ပိတောက်ပန်း (ကဗျာ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပိတောက်ပန်း ကဗျာကို အမျိုးသားစာဆို ဆရာ ဇော်ဂျီ ရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ ကျောင်းချစ်ဟူသော ကလောင်ဖြင့် ရေးသားခဲ့သည်။ အရေးအဖွဲ့ ၊ စိတ်ကူးစိတ်သန်း ဆန်းသစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ ခေတ်ဆန်းမြန်မာစာသည် ပိတောက်ပန်းမှ ဆင်းသက်သည်ဟုပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကဗျာစာသား[ပြင်ဆင်ရန်]

မခူးချင်စမ်းပါနဲ့

နှစ်ဆန်းခါတော်မီမို့

ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလည်းလေ လောကီသားလိုပါ့

ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပါ့

ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပါ့ သတိဆွယ်

ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့

မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။