ပိုနေမြဲ ကျားနေမြဲ

ဝီကီပီးဒီးယား မှ

"'ပိုနေမြဲ ကျားနေမြဲ ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မောင်ပိုနှင့် ကျားသည် မူလနေမြဲ အတိုင်း ဖြစ်သွားကြ သကဲ့သို့ မူလ အနေအထားကို မပြောင်းလဲဘဲ နဂိုနေမြဲ အတိုင်း ရှိနေသည်။

နောက်ခံပုံပြင်[ပြင်ဆင်ရန်]

ရှေးသရောအခါ တောအုပ်တစ်ခုအနီးတွင် အဘိုးအိုနှင့် အဘွားအို လင်မယားနှစ်ယောက်တို့သည် တဲကလေးထိုးကာနေထိုင်ကြသည်။ တနေ့တွင် အဘိုးအိုသည် ဟင်းရွက်ရှာသွားရင်းနှင့် မွေးကာစ ကျားကလေး တစ်ကောင်ကို တွေ့ရသောကြောင့် သနားချစ်ခင်စွာဖြင့် တဲသို့ ပြန်ယူလာကာ သားသမီးအမှတ် မွေးမြူထားလေသည်။ ထိုကျားကလေး အနည်းငယ်ကြီးလာသောအခါ တောစပ်အနီးတွင် သံလှောင်ချိုင့် တစ်ခုထဲသို့ သွင်း၍ အစာရေစာ ကျွေးကာ စောင့်ရှောက်ခဲ့၏။ ထို သံလှောင်ချိုင့်အနီးတွင် ယာခင်းတစ်ခုရှိသည်ဖြစ်ရာ မောင်ပိုဟု အမည်ရှိသော လူတစ်ယောက်သည် ယာခင်း၏ အလုပ်များကို လုပ်ကိုင်ရင်းဖြင့် ကျားကလေးနှင့် ရင်းနှီးလာလေ၏။ ကျားကလေးသည် လူတို့နှင့် ယဉ်ပါးနေသည် ဖြစ်ရာ လူတို့၏ အပြုအမူနှင့် လူတို့၏ စကားကိုလည်း အနည်းငယ်နားလည်၍ ပြောတတ်ဆိုတတ်သည်လည်း ရှိလေသည်။


တစ်နေ့သောအခါတွင် မောင်ပိုသည် ယာထွန်လျက်ရှိစဉ် ကျားက “မောင်ပို မောင်ပို”ဟု အော်ခေါ်၏။ မောင်ပိုက လှမ်းကြည့်လျှင် ကျားက ခေါင်းညိတ်၍ ပြသည်။ မောင်ပိုသည် ကျားက သူ့အနားလာဖို့ ခေါ်တာဖြစ်မည်ဟု တွေးကာ ထွန်ကိုရပ်၍ ကျားလှောင်အိမ်အနီးသို့ ရောက်လာ၏။ ထိုအခါ "မောင်ပို... တံခါးဖွင့်”ဟု ပြောသည်။ "တံခါးဖွင့်လို့ ဘယ်ဖြစ်မလဲ၊ ကျားဆိုတဲ့သတ္တဝါက လူတို့ရဲ့ ရန်သူပဲ။ ကိုက်သတ်ရင် ဘယ်နဲ့လုပ်မလဲ” ဟုပြော၏။ ကျားက မောင်ပို “ဒီထဲမှာနေရတာ ငါသိပ်ညောင်းတယ်။ အပြင်ထွက်ပြီး ငါလမ်းလျှောက်ချင်တယ်။ ဖွင့်ပေးပါ။ မင်းကိုငါ ဘာမှ မလုပ်ပါဘူး။” ဟု ကျားက အတန်တန်ပြောသည်။


မောင်ပိုသည် ကျားစကားကို ယုံကြည်စွာ လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်လျှင် ကျားသည် အပြင်သို့ ရောက်သည်နှင့် မောင်ပိုကို တွန်းလှဲကာ ခြေထောက်ကိုခဲ၏။ ထိုအခါ မောင်ပိုက “မင်း ငါ့ကို ဘာမှ မလုပ်ဘူးဆိုလို့ လှောင်အိမ်တံခါးကို ငါဖွင့်ပေးတယ်။ မင်း ကတိမတည်ဟု ပြောစဉ် ယုန်ငယ်တစ်ကောင်က သူတို့နားသို့ ရောက်လာကာ “ဘာဖြစ်နေကြတာလည်း”ဟု မေးသည်။ မောင်ပိုက ကျားနှင့် သူ့အဖြစ်ကို အစအဆုံး ပြောပြသည်။


ယုန်သည် မောင်ပို ပြောပြသည်ကို နားစိုက်ထောင်ပြီးသည့်နောက် “ကောင်းပြီ ငါအဆုံးအဖြတ်ပေးမည်။ ဒီလို မဖြစ်ကြခင်က ကျားဘယ်မှာ နေသလည်း ငါ့ကိုပြပါ။” ဟု ဆိုလျင် မောင်ပိုက ကျားကို လှောင်ချိုင့်ထဲသို့ သွင်းကာ တံခါးကို အပြင်မှ ပိတ်လျက်နေပြသည်။ မောင်ပိုကလည်း ယာထဲသို့သွားကာ ယာထွန်နေသည့်ဟန်ကို ပြသည်။ ထိုအခါ ယုန်က တရားအဆုံးအဖြတ်ပေးသည်မှာ မောင်ပိုသည်လည်း ယာကို ထွန်မြဲထွန်စေ၊ ကျားသည်လည်း လှောင်အိမ်ထဲ၌ပင် နေမြဲနေစေဟု ဆုံးဖြတ်ကာ ထွက်သွားလေသတည်း။ (ဤပုံပြင်လာ စကားကို ရည်မှတ်၍ “ပိုလည်း နေမြဲနေစေ၊ ကျားသည်လည်း နေမြဲနေစေ”ဟု ဆိုခဲ့ရာမှ ပိုနေမြဲ ကျားနေမြဲ ဟူသော စကားပုံ ဖြစ်ပေါ်လာရလေသည်ဟု ဆိုသည်။)

  • (ဝိစိတြာလင်္ကာရ စကားပုံ ဆုံးမစာမှ) [၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ဗိုနေမြဲ ကျားနေမြဲ

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ကြည်ဦး၊ မြန်မာစကားပုံ ပုံပြင်များ၊ ၂၀၁၈၊ မတ်လ (တတိယအကြိမ်) စာ-၄၄