ပါဂျောင်လူသတ်ပွဲ

ဝီကီပီးဒီးယား မှ

ပါဂျောင်လူသတ်ပွဲ ဆိုသည်မှာ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် မြန်မာပြည်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း)တွင် ဖြစ်ပွားသော လူသားချင်းစာနာမှုကင်းသည့် သတ်ဖြတ်မှုကြီးဖြစ်သည်။ မြောက်ပိုင်းလူသတ်ပွဲ ဟုလည်း လူသိများသည်။

ဖြစ်စဉ်အစ[ပြင်ဆင်ရန်]

ပါဂျောင်စခန်းတွင် စစ်သင်တန်းအပတ်စဉ်(၅) ဖွင့်သည့်အခါ ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြား ဝင်လာသည်။ သင်တန်းမဖွင့်မီ မြန်မာပြည်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကချင်ပြည်နယ်) ကို မြန်မာပြည်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အမှတ်(၇၀၁)တပ်ရင်း အဖြစ် သတ်မှတ်လိုက်သည်။

သင်တန်းကာလတွင် အတွင်းရေးမှူး မျိုးဝင်းနှင့် သင်တန်းသားများအကြား သဘောထားကွဲလွဲမှု ဖြစ်သည်။ တပ်တွင်းခန်းမဆောင်တွင် ရင်း(၇၀၁) ၏ နောက်ကျန်ရဲဘော်ရဲမေများနှင့် အပတ်စဉ်(၅) မှ သင်တန်းသားများ တွေ့ဆုံပွဲလုပ်ကာ ဆွေးနွေးကြသည်။ သင်တန်းသားများက မကျေနပ်မှုများအား တယောက်တပေါက်ပြောကြရာ မျိုးဝင်းက ဖြေရှင်းခြင်းမပြုတော့ဘဲ တွေ့ဆုံပွဲ ရုပ်သိမ်းသည့်အတွက် မကျေလည်မှုများ ပြင်းထန်လာသည်။

ထိုကာလတွင် ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်း၊ ညီညီကျော် စသည့် ကျောင်းသားခေါင်းဆောင်များ မြောက်ပိုင်းဗဟိုသို့ ရောက်လာသည်။ သင်တန်းပြီးဆုံးသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းလဲရန် ညှိနှိုင်းမှုများပြုလုပ်ကာ ဥက္ကဋ္ဌနှင့် ကော်မတီဝင်သစ်များ ရွေးချယ်သည်။ ထွန်းအောင်ကျော်ကို ဥက္ကဋ္ဌအဖြစ် အများက ရွေးချယ်ကြသည်။ မျိုးဝင်းကို ကော်မတီဝင်အဖြစ် မဲမပေးကြသော်လည်း ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်သည်။ သို့သော်လည်း ကွဲပြားနေသည့်စိတ်အခံကြောင့် မျိုးဝင်းနှင့် သံချောင်းဦးဆောင်သည့် ပြည်မသားများ၏အုပ်ချုပ်မှုအား မခံလိုသည့် မကဒတ(ကချင်)အဖွဲ့သားဟောင်းများက တစ်စင်ထောင်ကာ ဥက္ကဋ္ဌ ထွန်းအောင်ကျော်နှင့် အခြားပြည်မသားတို့အား စွပ်စွဲဖမ်းဆီးမှု စတင်တော့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ထွန်းအောင်ကျော် အပါအဝင်၊ ညီညီ၊ ခရက်ဒီအောင်သန်း စသည် ထိပ်သီ:(၉)ယောက်ကို ဖမ်းဆီးလိုက်သည်။

ထောက်လှမ်းရေးသူလျှိုဟူသောခေါင်းစဉ်မှာ ၁၉၉၁ နှစ်လယ်ပိုင်း၊ (၅၀၁)ရင်းမှူး သိုက်ထွန်းဦး၏ အနီးကပ်ရဲဘော် စိုးမင်းအောင် တပ်ပြေးရာမှ စသည်။ ထိုတပ်ပြေးအား ပြန်လည်ဖမ်းဆီးလာပြီးနောက် သူလျှိုဖြစ်ကြောင်း ဝန်ခံစေသည်။ ထိုမှတဆင့် အခြားအမည်များဖော်စေရာ စတင်ဖမ်းဆီးသည့် ၁၉၉၁ ခုနှစ် ဩဂုတ်လမှစ၍ လူ(၁၀၀)ကျော် ရှိလာသည်။ တရုတ်ရဲများက မြန်မာကျောင်းသားများအား လက်နက်ဖြင့် ယင်ကျန်းတွင် ဖမ်းမိပြီး ပါဂျောင်သို့ ပြန်ပို့ရာမှ စသည်ဟူသော ဇာတ်လမ်းကွဲလည်း ရှိသည်။[၁] ယင်းနောက် လူလှိုင်းစစ်ဆင်ရေးဟူသော အမည်ဖြင့် အဆိပ်ဖြင့်လုပ်ကြံရေးအဖွဲ့၊ လက်နက်အဖွဲ့နှင့် ဆက်သွယ်ရေးအဖွဲ့ဟူသော အဖွဲ့များဖွဲ့ကာ မြို့ပြအလွှာစုံမှလူများအား စေလွှတ်ကာ ကျောင်းသားတပ်မတော်အား ပြိုကွဲစေရန် အစိုးရထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်သည်ဟူသော ဇာတ်လမ်းထွင်၍ ဖမ်းဆီးခြင်း ဖြစ်သည်။[၂]

သူလျှိုဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ထိုသူလျှိုမှုကြီးအား အ မှုမှန်ဖော်ထုတ်နိုင်ရန် အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။[၃]

ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့ဝင်များ[ပြင်ဆင်ရန်]

  • အတွင်းရေးမှူး အောင်နိုင် (အထွေထွေအတွင်းရေးမှူး)
  • ဗိုလ်မှူး သံချောင်း(ခ)မြင့်စိုး(ခ)စပ်ခွန်ကျော် (ဗဟို စစ်ရေးတာဝန်ခံ)
  • ဗိုလ်ကြီ: မျိုးဝင်း (တွဲဘက် အထွေထွေအတွင်းရေးမှူး ၁၊ ဒုတိယ စစ်ရေးတာဝန်ခံ)
  • တပ်ကြပ်ကြီး သန်းဇော်(ခ)တစ္ဆေကြီး (ဗဟို ထောက်လှမ်းရေးတာဝန်ခံ)
  • တပ်ကြပ်ကြီး ဇော်ဇော်မင်း (ဗဟို ထောက်လှမ်းရေး)
  • ဒုတပ်ကြပ် အောင်စိုးမြင့် (ဗဟို ထောက်လှမ်းရေး)
  • တပ်ကြပ်ကြီး ကျော်ထင်ဦး (ဗဟို ထောက်လှမ်းရေး)
  • ရဲဘော် မောင်ထွေး
  • ရဲဘော် ဖိုးနှောင်း
  • ရဲဘော် သက်လင်း(ခ)စပ်ခွန်လင်း
  • ရဲဘော် မောင်ငယ်
  • ရဲဘော် နိုင်စော

စစ်ကြောရေးအဖွဲ့ဝင်များ[ပြင်ဆင်ရန်]

  • ဗိုလ်ကြီး လှဆိုင်း(ခ)လှဆောင်(ခ)ဒူလဝါဆိုင်း (တွဲဘက် အထွေထွေအတွင်းရေးမှူး ၂)
  • စိန်အေး (ကချင်ဒေသ ခရိုင်မှူး)
  • အောင်သန်း (၇၀၁ ရင်းမှူး)
  • သက်ထွန်း (တပ်ခွဲမှူး)
  • စောရင်ထွေး (တပ်ခွဲမှူး)
  • သိုက်ထွန်းဦး (၅၀၁ ရင်းမှူး)
  • ရဲလင်း (ရန်ကုန်ဒေသ ခရိုင်မှူး)
  • ညီညီကျော် (မန္တလေးဒေသ ခရိုင်မှူး)

ထောင်တာဝန်ခံ[ပြင်ဆင်ရန်]

  • ဒုအရာခံဗိုလ် အောင်မင်း
  • တပ်ကြပ်ကြီး ထိန်လွန်
  • တပ်ကြပ်ကြီး အေးမောင်(ခ)လက်သီး
  • တပ်ကြပ်ကြီး စောမြမောင်
  • တပ်ကြပ်ကြီ: လှမျိုးအောင်

အဖြစ်အပျက်အကျဉ်း[ပြင်ဆင်ရန်]

အမိန့်ချနိုင်သည်အထိ နှိပ်စက်စစ်မေးမှုများပြုလုပ်ပြီးနောက် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အဖမ်းဆီးခံများအနက်မှ (၁၅) ဦးကို သေဒဏ်ချကြောင်း အမိန့်စာရသည်။ အဖမ်းဆီးခံများအား ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညနေ (၃:၀၀) နာရီတွင် ညစာကျွေးကာ နာမည်ခေါ်၍ သေဒဏ်ချခံရသူများအား ထုတ်သည်။ ထို့နောက် အာဆန်ကုန်းသို့ မျက်နှာအား အဝတ်အနီစည်းကာ ခေါ်သွားသည်။ သံချောင်းက သေမိန့်အား ဖတ်ပြသည်။ ထို့နောက် ထွန်းအောင်ကျော်ကို မျိုးဝင်းက ခေါင်းဖြတ်သည်။ မခင်ချိုဦးအား မသတ်မီ အဝတ်အစားများချွတ်စေသည်။ ထို့နောက် အဖွဲ့ဝင်များက ခန္ဓာကိုယ်အနှံ့ကိုင်တွယ်ပြီး အားရချိန်၌ သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ တတိယမြောက်ဖြစ်သော မောင်မောင်ကြွယ်အလှည့်တွင် ခေါင်းဖြတ်သည်။ နောက်ထပ် ခေါင်းဖြတ်ခံရသူမှာ ဖရက်ဒီအောင်သန်း ဖြစ်သည်။ ဤသို့ဖြင့် သေနတ်ဖြင့်ပစ်ရန် တောင်းဆိုသူများမှအပ ကျန်သူများကို ဓားနှင့်ပင် အဆုံးစီရင်သည်။

