ပါစပက်တစ်ရေးဆွဲနည်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပါစပက်တစ်ရေးဆွဲနည်း[ပြင်ဆင်ရန်]

ပန်းချီပညာသည် ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာက စတင်ခဲ့ကြောင်းကို ကမ္ဘာဦးက ဂူနံရံပေါ်၌ ရေးခြစ်ထား ခဲ့ကြ သော ရုပ်ပုံအထောက်အထားများအရ သိရှိခဲ့ကြ ရသည်။ သို့သော် ပါစပက်တစ်ရေးဆွဲနည်းသည်မူ ၁၅ ရာစုခေတ် လောက်ကမှ စည်းကမ်းဥပဒေနှင့် စနစ်တကျ ဖြစ်လာလေ သည်။ ပါစပက်တစ်ရေးဆွဲခြင်းဟူသည် အနီးအဝေး၊ ရှေ့နောက် အမြင်သဘောကိုလိုက်၍ ရေးဆွဲခြင်းဖြစ်သည်။ ပါစပက် တစ် ရေးဆွဲခြင်းသည် ဥရောပပန်းချီစနစ်တစ်ခုဖြစ်သည်။ နံရံ၊ စက္ကူ စသည်တို့ကို အနီးအဝေးအလိုက် မြင်ရပုံအ တိုင်း ရေးဆွဲ ပြသခြင်းဖြစ်သည်။ ပုံစံအားဖြင့် မီးရထားသံလမ်းနှစ်ဘက်သည် မျဉ်းပြိုင် ပြုလုပ်ထားသဖြင့် မည်သည့်အခါမှ သံလမ်းတစ်ဖက် နှင့် တစ်ဖက်သည် တွေ့ဆုံမည်မဟုတ်ချေ။ သို့သော် ရှည်လျား သော မီးရထားလမ်းတစ်လျှောက်ကို လှမ်းမျှော်ကြည့်သည့်အခါ၊ သံလမ်းနှစ်ဘက်တို့သည် အဝေးသို့ရောက်လေ၊ တစ်ဖက်နှင့် တစ်ဖက် အနီးကပ်လေဟု ထင်မြင်ရကာ၊ တနေရာတွင် တစ်ဖက်နှင့် တစ်ဖက် တွေ့ဆုံကြသည်ဟု ထင်မြင်ရသည်။ ထိုပြင် ရှည်လျားဖြောင့်တန်းသောလမ်းတလျှောက်ရှိ အရွယ် တူညီသော သစ်ပင်၊ သို့မဟုတ် ကြေးနန်းတိုင်များကို ကြည့် ပါ။ ကြည့်နေသူနှင့် နီးကပ်သော သစ်ပင် သို့မဟုတ် ကြေး နန်းတိုင်တို့ကို ယင်းတို့၏ မူလအရွယ်အစားအတိုင်း တွေ့ရ သော်လည်း ကြည့်နေသူနှင့် အလှမ်းကွာဝေးသွားလေလေ၊ သစ်ပင်၊ ကြေးနန်းတိုင်တို့သည် ငယ်၍ ငယ်၍ သွားတတ် ပြီးလျှင်၊ မျက်စိတဆုံးတနေရာတွင် အစက်အပြောက်ကလေး များသာဟု ထင်မြင်ရတော့သည်။ ဤကား ပါစပက်တစ် သဘောတည်း။ ဤသဘောအတိုင်း စက္ကူ သို့မဟုတ် နံရံ စသော အပြားအပြင်ပေါ်တွင် နီးÝဝေးÝအမြင်အတိုင်း ရေးဆွဲ တင်ပြခြင်းကို ပါစပက်တစ် ရေးဆွဲခြင်းဟု ခေါ်လေသည်။ ပါစပက်တစ် ရေးဆွဲခြင်းတွင် စည်းကမ်းဥပဒေသများရှိ သေးသည်။ အရေးပါသော စည်းကမ်းချက်များ အနက် အမှတ်တစ်မှာ အလျားလိုက် မျဉ်းတို့သည် ကြည့်နေသူ၏ အဝေးသို့ ရောက်သွားလေလေ၊ အပေါ်သို့ ထော်ထက် စွေစောင်းသွားသည်ဟူ၍၎င်း၊ အောက်သို့ လျှောကျ စွေစောင်း သွားသည်ဟူ၍၎င်း ထင်မြင်ရသည်။ ကြည့်နေ သူ၏ မျက်စိ အမြင်အားဖြင့် မျက်စိနှင့် တစ်ပြေးတည်း ရှိနေသည့် မျဉ်းများအနက် အပေါ်ဘက်မှ အလျားလိုက် မျဉ်းများသည် အောက်သို့ လျှောက်စွေစောင်း၍၊ အောက် ဘက်မှ အလျားလိုက် မျဉ်းတို့သည် အပေါ်သို့ ထောင်တက် စွေစောင်းတက်လာသည်။ စည်းကမ်းချက် အမှတ်နှစ်မှာ ကြည့်နေသူနှင့် ဝေးလေလေ အပေါ်အောက်မျဉ်းတို့သည် အောက်သို့၎င်း၊ အပေါ်သို့၎င်း အသီးသီးပို၍ စွေစောင်း သည်။ စည်းကမ်း အမှတ်သုံးမှာ မျဉ်းပြိုင်ဖြစ်နေသော အလျားလိုက် မျဉ်းတို့သည် ကြည့်နေ သူနှင့် ဝေးလေလေ၊ မျဉ်းတစ်ခုနှင့် တစ်ခု နီးကပ်ကာ တစ်နေရာတွင်တွေ့ဆုံ ကြသည်ဟု ထင်ရသည်။ စည်းကမ်းချက် အမှတ်လေးမှာ ထောင်လိုက်မျဉ်းတို့သည် ကြည့်နေသူနှင့် ဝေးသွားလေလေ၊ ပိုပြီး နိမ့်၍ နိမ့်၍ သွားသည်ဟု ထင်ရ ပြီးလျှင်၊ တစ်ခုနှင့် တစ်ခု အကွာအဝေးသည် ပိုပြီး နီး၍နီး၍ သွားသည်ဟု ထင်ရသည်။ ယင်းတို့ကား ပါစပက်တစ် အခြေခံ သဘောတရားများ ဖြစ်သည်။ အလျားလိုက်လည်းမဟုတ်၊ ထောင်လိုက်လည်း မဟုတ်သော မျဉ်းများ၊ အရိပ်ထင်ခြင်းများ စသည်တို့နှင့် စပ်လျဉ်းသော စည်းကမ်း ဥပဒေများလည်း ရှိသေးသည်။ ဖော်ပြပါ စည်းကမ်းဥပဒေများကို အတိအကျဖြစ်စေရန် ဂဏာန်း သင်္ချာနည်းများနှင့်လည်း တွက်ချက်ယူ၍ ရသည်။ သို့သော် ဆိုခဲ့သော စည်းကမ်းဥပဒေတို့သည် တစ်နေရာ တည်းတွင် တည်ငြိမ်စွာကြည့်ရှုမြင်ရချက် အတွက်ဖြစ်သည်။ စိုးစဉ်းမျှ နေရာပြောင်းလိုက်လျှင်ပင် အမြင်တစ်မျိုးပြောင်းသွား လေသည်။ ဆိုခဲ့သော ပါစပက်တစ် စည်းကမ်းဥပဒေများကို ထုတ်ခဲ့သူများကား ၁၅ ရာစုနှစ်က ထင်ရှားသော ပန်းချီ ကျော်ကြီးများ ဖြစ်ကြသည့် အီတာလျံလူမျိုး လီယိုနာဒို ဒါဗင်ချိနှင့် ဂျာမန်လူမျိုး အားဗရက်ဒျူရာတို့ ဖြစ်ကြသည်။ ရှေးရှေးခေတ်က ပန်းချီလက်ရာကို ဂူနံရံများ၌ ရှေးဦးစွာ ထင်ရှားခဲ့သူများ ဖြစ်ကြသော ရှေးအီဂျစ်နှင့် အဆီးရီးယန်း လူမျိုးတို့ကား ပါစပက်တစ်သဘောတရားကို မသိကြသေးပေ။ ရှေးဂရိနှင့် ရောမလူမျိုးတို့သည်မူ အတော်အတန် သဘော ပေါက်လာသည့် အထောက်အထားများ တွေ့ရသည်။ သို့သော် ဥရောပအလယ်ခေတ်တွင် ပါစပက်တစ် ရေးဆွဲခြင်းသဘောကို အလေးတမူ အရေးတယူ မပြုကြဘဲ မေ့မေ့ ပျောက်ပျောက် ထားခဲ့ကြသည်။ အီတာလျံရီနေဆွန်း ခေတ်တွင်မှ ပါစပက်တစ် သဘောတရားကို ပြန်လည် ဖော်ထုတ်၍ အရေးတယူ ပြုလာ ကြသည်။ အီတာလျံပန်းချီ ကျော်တစ်ဦးဖြစ်သော ကော်ရက် ဂျိုအားလည်း ထိုနည်းအတူ ယူဆကြသည်။ ထိုခေတ်က ပါစပက်တစ်စံနစ် အလွန်ခေတ်စား ခဲ့ရာ အချို့ပန်းချီကျော်တို့၏ လက်ရာ ပန်းချီကားတို့မှာ ပါစပက်တစ်သဘောကို ပြသည့် ပန်းချီကားမျိုးချည်းသာ ဖြစ်ခဲ့လေသည်။ ယခုခေတ်တိုင်အောင် ပန်းချီကျော် တစ်ဦးဖြစ်လိုလျှင် အခြေခံသင်ကြားဆည်းပူး၍ နိုင်နင်း တတ်မြောက် ထားရန် လိုအပ်သော ပန်းချီစနစ်တစ်ခု ဖြစ်နေသည်။ သို့သော် ယခုထက် စံနစ်သစ် ပန်းချီများကို လေ့လာ လိုက်စားသူတို့အဖို့ကား၊ ပါစပက်တစ် ရေးဆွဲ နည်းကို လေ့လာဆည်းပူးရန် လိုအပ်ချင်မှ လိုအပ်ပေမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )