမဟုတ်၊ လက်နက်တွေကို မလုပ်ဘဲနေခြင်းမဟုတ်၊ တိုင်းပြည်၌ ဆင်းရဲသားအပေါင်း၊ အလုပ်သမား အပေါင်းတို့ ကျေကျေနပ်နပ် ချမ်းချမ်းသာသာ ရှိကြဖို့ နည်းလမ်းကို ရှာကြံအပ်ခြင်း ဖြစ်လေသည်။

၈။ ဒီမိုကရေစီအုပ်ချုပ်ရေးသည် အသိပညာ အလိမ္မာရှိ၍ ယဉ်ကျေးပြီးသော တိုင်းပြည်များအတွက် သင့်လျော်သောနည်း ဖြစ်သည်။

၉။ လူငယ်များကို စင်မြင့်ပေါ်တင်၍ အဆဲတရား ဟောခိုင်းခြင်းသည် လူစော်ကားများဖြစ်အောင် ဖန်တီးခြင်းမျှသာ ဖြစ်၏။[၁]

အချစ်ရေး[ပြင်ဆင်ရန်]

၁။ ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏။ မိန်းမကလည်း နည်းနည်းချစ်၏။

၂။ အဖိုးတန်သော မယားကို အဝတ်ကြောင့်မရပေ။ အသုံးအစားကြီး၍ ပလွှားသော မယားကိုသာ အဝတ်နှင့် မြှူ၍ ရပေမည်။

၃။ အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင် ချစ်၏။ မုန်းလျှင် ပစ်၏။ တကယ်ရှိသော အရာမဟုတ်။ ခေတ္တမျှ ကောင်းကင်၌ပေါ်သော တိမ်ရုပ်နှင့် တူ၏။

၄။ အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပိုရူးမိုက်ခြင်း ဖြစ်လေသည်။

၅။ အမြဲတုံးလျက် မသွေးဘဲ ထက်သောဓားသည် လင်ကိုနိုင်သော မိန်းမလျှာ ဖြစ်၏။

၆။ မိန်းမပီသသော မိန်းကလေးသည် အဝတ်၌လည်းကောင်း၊ အပြောအဆို၌ လည်းကောင်း၊ အကြံအစည်၌လည်ကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။

၇။ ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်းကြောင့် ဖြစ်လေသည်။

၈။ မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း၊ စိတ်ကောင်းခြင်း၌သာ တည်၏။

၉။ မိန်းမများ၌ အကြီးဆုံးသော ရန်သူသည် ယုံတတ်သောစိတ် ဖြစ်၏။

၁၀။ အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်လေသည်။

၁၁။ ချစ်သာချစ်စေ မနစ်စေနှင့်။[၁]

စိတ္တဗေဒ[ပြင်ဆင်ရန်]

၁။ မိမိကိုယ်ကို သူတစ်ပါးမျက်စိနှင့် ကြည့်ရမည်။

၂။ အောင်မြင်လိုသူသည် ကံ ဟူသော စကားကို ဖျောက်၍ အလုပ်ဟူသော စကားကို သုံးရမည်။ အောင်မြင်ခြင်း၏ ပထမနည်းသည် အောင်မြင်သောစိတ်၊ အောင်မည်ဟူသောစိတ် ဖြစ်၏။

၃။ စွန့်မှ စားရ၏၊ စားလိုလျှင် စွန့်။

၄။ ပညာအပေါင်း၌ စိတ်ပညာသည် အမြတ်ဆုံး ဖြစ်၏။ မိမိစိတ်ကိုမိမိ သိမြင်ခြင်းသည် အဖိုးအတန်ဆုံး ဖြစ်ပေသည်။

၅။ ကိုယ်ကိုယ်တိုင် အပြစ်အနာအဆာ ကင်းအောင် နေဖို့ လွန်စွာ အရေးကြီး၏။

၆။ ကာယဗလ စွမ်းသူတို့သည် စိတ်အားလည်း စွမ်းကြလေသည်။

၇။ ပန်းပဲသမားသည် သံကိုမီးပူပူ ရှိစဉ်မှထု၍ ရတတ်၏။ သံအေးမှ ထုချေက လိုရာကိုထု၍ မရသည့်ပြင် အကျိုးပျက်စီးတတ်စေ၏။

၈။ အတတ်ပညာ တစ်ခုခု၌ အပင်အပန်းမခံဘဲနှင့် ကျော်ကြားခြင်း အထွတ်သို့ မရောက်နိုင်ပေ။[၁]

စာပေနှင့် ပညာရေး[ပြင်ဆင်ရန်]

၁။ လူလုပ်ခြင်း၌ သတင်းစာဖတ်ခြင်းသည် ပထမလိုအပ်သော အရေးဖြစ်သည်။

၂။ စာများကို ဖတ်ခြင်းသည် စာအတွက်မဟုတ်၊ လောကကြီး အကြောင်းနှင့် ပက်သက်၍ အမှန်ကို သိလိုသောစိတ်နှင့်ဖတ်ခြင်း မျှသာဖြစ်၏။

၃။ သတင်းစာစောင်ရေ များလာလေလေ၊ တိုင်းပြည်၌ မသိမလိမ္မာသူ နည်းပါးလေလေ။

၄။ ပညာဆိုသည်မှာ ကျောင်းစာကို ဆိုလိုသည် မဟုတ်ပေ။ မိမိအသက်မွေးမှု တစ်ခုခုကို အများထက်ပို၍ အားလုံးထက် ထူးချွန်အောင် တတ်ချေက တန်ခိုးပင် ဖြစ်လေသည်။

၅။ အိပ်ရာနား၌ စာအုပ်ကိုထား၊ အိမ်က အလုပ်ရပ်၍ အချိန်အတိုအစ၊ အိပ်ရာထ၊ အိပ်ရာဝင်၊ လည်ပတ်သွားလာရာမှာ ၎င်းအချိန်များတွင် စာအုပ်တစ်အုပ် အမြဲပါလျှင် လိုရာပညာကို တစ်နှစ်ကိုးလနှင့် ရနိုင်၏။

၆။ လွန်ပြီးသော အချိန်သည် နောက်ဆုံးထွက်သော စာပို့ရထားကြီးနှင့် တူ၏။

၇။ မိမိနှင့် အနီးစပ်ဆုံးသော ပညာတစ်ခုခု၌ စိတ်ကို အကုန်သွင်းလေ။

၈။ အမျိုးမျိုးတတ်ချင်သောသူသည် မည်သည့်အရာမှာမျှ တော်လိမ့်မည် မဟုတ်။

၉။ ကမ္ဘာပေါ်၌ တစ်ခုကောင်းသမားများသာ ကျော်စောနိုင်သည်။

၁၀။ တစ်နေ့လျှင် ၈ နာရီပြည့်အောင် အိပ်ပျော်လျှင် တစ်နေ့လုံး မရပ်မနားဘဲ ကြံလေ၊ ရေးလေ၊ သင်လေ၊ အံလေ၊ ဦးနှောက်မပျက်နိုင်၊ အပျော်အပါး၌ ကျူးလွန်ခြင်းသာလျှင် ဉာဏ်အား စိတ်အား ကိုယ်အား ဆုတ်ယုတ်စေ၏။[၁]

ကျန်းမာရေး[ပြင်ဆင်ရန်]

၁။ အသက်ရှည်လိုက ရောဂါဝေဒနာ အကြောင်းကို မတွေးရ။

၂။ သောကပူပင်ခြင်းဆိုသည်မှာ အပိုသက်သက်ဖြစ်လျက် အသက်အန္တရာယ်ကို ဖြစ်စေ၏။

၃။ အသက်ကိုသာ ဉာဏ်စောင့်သည်မဟုတ်၊ ကျန်းမာခြင်းကိုလည်း ဉာဏ်စောင့်သည်။

၄။ အစားကြူးခြင်းသည်လည်း အသက်တိုခြင်း၏ အကြောင်းတစ်ခု ဖြစ်လေသည်။

၅။ ကာယဗလကောင်း၍ လျင်မြန်ထက်မြက်သူတို့မှာ ဘယ်အရာမဆို ဖြစ်မြောက်အောင် ကြံစည်လုပ်ကိုင်နိုင်ကြလေသည်။

၆။ ရိုးရိုးသားသား အသက်ကို မှန်မှန်မွေးလျက် ဘယ်အရာမှာမှ မလွန်ခြင်းသည် ကျန်းမာခြင်းအတွက် နည်းကောင်းဖြစ်လေသည်။

၇။ အပျော်ကြောင့် ညဉ့်နက်ခြင်းသည် စရိတ်ရော အသက်ပါ ကုန်စေသည့်နည်း ဖြစ်လေသည်။

၈။ စိတ်မှာသန့်ရှင်းခြင်းသည် ကိုယ်၏ သန့်ရှင်းခြင်းကို ဖြစ်စေလျက်၊ စင်ကြယ်ခြင်းမှာ ကျန်းမာခြင်းကို ဖြစ်ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။