ပီတာ ကာရင်တန်

ဝီကီပီးဒီးယား မှ
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ကာရင်တန်

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လော့ဒ်ကာရင်တန်(၆ ဇွန် ၁၉၁၉ – ၉ ဇူလိုင် ၂၀၁၈)ကို ၁၉၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် မွေးဖွားသည်။ လော့ဒ်ကာရင်တန်သည် အိတန်ကောလိပ်နှင့် ဆင်းဟပ် ကောလိပ်များတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အိတန်ကောလိပ်၏ အဖွဲ့ဝင်လူကြီးတစ်ဦးဖြစ်လာသည်။ ထို့နောက် ဥပဒေပညာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ဗြိတိသျှမှူးမတ်တစ်ဦးအဖြစ် ဂုဏ်ပြုချီးမြှင့်ခံရပြီး ဗြိတိန်နိုင်ငံ၏ သူရဲကောင်းဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ကို ရရှိခဲ့သည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ဗြိတိသျှတပ်မတော်သို့ ဝင်ရောက်၍ စစ်မှုထမ်းခဲ့သည်၊ ဗြိတိသျှစစ်သူရဲကောင်းတံဆိပ် ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှတပ်မတော်မှ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။

ထိုနောက် နိုင်ငံရေးဘက်သို့ ဝင်ရောက်၍ ပါလီမန်အမတ် အဖြစ် ရွေးကောက်ပွဲဝင်သည်။ ကွန်ဆာဗေးတစ်အစိုးရ လက်ထက်များတွင် အထက်တန်းရာထူးကြီးများကို လက်ခံတာဝန်ယူခဲ့သည်။ ပါလီမန်အထက်လွှတ်တော်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၅၁-၅၄ ခုနှစ်အထိ လယ်ယာနှင့် ငါးလုပ်ငန်းဌာနဝန်ကြီး အဖြစ်လည်းကောင်း၊ ၁၉၅၄-၅၆ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၅၆-၅၉ ခုနှစ်အထိ ရေတပ်ဆိုင်ရာ မဟာမင်းကြီး အဖြစ်လည်းကောင်း၊ ၁၉၆၄-၁၉၇ဝ ပြည့်နှစ်အထိ ပါလီမန် အထက်လွှတ်တော်တွင် ကွန်ဆာဗေးတစ်ပါတီကို ခေါင်းဆောင်၍ အတိုက်အခံအမတ်အဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့လေသည်။

၁၉၇ဝ ပြည့်နှစ်တွင် ကွန်ဆာဗေးတစ်ပါတီ အာဏာပြန်လည်ရရှိပြီး အစိုးရအဖွဲ့ဖွဲ့နိုင်သောအခါတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် စွမ်းအင်ဆိုင်ရာဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၇၂-၁၉၇၄ ခုနှစ်တွင် ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၇၄ ခုနှစ်တွင် ပါလီမန်တွင် အတိုက်အခံခေါင်းဆောင် ဖြစ်လာသည်။ ၁၉၇၉ ခုနှစ် ဗြိတိန်ပါလီမန် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ ပြန်လည်အနိုင်ရရှိလာ သောအခါ လော့ဒ်ကာရင်တန်သည် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗြိတိသျှဓနသဟာယရေးရာဆိုင်ရာ ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူရသည်။ လော့ဒ်ကာရင်တန်တွင် ဇနီးနှင့် သားသမီးနှစ်ယောက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)