သေဆုံးသူများ[ပြင်ဆင်ရန်]

အဆိုပါလူသတ်ပွဲ၌ သေဆုံးသူများမှာ အောက်ပါအတိုင်း ဖြစ်သည် −

  • မခင်ချိုဦး (ကမာရွတ်)
  • ဌေးမြင့်ဝင်း (ကမာရွတ်)
  • ထွန်းအောင်ကျော် (ခ) မြန်အောင် (မန္တလေး ဂိုစဒါ)
  • အေးသက်လတ် (ခ) အောင်ဖိုး (ရန်ကုန်ဆေးရုံကြီး)
  • ကွန်မန်ဒိုအဖွဲ့ဝင် မောင်မောင် (ကသာ)
  • တပ်ကြပ်ကြီး မတူးတူး (မြစ်ကြီးနား)
  • ကျော်ကျော်မင်း (ကန့်ဘလူ)
  • လှမြင့် (ခ) ဇော်ကြီး (ရန်ကုန်/တပ်ကုန်း)
  • မန္တလေး ဗကသ၊ မြောက်ပိုင်း ဗဟိုကော်မတီဥက္ကဋ္ဌ ထွန်းအောင်ကျော် (မန္တလေး)
  • ရဲဘော် မောင်မောင်ကြွယ် (ရန်ကုန် မင်္ဂလာတောင်ညွန့်)
  • မန္တလေး ယူဂျီတာဝန်ခံ ဖရက်ဒီအောင်သန်း (ခ) ချိုကြီး (မန္တလေး)
  • တပ်ကြပ်ကြီး သောင်းမြင့် (ကျောက်ဆည်)
  • ဗိုလ် သာဓု (ရန်ကုန် မိုးကောင်း)
  • ရဲဘော် အေးမြင့် (ကသာ)
  • သက်နိုင် (ရန်ကုန်၊ စမ်းကြီးဝ)

အပေါ်ဆုံး(၂)ဦ:မှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး အောက်ဆုံး(၇)ဦးမှာ ခေါင်းဖြတ်သတ်ခံရသည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

ဤအဖြစ်အပျက်အား အဓိကတာဝန်ရှိကြောင်း ယူဆကြသည့် ပုဂ္ဂိုလ်အချို့၏ မျက်မှောက်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည် −

  • မျိုးဝင်း (တပ်မတော်နှင့် ထိတွေ့မှုဖြစ်ရာ သေနတ်မှန် သေဆုံးသည်။)[၄]
  • လှဆောင် (ပြန်လည်ထူထောင်သော မြောက်ပိုင်းအဖွဲ့တွင် ပါဝင်ကာ တရုတ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။)[၃]
  • သံချောင်း (မြောက်ပိုင်းဗျူရိုပျက်ရာ ရွက်ဆစ်အဖွဲ့သို့ ဝင်ရောက်၍ တပ်မတော်မှ ဖမ်းဆီးခံရသည်။ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကာ နယ်စပ်သို့ ပြန်လည်နေထိုင်လျက်ရှိသည်။) ရှမ်းနီလက်နက်ကိုင်အဖွဲ့(SNA) ဒုတိယစစ်ဦးစီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း ၂၆-၅-၂၀၂၁ ရက်နေ့တွင် လုပ်ကြံခံရပြီး ၂၇-၅-၂၀၂၁ ရက်နေ့တွင် သေဆုံး့(https://news-eleven.com/article/209017[လင့်ခ်သေ])
  • သန်းဇော် (မြောက်ပိုင်းဗျူရိုပျက်ရာ အလင်းဝင်လာပြီး ထောင်ဒဏ်ကျခံရသည်။ ယခုအခါ မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည်။)[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Bertil Lintner (1992 July) "Loss of Innocence", Far East Economic Review.
  2. ဆမားညီညီ (၂၀၁၂) "ဝံပုလွေများထံမှ လွတ်မြောက်ခြင်း"၊ သုမင်္ဂလ စာပေတိုက်
  3. ၃.၀ ၃.၁ ၃.၂ အောင်မိုးဝင်း၊ "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ"
  4. မောင်မောင် (ကရဝိတ်) (၂၀၀၅) "ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်"၊ ပြည့်စုံ စာအုပ်တိုက်