ပါလိလေယျက

ဝီကီပီးဒီးယား မှ

ပါလိလေယျက သည် မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်တွင် သီတင်းသုံးတော်မူစဉ်အခါအခါ တပည့်ရဟန်းတို့၏ မညီညွတ်မှုကို အကြောင်းပြုကာ ပါလိလေယျယတောအုပ်၌ တစ်ပါးတည်း သီတင်းသုံးတော်မူသည့်အချိန်တွင် မြတ်စွာဘုရားအား လုပ်ကျွေးပြုစုခဲ့သည့် ဆင်မင်း ဖြစ်သည်။[၁]

ပါလိလေယျက[ပြင်ဆင်ရန်]

ဆင်အပေါင်းနှင့် နေရသည့် ဆင်းရဲကို သည်းမခံနိုင်သဖြင့် ပါလိလေယျကဆင်မင်းသည် ထိုတောအုပ်တွင် တစ်ကောင်းတည်း နေ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ကောသမ္ဗီပြည်တွင် တပည့်ရဟန်းတို့၏ မညီညွတ်မှုကို အကြောင်းပြုကာ ပါလိလေယျယတောအုပ်၌ တစ်ပါးတည်း သီတင်းသုံးတော်မူ၏။ ထိုဆင်မင်းသည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်တို့ကို ပြုစုလုပ်ကျွေးတော်မူ၏။[၁]

သီတင်းဝါလကျွတ်သည့်အခါ အသျှင်အာနန္ဒာသည် ရဟန်းငါးရာနှင့်အတူ မြတ်စွဘုရားကို ပင့်တော်မူ၏။ ထိုအခါတွင်လည်း ပါလိလေယျကသည် သစ်သီးကြီးငယ်တို့ဖြင့် ရဟန်းတို့အား လုပ်ကျွေးလေ၏။ ထို့နောက်တွင် မြတ်စွာဘုရားသည် သပိတ်၊ သင်္ကန်းတို့ကို ဆောင်ယူလျှက် တောတွင်းမှ ကြွ၏။ ထိုအခါ ပါလိလေယျကဆင်သည် ရဟန်းတို့၏ အကြားအကြားမှ သွားကာ မြတ်စွာဘုရားရှေ့မှ ကန့်လန့်ရပ်လေ၏။ ထိုအခါ မြတ်စွဘုရားသည် "ပါလိလေယျက၊ အခု ငါဘုရားကြွခြင်းသည် မပြန်မလှည့်သော ကြွခြင်းဖြစ်၏၊ သင့်မှ ဤဘဝ၌ ဤခန္ဓာကိုယ်ဖြင့် ဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်တရားများကို ရနိုင်ခွင့်မရှိ။ သင်သည် ဤနေရာ၌ပင် နေရစ်တော့လော့" ဟု မိန့်တော်မူ၏။[၁]

ထိုအခါ ဆင်ကြီးသည် ခံတွင်းထဲသို့ နှာမောင်းကို ထည့်ကာ ငိုကြွေးစိုးရိလျက် မြတ်စွာဘုရား၏ နောက်မှ တကောက်ကောက်လိုက်လေ၏။ ရွာအနီးသို့ ရောက်သည့်အခါတွင် မြတ်စွာဘုရားက လူတို့နေရာအရပ်သည် အန္တရာယ်ရှိကြောင်၊ ဤနေရာတွေင် နေရစ်ခဲ့ရန် ပြောကြားလေ၏။ ဆင်ကြီးလည်း ထိုနေရာ၌ပင် မြတ်စွာဘုရားရှင်ကို ဖူးမြော်ရင်း ကျန်ခဲ့၏။ မြင်နိုင်ရာအရပ်မှ ဘုရားရင် ပျောက်ကွယ်သွားသည်နှင့် နှလုံးကွဲကာ သေဆုံးခဲ့သည်။ ဘုရားရှင်အား ကြည်ညိုစိတ်ဖြင့် သေဆုံးခဲ့သဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်ခဲ့သည်။[၁]

နတ်သားဘဝ[ပြင်ဆင်ရန်]

ပါလိလေယျကနတ်သား၏ ရွှေဗိမာန်သည် ယူဇနာ သုံးဆယ်ကျယ်ပြန့်၏။ အခြံအရံနတ်သမီး တစ်ထောင်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ် ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ ရန်ကုန်မြို့: အလင်းသစ်စာပေ။